ဖလော်ရီဒါရှိ နေအိမ်ကို FBI က စီးနင်းရှာဖွေဟု အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြောကြား

ဖလော်ရီဒါရှိ နေအိမ်ကို FBI က စီးနင်းရှာဖွေဟု အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့် ပြောကြား
Published 9 August 2022

ဖလော်ရီဒါရှိ မိမိ၏ Mar-A-Lago အိမ်သည် အက်ဖ်ဘီအိုင်အေဂျင့်များ၏ စီးနင်းရှာဖွေမှုကို ခံခဲ့ရသည် ဟု သြဂုတ် ၈ ရက်တွင် အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပြီး အဆိုပါလုပ် ရပ်သည် ပြစ်မှုဆိုင်ရာ အကျင့်သိက္ခာပျက်ပြားမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ရှာဖွေ လုပ်ဆောင်ခဲ့သည် သို့မဟုတ် မည်သည့်အရာကိုရှာဖွေသည်တို့ကို အက်ဖ်ဘီအိုင်က ပြောကြား ရန်ငြင်းဆန်ခဲ့သလို ၎င်း၏ အိမ်ကို အက်ဖ်ဘီအိုင် ဘာကြောင့် ရောက်လာသလဲဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ထရန့်ပြောကြားခဲ့သည်ကိုလည်း အက်ဖ်ဘီအိုင်က မှတ်ချက်ပေးခြင်းမရှိခဲ့ပေ။ သမ္မတဟောင်းကို ဥပဒေဆိုင်ရာ ဖိအားပေးမှု ဖြစ်စေသည့် အခြေအနေနှင့် ပတ်သက်၍ ဖက်ဒရယ်အေဂျင်စီတစ်ခုဖြစ်သည့် အက်ဖ်ဘီအိုင်က ပြောကြားခဲ့ခြင်းမရှိပေ။

“ဖလော်ရီဒါပြည်နယ်၊ Palm Beach မှာရှိတဲ့ Mar-A-Lago ဆိုတဲ့ အိမ်လှလှလေးလိုပဲ ကျွန်တော်တို့ရဲ့ နိုင်ငံမှာ မကောင်းတဲ့ကာလတွေရှိနေပါတယ်။ အခု အဲ့ဒီအိမ်ဟာ အက်ဖ်ဘီအိုင်အေဂျင့်အများအပြားပါဝင်တဲ့ အုပ်စုက ဝိုင်းထားတာကို ခံနေရပါတယ်။ ရှာဖွေခံနေရပါတယ်။ သိမ်းပိုက်ခံထားရပါတယ်”ဟု ထရန့်က ၎င်း၏ လူမှုမီဒီယာကွန်ရက်ဖြစ်သည့် Trump Social တွင်တင်ခဲ့သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိမ်အပြင်ဘက်တွင် ရဲကားများရောက်နေသည်ကို Mar-A-Lago အိမ်ကို အပေါ်စီးမှ ရိုက်ထားသော ဗီဒီယိုတွင် မြင်ရသည်။

“ဒါဟာ ပြစ်မှုဆိုင်ရာ အကျင့်သိက္ခာပျက်ပြားမှုဖြစ်ပါတယ်။ တရားရေးစနစ်ရဲ့ လက်နက်ပြုမှုဖြစ်ပါ တယ်။ ၂၀၂၄ ခုနှစ်မှာ သမ္မတအဖြစ် ကျွန်တော် ဝင်ရောက်အရွေးခံလို့မရအောင် အပြင်းအထန်ကြိုးစားနေကြ တဲ့ အစွန်းရောက်လက်ဝဲဒီမိုကရက်တွေက တိုက်ခိုက်တာဖြစ်ပါတယ်”ဟု သမ္မတဟောင်းဒေါ်နယ်ထရန့်က ဖော်ပြခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းစာ၏ ဖော်ပြချက်အရသိရသည်။ Mar-A-Lago အိမ်တော်ကို ဝင်ရောက်စီးနင်းချိန်တွင် သမ္မတဟောင်းထရန့် မရှိဟု ဆိုသည်။

“ဒီလိုမျိုး ကျူးလွန်မှုဟာ ပြိုကွဲနေတဲ့ တတိယကမာ့နိ်ုင်ငံတွေမှာပဲ ဖြစ်ပျက်နိုင်တာပါ။ ဝမ်းနည်းစရာ ကောင်းတာက အမေရိကဟာ အခု အဲ့ဒီလိုနိ်ုင်ငံတစ်နိုင်ငံဖြစ်လာတာဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့မီးခံ သေတ္တာတောင် ဖျက်စီးခဲ့ကြတာဖြစ်ပါတယ်”ဟု ထရန့် ဖော်ပြခဲ့သည်။

Mar-A-Lago အိမ်တော်ထံပို့လိုက်သည့် လျှို့ဝှက်စာရွက်စာတမ်းများကို မှားယွင်းကိုင်တွယ်မည့် အနေအထားကြောင့် တရားရုံးခွင့်ပြုချက်ဖြင့် အက်ဖ်ဘီအိုင်အေဂျင့်များက ရှာဖွေမှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည် ဟု ယင်းစုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သော သတင်းအရင်းအမြစ်များနှင့် နီးစပ်သူများ၏ပြောကြားချက်များကို အမေရိကန်သတင်းစာများက ကိုးကားဖော်ပြခဲ့သည်။

ထရန့်၏ ဖလော်ရီဒါနေအိမ်မှ စာရွက်စာတမ်းများထည့်ထားသော သေတ္တာ ၁၅ ခုကို ပြန်လည်ရရှိခဲ့ သည်ဟု ဖေဖော်ဝါရီလတွင် အမျိုးသားမော်ကွန်းဌာနက ထုတ်ပြန်ခဲ့သည်။ သမ္မတရွေးကောက်ပွဲတွင်ပြန်လည် အရွေးခံရာ၌ ရှုံးနိမ့်ခဲ့ပြီးနောက် ဝါရှင်တန်မှ ၎င်း ထွက်ခွာသွားသည့်အခါ ၎င်းနှင့် အတူယူဆောင်သွားသော ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများမှာ အဆိုပါသေတ္တာများထဲတွင် ပါဝင်သည်ဟု ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့သည်။

Ref:AFP

Most Read

Most Recent