ရဟတ်ယာဉ်ဝယ်ယူခြင်းအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုပြသက်​သေတစ်ဦးအား စစ်​ဆေး

ရဟတ်ယာဉ်ဝယ်ယူခြင်းအ​ပေါ် ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်အမှုအတွက် တရားလိုပြသက်​သေတစ်ဦးအား စစ်​ဆေး
Published 22 August 2022

ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုပြသက်သေတစ်ဦးအား စစ်ဆေးခဲ့ကြောင်းအမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် သြဂုတ် ၂၂ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်းဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​ကြောင်း သိရသည်။

သြဂုတ် ၂၂ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉နှင့် ၅၀ တို့အနက်မှ ရဟတ်ယာဉ်ဝယ်ယူခြင်းကိစ္စရပ်များအ​​ပေါ် အဂတိဖြင့်တရားစွဲဆိုထားသည့် ရာဇဝတ်ကြီး အမှုအမှတ် ၄၉ အတွက် တရားလိုပြသက်သေတစ်ဦးအား စစ်ဆေးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါအမှုသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကိုအသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာအဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့်ဟုဆိုကာ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အကြောင်းပြချက်ဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ဆောင်ရွက်ခဲ့ရာတွင် သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင်ငှားရမ်းသည့် ကာလအတွက် ​ငွေ​ကြေး​​ပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံ တင်ပြဝယ်ယူခြင်းမရှိဘဲသုံးစွဲခွင့်မရှိသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းများ​ကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေခဲ့သည်ဟုဆိုကာ ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်​ရေးဥပ​ဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်​​သည်။

အထက်ပါအမှုများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်​အောင်ဆန်းစုကြည်တို့ကို သြဂုတ် ၂၃ ရက်တွင် ထပ်မံရုံးထုတ်စစ်​ဆေးရန် ချိန်းဆိုထား​ကြောင်း သိရသည်။

Most Read

Most Recent