ပုံပေါ်လာနေသည့် ဂျွန်ဆင်အလွန်ခေတ် ဗြိတိန်နိုင်ငံရေး

ပုံပေါ်လာနေသည့် ဂျွန်ဆင်အလွန်ခေတ် ဗြိတိန်နိုင်ငံရေး
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ကို အင်္ဂလန် လီဗာပူးမြို့ G-7 နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲအတွင်း တွေ့ရစဉ် (Photo:AFP)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရက်စ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ကို အင်္ဂလန် လီဗာပူးမြို့ G-7 နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးဆွေးနွေးပွဲအတွင်း တွေ့ရစဉ် (Photo:AFP)
Published 13 August 2022
နရီမင်း

စီးပွားရေးမူဝါဒတွင် ကွန်ဆာဗေးတစ်အစိုးရ ဦးတည်လုပ်ဆောင်နေသည်ထက် ပိုမိုဆိုးရွားပြီး လုံးဝကြိုမြင်နိုင်သည့် ယာဉ်တိုက်မှုအနှေးပြကွက်ကို စိတ်ကူးကြည့်ရန်မှာ ခက်ခဲလှပါဘိ။ ငွေကြေးဖောင်းပွမှု မြင့်တက်လာသည့်အကြား ထောင်တက်လာသော စွမ်းအင်စျေးနှုန်းများကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုနှင့် အတိုင်းအတာကိုလပေါင်းများစွာအတွက် ကြိုတင်ခန့်မှန်းထားခဲ့သည်။ သို့သော် ၎င်း၏ခေါင်းဆောင်မှု ယှဉ်ပြိုင်ပွဲတွင် နစ်မွန်းနေသည့် တိုရီပါတီသည် နောက်ဆုံးမိနစ်အထိတိုင် လုံးဝနီးပါးကို ငြင်းဆန် နေဆဲဖြစ်သည်။ လစ်ဇ်ထရက်စ်အပြင် အချို့သော ရှေးရိုးစွဲဝါဒီများလည်း ပါဝင်ပါသေးသည်။

အခြားဘာမျှ မရှိပါလျှင် ထရက်စ်အနေဖြင့် သူ၏ဝန်ကြီးချုပ်ရာထူး မစတင်မီကလေးမှာပင် သူ၏ရာထူးကို ပျက်ပြားသွားစေမည့် အကျိုးသက်ရောက်မှုအခိုက်အတန့်နှင့် မည်မျှနီးကပ်ခဲ့သည်ကို ကြည့်ရန် ပြက္ခဒိန်နှင့် ညှိနှိုင်းတိုင်ပင်သင့်သည်။ ခေါင်းဆောင်မှုပြိုင်ပွဲကို စက်တင်ဘာလဆန်းအထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။ ယင်းအချိန်အထိ ဗြိတိန်တွင် မူဝါဒအပေါ် အာရုံမစိုက်သည့် အိမ်စောင့်အစိုးရ ရှိ‌နေသည်။ ဝန်ကြီးချုပ်အသစ်ကို စက်တင်ဘာ ၅ ရက်၌ ရွေးချယ် သည့်အခါ အစိုးရအဖွဲ့အပြောင်းအလဲများနှင့်အတူ လက်ငင်းနိုင်ငံရေးကိစ္စအဝဝကို ကိုင်တွယ်ရလိမ့်မည်ဖြစ်သည်။ နောက် ၁၀ ရက်အကြာတွင် ပါလီမန်သည် အောက်တို ဘာလလယ်အထိ ရပ်နားမည်ဖြစ်သည်။ သို့သော် စွမ်းအင်စျေးနှုန်း သတ်မှတ်ချက် အသစ်သည် အောက်တိုဘာလ ၁ ရက်တွင် စတင်သက်ဝင်မည်ဖြစ်သည်။

ယင်းစျေးနှုန်းပြောင်းလဲမှုသည် ဗြိတိန်ပြည်တွင်းသုံးစွဲသူများအားလုံးအတွက် စွမ်းအင်အတွက် ငွေကြေးကုန်ကျမှုပမာဏ နှစ်ဆနီးပါး ရှိလာစေမည်ဖြစ်ပြီး ရာသီဥတုအေးလာသောကြောင့် အိမ်ထောင်စုများအနေဖြင့် စွမ်းအင်ကို ပိုမိုသုံးစွဲလာကြရသည့် နှစ်တစ်နှစ်၏အခါသမယလည်း ဖြစ်နေသည်။ စျေးနှုန်းသတ်မှတ်ချက်အတိအကျကို ယခုလနှောင်းပိုင်းတွင် ထုတ်ပြန်ကြေညာမည် ဖြစ်သော်လည်း လက်ရှိ ပေါင် ၁၉၇၁ (ယင်းသည်ပင် မတ်လမတိုင်မီ ကိန်းဂဏန်းထက် ၅၀ ရာခိုင်နှုန်း တိုးလာ)မှ ပေါင် ၃၅၈၂ ဝန်း ကျင်အထိ မြင့်တက်လာမည်ဟု မျှော်လင့်ရသည်။ ထို့နောက် အအေးပိုလာသည့်အခါ ဇန်နဝါရီတွင် ထပ်တက်လာမည်ဖြစ်ပြီး ပေါင် ၄၂၀၀ ကျော်အထိ ဖြစ်နိုင်သည်။ ဤအရာအားလုံး၏ လူမှုရေးနှင့် စီးပွားရေးအရေး ပေါ်အခြေအနေသည် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆက်ရှိနေမည်ဖြစ်ပြီး အဆင်းရဲ ဆုံးပြည်သူများကို အဆိုးရွားဆုံးထိခိုက်စေမည်ဖြစ်သည့်အပြင် အလယ်အလတ်ဝင်ငွေရှိသော အိမ်ထောင်စုများအပေါ်လည်း ကြီးမားသော သက်ရောက်မှုများ ရှိလာမည်ဖြစ်သည်။ ယင်းနှင့်အတူ လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုပါ လိုက်ပါလာနိုင်ပြီး စီးပွားရေးပျက်ကပ်ဆီ ဦးတည်သွားမည်ကို သံသယ ဖြစ်ဖွယ်မရှိပါ။ တိုရီပါတီသည် ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူထုနှစ်သက်မှုရမည့် တစ် စုံတစ်ရာကို လုပ်ဆောင်နိုင်မည့်ပုံလည်း မပေါ်ပေ။

ထိုအရာအားလုံးကို ရင်ဆိုင်ရပါက အစိုးရအနေဖြင့် အရေးပေါ်လုပ်ဆောင်ချက်များအား ကြိုတင်ကာကွယ်လုပ်ဆောင်လိမ့်မည်ဟု ယူဆခြင်းမှာ ကျိုးကြောင်းဆီလျော်ပုံရပါ၏။ ယင်းသည် ဆင်ခြင်တုံတရားနှင့် ညီသော တုံ့ပြန်မှုဖြစ်ပါ၏။ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်ကလည်း ယင်းကဲ့သို့ ဖြစ်လာရန် မျှော်လင့်ထားကြောင်း ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ သို့သော် ထ ရက်စ်မူကား ယခုတိုင် ယင်းကဲ့သို့ပြောဆို ခြင်း မပြုသေးပေ။ စွမ်းအင်စျေးနှုန်းကိစ္စများကို ကိုင်တွယ်ရေးအတွက် ထောက်ပံ့ငွေများ ထုတ်ပေးရန် ထရက်စ်က ငြင်းဆိုထားသော်လည်း ဝင်ရောက်စွက်ဖက်ခြင်း ပြုရေးမပြုရေးနှင့် ပတ်သက်၍ ၎င်းအနေဖြင့် ချီတုံချတုံ ဖြစ်နေဆဲဖြစ်သည်။ မန်ချက်စတာတွင် သြဂုတ် ၁၀ ရက်က ထပ်ခါတလဲလဲ ပြောခဲ့သည့် သူ၏ ယုံကြည်ချက်ကို အခြေခံသည့် အဓိက မက်ဆေ့ချ်မှာ အခွန်ဖြတ်တောက်လျှော့ချမှုက အရာအားလုံးကို ဖြေရှင်းပေးနိုင်လိမ့် မည်ဟူ၍ ဖြစ်နေဆဲပင်။

ထရက်စ်၏ ရပ်တည်ချက်က အရေးကြီးသောအရာနှစ်ခုကို ပြောပြနေသည်။ ပထမအချက်မှာ အကယ်၍ သူသည် ဝန်ကြီးချုပ် ‘ဖြစ်လာပါက’/ ‘ဖြစ်လာသည့်အခါ’ ဂျွန်ဆင်သာမက ထရက်စ်အုပ်စုအတွင်းမှ အချို့ကပါ မျှော်လင့်ထားသည့် ကြီးမားသောတစ်ဆစ်ချိုးအပြောင်းအလဲကို မလုပ်ဆောင်ပါက ကြီးမားသော ဘဏ္ဍာရေးနှင့် နိုင်ငံရေးအကျပ်အတည်းအား ရင်ဆိုင်ရမည်ဟူ၍ ဖြစ်သည်။ ဒုတိယအချက်မှာ လက်ရှိ သူကတိ ပြုထားသည့်အတိုင်း လုပ်ဆောင်နေသော ထရက်စ်၏ ရွေးကောက်ပွဲသည် ဂျွန်ဆင်ခေတ်နောက်ပိုင်း ဗြိတိန်နိုင်ငံရေးအတွက် ကျန်ရှိနေဆဲ ဂယက်ရိုက်မှုများနှင့်အတူ ကွန် ဆာဗေးတစ်ပါတီ၏ သိသာထင်ရှားသော လက်ယာယိမ်းအလှည့်အပြောင်းကို အမှတ်အသားပြုသည်ဟူ၍ ဖြစ်သည်။

အခွန်ဖြတ်တောက်လျှော့ချမှုအရော အနှောများ၊ အင်္ဂလန်ဘဏ်၏ လုပ်ပိုင်ခွင့် ပြောင်းလဲမှုများနှင့် ‘ထရက်ဆိုနောမစ်’ (Trussonomic)ဟု အချို့က စတင်ခေါ်ဝေါ်လာသည့် ထောက်ပံ့ရေးဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ချိတ်ဆက်နေသော ကိုယ်စားလှယ်အဖြစ် ထရက်စ်၏ အရေးပါမှု၌ ယင်းနှစ်ချက်စလုံးကို တွေ့မြင်နိုင်သည်။ စီးပွားရေးအရရော နိုင်ငံရေးအရပါ ယင်းသည် ခေါင်းဆောင်ရွေးကောက်ပွဲတွင် အနိုင်ရရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သော်လည်း တိုင်းပြည်၏စီးပွားရေးပြဿနာများ သို့မဟုတ် မဲဆန္ဒရှင်များ ရင်ဆိုင်နေရသော ဘဏ္ဍာ ရေးပြဿနာများကို ဖြေရှင်းရန် မသင့်လျော်ပါ။

ဤမဆီလျော်မှု၏ အဓိကအချက်မှာ အခွန်ဖြတ်တောက်လျှော့ချခြင်းသည် ဆင်းရဲသားများ သို့မဟုတ် ဝင်ငွေနည်းသည့် အလယ်အလတ်ဝင်ငွေသာရှိသူတို့၏ စွမ်းအင်ကုန်ကျစရိတ်များ ပေးဆောင်နိုင်စွမ်းကို တိုးတက်စေမည်မဟုတ်ဟူသော အချက်ပင်ဖြစ်သည်။ uSwitch၏ စစ်တမ်းအသစ်က အတည်ပြုထားသည့်အတိုင်း အဆိုပါ ကုန်ကျစရိတ်များသည် အလွန်ကျယ်ပြန့်သော အခက်အခဲများနှင့် အကြွေးများကို ဖြစ်ပေါ်စေလျက်ရှိနေပြီဖြစ်သည်။ သို့သော် အဆင်းရဲ ဆုံးလူအများစုသည် ဝင်ငွေခွန် သို့မဟုတ် အမျိုးသားအာမခံပံ့ပိုးမှုများ (NICs) ကို ပေး ဆောင်သူများ မဟုတ်ကြပေ။ စွမ်းအင်အသုံးပြုမှုအပေါ် သက်ရောက်မှုရှိရန်ဝေးစွ၊ အခွန်ဖြတ်တောက်လျှော့ချပေးမှုများ အသက်ဝင်လာရန်ပင် လအနည်းငယ်ကြာဦး မည်ဖြစ်သည်။ မည်သို့ဆိုစေ၊ အဆင်းရဲဆုံးလူများသည် အပြင်းထန်ဆုံး၊ အလျင်မြန်ဆုံးနှင့် အချိုးအစားမမျှတဆုံး ဒဏ်ခံရမည့် သူများဖြစ်သည်။ ထရက်စ်သည် စားသုံးသူများအတွက် ငွေသားပံ့ပိုးမှု စတင်ရန်စီစဉ် နေသည့်တိုင် (အမှန်တကယ်၌ သူက အာမခံချက်လည်း အပြည့်အဝမပေးပါ။) ယင်းသည် စျေးနှုန်းကို စတင် မြှင့်တင်လိုက်သည့် အောက်တိုဘာလတွင် ပံ့ပိုးပေးဦးမည်လည်း မဟုတ်သေးပါ။

သူတို့၏ အခွန်ငွေများမှတစ်ဆင့် အခွန်ပေးဆောင်သူများထံမှ ငွေများကိုယူပြီး ၎င်းတို့ထံ ပြန်ပေးခြင်း ပါဝင်သောကြောင့် ငွေကြေးထောက်ပံ့ပေးမှုများကို မကြိုက်ကြောင်း ထရက်စ်၏ မှတ်ချက်သည် သူ၏ အတွေးအခေါ်ပိုင်းအရ တင်းကျပ်သောချဉ်း ကပ်ပုံကိုလည်းကောင်း၊ စစ်မှန်သော ရွေး ချယ်မှုများနှင့်ပတ်သက်၍ လက်တွေ့ကျသော စိတ်ဝင်စားမှု ကင်းမဲ့မှုကိုလည်းကောင်း ဖော်ပြနေသည်။ တစ်ဦးစီအား ထောက်ပံ့ငွေပေးခြင်းသည် ချက်ချင်းအကျိုးသက်ရောက်မှုရှိသကဲ့သို့ ယင်းသည် အခြေအနေက တောင်းဆိုနေသည့်အရာလည်း ဖြစ်သည်။ ယင်းတို့ကို ယခုထက်ပို၍လည်း ပစ်မှတ်ထားနိုင်သေးသည်။ ယင်းတို့ကို အခွန် သို့မဟုတ် အကျိုးခံစားခွင့် အပြောင်းအလဲများထက် ပြောင်းပြန် လှန်ပစ်ရန် ပိုမိုလွယ်ကူသည်။ ၎င်းအပြင် ယင်းတို့သည် စွမ်းအင်သုံးစွဲမှု နည်းပါးစေရန် လှုံ့ဆော်ပေးသည့် အခန်းကဏ္ဍမှလည်း ပါဝင်နိုင်သေးသည်။ ဝင်ငွေခွန်၊ NIC သို့မဟုတ် VAT ၊ မည်သည့်ပုံစံမျိုးဖြင့်ဖြစ်စေ အခွန်ဖြတ်တောက်လျှော့ချခြင်းသည် များစွာ ရှုပ်ထွေးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ယခုအပတ်အထိ၊ စွမ်းအင်စျေးနှုန်း အကျပ်အတည်းသည် သူ၏ အင်အားကို ထုတ်ပြရန် ကွန်ဆာဗေးတစ်အ‌ချေအတင်ဆွေးနွေးပွဲသို့ စတင်ရောက်ရှိချိန်တွင် ခေါင်းဆောင်မှုပြိုင်ပွဲ၌ ငြင်းခုံမှုအများစုသည် အယူအဆရေးရာလုံးလုံးပင် ဖြစ်နေခဲ့သည်။ သူတို့ကိုယ်သူတို့ ကောင်းမွန်လှပြီဟု ယူဆသောကြောင့် အခွန်ဖြတ်တောက်လျှော့ချခြင်းကိုသာ ပရိုမိုးရှင်းလုပ်ခဲ့ကြသည်။ မာဂရက်သက်ချာက သက်သေပြခဲ့ပြီး ဖြစ်သည်ဟု ယူဆသောကြောင့် ယင်းကို တိုရီပါတီ၏ သဘာဝအတိုင်း ချဉ်းကပ်မှုဟု ရှုမြင်ကြသည်။ ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံးက ယင်းအမြင်ကို လက်ခံခဲ့ကြသည်။ ထို့ကြောင့် ပါတီဝင်များလည်း လက်ခံကြမည့်ပုံပေါ်သည်။ တစ်ခုတည်းသော သဘောထားကွဲလွဲမှုမှာ အချိန်သတ်မှတ်မှုသာ ဖြစ်သည်။

ယခုပြိုင်ပွဲသည် တစ်ဦးချင်းရွေးချယ်မှု တစ်ခုမျှသာမဟုတ်ဘဲ ဂျွန်ဆင်ခေတ်လွန် မဟာဗျူဟာများအကြား ရွေးချယ်မှုတစ်ခုလည်း ဖြစ်သည်။ ဆူနက်ရော ထရက်စ်ပါ ဂျွန်ဆင်ဝါဒီများ မဟုတ်ကြပါ။ ဆူနက်သည် ပို၍ရှေးရိုးစွဲသော တိုရီပါတီဝင်ဖြစ်ပြီး ထရက်စ်မှာမူ လက်ယာယိမ်းလွန်းသောကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးစလုံး၌ ဂျွန်ဆင်၏ အကြိုက်မျိုး၊ အစိုးရလုပ်ဆောင်ချက်အပေါ် ဂျွန်ဆင်၏ ယုံကြည်မှုမျိုး၊ အာဂျင်ဒါကို မြှင့်တင်ရာ၌ ဂျွန်ဆင်၏ ကိုင်စွဲမှုမျိုးနှင့် နည်းလမ်းနှစ်ရပ်ထားရှိရန်အတွက် ဂျွန်ဆင်၏ အဆင်သင့်ဖြစ်နေပုံမျိုးတို့မရှိပေ။ အထူးသဖြင့် ထရက်စ်သည် သေးငယ်သော ပြည်နယ်၊ နိမ့်ပါးသော အခွန်ကောက်ခံမှုနှင့် ဂျွန်ဆင်၏ ဘရီးဆစ်အာဂျင်ဒါကို ပြန်လည်သတ်မှတ်ရန် မနှစ်မြို့သော အုပ်စုအတွက် ရပ်တည်နေသူဖြစ်သည်။

ဂျွန်ဆင်ခေတ်လွန်တွင် တိုရီပါတီကို လက်ယာသို့ ပြတ်ပြတ်သားသား ယိမ်းလိုက်ခြင်းဖြင့် ထရက်စ်သည် အဆုံးတွင် သူ့ကို ပျက်စီးစေနိုင်သည့် အန္တရာယ်ကို စွန့်စားလုပ် ဆောင်နေခြင်းဖြစ်သည်။ ထရက်စ်အနေဖြင့် ပါတီတွင်းနှင့် လက်ယာယိမ်းစာနယ်ဇင်းတို့ အကြား မြောက်အိုင်ယာလန်လုပ်ငန်းစဉ် ငြင်းခုံမှုကို အသက်ဝင်အောင် ထိန်းထားခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် အရပ်ဘက်ဝန်ဆောင်မှုကို လျှော့ချခြင်းတို့ဖြင့် သို့မဟုတ် လော့ဒ်ဖရော့စ်အား သူ၏နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်းဖြင့် သူ၏ ဘရီး ဆစ်အရည်အချင်းများကို အထူပြုဖော်ပြနိုင်သည်။ သို့သော် သူသည် တိုရီပါတီ၏ရွေး ကောက်ပွဲအခြေခံမဲများကို ချဲ့ထွင်လိမ့်မည် မဟုတ်ပါ။ သူသည် ၂၀၁၉ ခုနှစ်တွင် ဂျွန်ဆင်၏ သွေးဆောင်မှုကို ခံခဲ့ရသော မြောက်ပိုင်းမှ အလုပ်သမားလူတန်းစား မဲဆန္ဒရှင်များကို လက်ဆုပ်လုပ်ကိုင်ပြနိုင်သည့် မည်သည့်အရာမျှ မပေးသော်လည်း လစ်ဘရယ် ဒီမိုကရက်များကို ထောက်ခံရန်လည်း စဉ်းစားနေသော တောင်ပိုင်းမှ လူလတ်တန်းစား တိုရီမဲဆန္ဒရှင်များအတွက်မူ အနည်းငယ် ဆွဲဆောင်မှုရှိလိမ့်မည်ဖြစ်သည်။

ယခုအပတ်ဆောင်းပါးတစ်ပုဒ်တွင် ဖိလစ်ဟမ်မွန်နှင့် ဆာဂျစ်ဂျာဗစ်တို့၏ ဘဏ္ဍာ ရေးအကြံပေးဟောင်း တင်ပစ်က ကွန်ဆာဗေးတစ် စီးပွားရေးမူဝါဒများသည် အသိဉာဏ်ရှိစွာ တင်းကျပ်ခြင်းထက် နှစ်များတစ်လျှောက် လက်တွေ့ကျလေ့ရှိခဲ့သည်ဟု ရေးသားခဲ့သည်။ ယနေ့ အစိုးရ၏ ဦးစားပေးတာဝန်မှာ ငွေကြေးဖောင်းပွမှုကို စီမံခန့်ခွဲရန်၊ စီးပွားရေးကြီးထွားမှုအတွက် အစီအစဉ်ဆွဲ ရန်နှင့် မညီမျှမှုများကို ကိုင်တွယ်ဖြေရှင်းရေး ဆက်လက်ကြိုးစားရန်တို့ဖြစ်ကြောင်း တင် ပစ်က ပြောကြားခဲ့သည်။ ၎င်းသည် ပါတီအား အရှိတရားများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရေး လိုအပ်ပြီး “သက်ချာဝါဒ၏ တစ်စိတ်တစ်ပိုင်းကို အတုယူရေးနှင့် ပတ်သက်သော ယောင်ဝါးဝါး ကတိများ” သက်သက်၌ မဆုံးရှုံးစေရန် ၎င်းက ပြောကြားခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ် ပြဿနာများနှင့် မဆီလျော်သော လွန်လေပြီးသော ခေတ်တစ်ခုမှ သဘောတရားကို အတုယူခြင်း သည်သာ ထရက်စ်က ကမ်းလှမ်းသော အရာဖြစ်ပြီး ယင်းမှလွဲ၍ အခြားဘာမျှမရှိပါ‌။

Ref: The Guardian

Most Read

Most Recent