မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းမှုကြောင့် ရပ်တည်ရန် ခက်ခဲလာသည့်  Online Shopping စျေးကွက်

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းမှုကြောင့် ရပ်တည်ရန် ခက်ခဲလာသည့်  Online Shopping စျေးကွက်
Published 7 August 2022
■ ရွှန်းလဲ့ဝင်း

မြန်မာနိုင်ငံမှ အွန်လိုင်းရှော့ပင်းအများစု ဝယ်ယူရောင်းချနေသည့် ထိုင်းနိုင်ငံမှ အဝတ်အထည် လက်ကားစျေးတစ်ခုဖြစ်သော Pratunam Market ကို တွေ့ရစဉ်

မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းလာပြီး ဗဟိုဘဏ်က  ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို  ကျပ် ၁၈၅၀ မှ ကျပ် ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်ခြင်း

ပြီးခဲ့သည့် သီတင်းပတ်သည်  မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လေးလကျော်ကြာသတ်မှတ်ထားသည့် ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို တစ်ဒေါ်လာ ကျပ် ၁၈၅၀ ကို တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀  အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။

မြန်မာကျပ်ငွေတန်ဖိုးသည် ယခု ရက်ပိုင်းအတွင်း လျင်မြန်စွာကျဆင်းခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၆ ရက်တွင် ပြင်ပ စျေးကွက်၌ နိုင်ငံခြားငွေလဲနှုန်းမှာ တစ်ဒေါ်လာ ကျပ် ၂၆၀၀ ဝန်းကျင်ဖြစ်ပြီး အခြား နိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ကျပ် ၂၅၆၀၊ စင်ကာပူ ကျပ် ၁၉၅၀၊ မလေး ရှားရင်းဂစ် ကျပ် ၆၀၀ ကျပ်၊ ထိုင်းဘတ် ၇၅ ကျပ်၊ ဂျပန်ယန်း ၁၈ ကျပ်၊ တရုတ်ယွမ်  ကျပ် ၃၇၀ နှင့် ဂျပန် ယန်း ၁၉ ကျပ်အထိ ဖြစ်ပေါ်ခဲ့ ကြောင်း နိုင်ငံခြား ငွေ ကြေးရောင်းဝယ်သူများ  ထံမှ သိရသည်။           

ယင်းပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ကျပ်ငွေအဖြစ် လဲလှယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သြဂုတ် ၅ ရက်နေ့စွဲဖြင့် ထုတ် ပြန်ခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှု ဥပဒေ ပုဒ်မ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည် တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ရရှိသော နိုင်ငံခြားသုံးငွေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ နိုင်ငံခြားသုံးငွေ များ ပြည်ပသို့လွှဲပြောင်း ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း အမိန့်ကြော်ငြာစာ အမှတ်  (၁၂/၂၀၂၂) ကို ဧပြီ ၃ ရက်က ထုတ်ပြန်ထား သည်။ ပို့ကုန် တင်ပို့သူများ  ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင် နှုန်းကိုသာ အထက်ပါ မြန်မာနိုင်ငံတော် ဗဟို ဘဏ်အမိန့်ကြော်ငြာစာအမှတ် (၁၂/ ၂၀၂၂) သတ်မှတ် ညွှန်ကြားချက်များအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ဖြစ်သည်။

အဆိုပါအမိန့်ကြော်ငြာစာသည် ထုတ် ပြန်သည့်နေ့မှစ၍ အကျိုးသက်ရောက်စေ မည်ဖြစ်ပြီး အမိန့်ကြော်ငြာစာကို လိုက်နာ ခြင်းမရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံခြားငွေလဲနှုန်းအား ဗဟိုဘဏ် စျေးနှုန်းဖြင့် စျေးဖွင့်လှစ်ခဲ့သည့်ငွေလဲ ကောင်တာအများစုတွင် ဒေါ်လာ အရောင်း အဝယ် ပြုလုပ်ခြင်းမရှိဘဲ ပြင်ပစျေးကွက် တွင်သာအရောင်းအဝယ်ပြုလုပ်မှုရှိ ကြောင်း သိရသည်။

“အခုကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ် သဘောပဲ အလုပ် ဖြစ်နေတာပါ။ ငွေလဲကောင်တာတွေကလည်း အရင်လို အပြင် ပေါက်စျေးနဲ့မဝယ်တော့ဘဲ ဗဟိုဘဏ် ပေါက်စျေးနဲ့ပဲဝယ်ပြီး ပြန်ရောင်းတာမရှိ တော့ ငွေလဲကောင်တာတွေမှာ ဒေါ်လာအ ရောင်းအဝယ်စျေးကွက ရပ်ဆိုင်းနေတယ် လို့တောင် ပြောလို့ရတယ်”  ဟု နိုင်ငံခြား ငွေ ကြေးရောင်းဝယ် ပြုလုပ်နေသူ တစ်ဦးက ပြောကြားသည်။

အရောင်းပို့စ်တင်ရောင်းချမှု ခေတ္တရပ်နားထားသည့် အွန်လိုင်း အရောင်းစျေးဆိုင်အချို့

လက်ရှိတွင် မြန်မာကျပ်ငွေတန်ဖိုး လျင်မြန်ဆိုးရွားစွာ ကျဆင်းနေမှုကြောင့် ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက် ကုန် ပစ္စည်းများမှာယူ၍ အွန်လိုင်းတွင် အရောင်း ပို့စ်တင်ရောင်းချနေသည့် အွန်လိုင်း အရောင်းစျေးဆိုင်အချို့ မှာ ရောင်းချမှုရပ် နားထားရကြောင်း သိရသည်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှု ကြောင့် နိုင်ငံခြားငွေအသီးသီ၏ ငွေကြေး လဲလှယ်မှု လျင်မြန်စွာပြောင်းလဲနေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အွန်လိုင်းစျေးကွက် တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ မှာယူကာ အွန် လိုင်းတွင် အရောင်းပို့စ်တင်ရောင်းချနေ သည့် အွန်လိုင်းအရောင်းစျေးဆိုင်အများ စုမှာ ဘတ်ငွေတန်ဖိုး မတည်ငြိမ်မှုများ ကြောင့် အခက်အခဲများရင်ဆိုင်နေရခြင်း ဖြစ်ပြီး ရောင်းချမှု ရပ်နားထားသည်အထိ ကြုံတွေ့နေရကြောင်း သိရသည်။

“အခုဆို အစ်မ ဘာမှတောင်မရောင်း ဘူး။ အကုန်ရပ်ထားတယ်။ မှာထားတာနဲ့ ရောင်းရတာနဲ့က မကိုက်တော့ဘူး။ အစ်မ တို့က ထိုင်းနိုင်ငံက ပစ္စည်းတွေကို အများဆုံး မှာပြီး ရောင်းတာပါ။ အခု မြန်မာငွေစျေး ကျတာက ဆက်တိုက်ဖြစ်နေတာ။ ဥပမာ ဆိုရင် မနက်ပိုင်းမှာ ထိုင်းဘတ်ငွေ တစ် ဘတ်ကို ကျပ် ၇၀ ဆိုရင် ညနေကျ ၇၅ အဲဒီ လို ဖြစ်သွားတာ။ ပစ္စည်းထပ်မှာဖို့က အဆင် မပြေတော့ဘူးလေ။ ပြီးတော့ Pre Order ကောက်ပြီး ရောင်းတာဖြစ်တဲ့အတွက် အစ်မ တို့က ၆၂ ကျပ် ၊ ၆၃ ကျပ်နဲ့ တွက်ပြီး ရောင်း ထားတာ။ ပစ္စည်းမှာတော့ စျေးက ၇၀ တို့၊ ၇၅ တို့ဖြစ်သွားတဲ့အခါကျ စျေးက တော် တော်ဟ သွားပြီလေ။ တစ်ဘတ်ကို ၁၀ ကျော်လောက် ဟသွားတော့ အများနဲ့ကျ တော့ အဆင်မပြေ တော့ဘူး။ ပစ္စည်းဝယ်တဲ့ အခါကျတော့အစ်မ တို့က ကြိုဝယ်ပြီး ပိုက်ဆံကြိုရှင်းရတာရှိ တယ်။ ပိုက်ဆံကြိုလွှဲရတယ်။ တစ်ခါတစ်ခါ ကျတော့ Cargo ဆီကို ရောက်မှ ရှင်းတာမျိုး လည်းရှိတယ်။ အဲဒီလို ဆို အစ်မတို့က အရင် က ကိုက်တယ်။ အခု ကျတော့မကိုက်တော့ ဘူး။ အစ်မတို့ ပစ္စည်းမှာတုန်းက ၆၃ကျပ်ပဲ။ Cargo ဆီရောက်တဲ့ အခါကျတော့ ၇၃ တို့ ၇၅ တို့နဲ့ရှင်းလိုက်ရတယ်။ အဲဒီလိုမျိုးဖြစ် တာ။ အစ်မက အခု   အရောင်းရပ်ထားပေမဲ့ အရင်ကမှာထားတာတွေက ရှုံးပြီလေ။ အရင် က ပုံမှန်ဖြစ်နေတာဆိုတော့ အလုပ်လုပ် လို့ရတယ်။ ဘတ်စျေးတက်မယ်ဆို တက်လို့ရ တယ်။ ဥပမာ ၆၀ ကနေ ၆၅ ကျပ်တက်ပေမဲ့ ငွေစျေးကငြိမ်နေရင် အစ်မတို့က အလုပ်လို့ရ တယ်။ အခုကမဟုတ်ဘူး။ မနက်မှာ ၆၅၊ ညနေကျ ၇၅ ဆိုတော့ အစ်မတို့က အလုပ် လုပ်ဖို့က တော်တော်လေးကိုခက်ပါတယ်။

နောက်ပြီး အစ်မတို့ အွန်လိုင်းရှော့ပင်းဆို တာက ပစ္စည်းတစ်ခုက စျေးကွက်ထဲမှာ ပေါက်သွားပြီဆိုရင် အကုန်လုံးက လိုက် ရောင်းတာလေ။ အဲဒီလိုကျတော့ အစ်မတို့က စျေးအနိမ့်ဆုံးရောင်းနိုင်မှာသာ များများ ရောင်းရမှာ။ အမြတ်ကို အနည်းဆုံးယူပြီး ပစ္စည်းများများရောင်းရမှသာ ကိုက်မှာ။ အစ် မကတော့အဲဒီလိုပုံစံနဲ့ လူများများကို အ မြတ်နည်းနည်းနဲ့ ရောင်းတဲ့ပုံစံနဲ့ ရောင်းနေ ပါတယ်။ အခုကကျတော့ အစ်မတို့က ကိုယ့် လက်ထဲမှာရှိတဲ့ပစ္စည်း တွေက ချရောင်းရမှာ လား၊ သိမ်းထားရမှာလား ဆိုတာ ဝေခွဲမရ ဘူး။ အစ်မကကျတော့ အဓိကရည်ရွယ်ပြီး ရောင်း တာက အိမ်ထောင်ရှင် မေမေတွေကို ဦး တည်ပြီး မိသားစုတွေလိုအပ်တဲ့အရာ တွေ ကို ရောင်းတာ ဖြစ်တဲ့အတွက် စျေးကိုလည်း အများကြီး တက်မရောင်းချင်ဘူး။ ခုကငွေ စျေးမငြိမ်တာနဲ့ ဘာလုပ်ရမှန်းကို မသိတော့ ပါဘူး”  ဟုထိုင်းနိုင်ငံမှ လူသုံးကုန်နှင့် စား သောက် ကုန်ပစ္စည်းများ မှာယူကာ အွန် လိုင်းတွင် အရောင်းပို့စ်တင်ရောင်းချနေ သည့် အွန်လိုင်းစျေးရောင်းသူတစ်ဦးက ပြောကြားသည်။

ငွေစျေးနှုန်း မတည်ငြိမ်မှုကြောင့်အဆိုးရွားဆုံး အခြေအနေ ရင်ဆိုင်နေရသည့် Online Shopping များ

“သမီးတို့က ထိုင်းကနေ မြန်မာပြည်ကို အဝတ်အထည်တွေ လက်လီလက်ကား တစ်ဆင့်ပြန်ရောင်းပေးတဲ့ အွန်လိုင်းရှော့ ပင်းပေါ့နော်။ အခုကဘယ်လို ဖြစ်နေလဲ ဆိုရင် အရင်က ၆၀၀၀ ကျပ်လောက်နဲ့ ရောင်းပေးနေရတဲ့ အထည်တစ်ထည်က အခုဆို ၇၀၀၀ ကျော်၊ ၈၀၀၀ ကျော်စျေး  ပြောင်းပြီး ရောင်းပေးလိုက်ရတာ ဖြစ်တဲ့ အတွက် စျေးဝယ်သူတွေလည်း နည်းသွား တယ်။ ရောင်းအားကျသွားတယ်ပေါ့နော်။ ထိုင်းမှာက စျေးတက်သွားတာမဟုတ်ဘူး ရှင့်။ ဘတ်နဲ့ ဝယ်ပြီး ကျပ်နဲ့ ပြန်လဲပြီးမှရောင်း ရတာဖြစ်တဲ့အတွက် ဒီနေ့ဘတ်စျေးနဲ့ ဝယ်ပြီး ဒီနေ့ ကျပ်စျေးနဲ့ ညီမတို့က ရောင်း ပေးလိုက်တယ်။ ဒါပေမဲ့ ပြဿနာက ဘတ် ငွေစျေးက အချိန်၊ နာရီနဲ့အမျှ တက်လာ တော့ အဆင်မပြေတော့ဘူး။ ဘတ်ငွေတက် လာတာက မြန်မာကျပ်ငွေစျေးက ကျသွား   လို့အစ်မ။ နောက် ပို့ခမှာလည်း သူတို့က မြန် မာငွေနဲ့တွက်ယူတာဖြစ်တဲ့အခါကျတော့ ခု ငွေစျေးမငြိမ်တော့ ထပ်ပေါင်းတယ်။ ပို့ခ စျေးတက်တယ်ပေါ့အစ်မရယ်။ အဲဒီအခါကျ တော့ ညီမတို့က အဘက်ဘက်မှာ နာသွား တယ်။ အဓိက ငွေစျေးကြောင့် ပစ္စည်း ရောင်း ရခက်သွား တာအစ်မ။ ပို့ခမှာလည်း စိုက်ရ၊ ရောင်းအားလည်းကျ၊ ဝယ်သူလည်း နည်း သွားတာပေါ့ အစ်မရယ်။ ခုက အဆိုးဆုံး အခြေအနေကို ရောက်နေတယ်လို့ ပြော လို့ရတယ်အစ်မ။ ဒီပုံအတိုင်း ကြာနေမယ် ဆိုရင် သမီးတို့က အခြားပုံမှန် ဝင်ငွေရမယ့် အလုပ်တစ်ခုခုကို ပြောင်းပြီး လုပ်ရတော့ မယ့်အခြေအနေအထိကိုဖြစ်နေတာ”  ဟု ၎င်းရင်ဆိုင်နေရသည့် အခက်အခဲကို ပြော ပြသည်။

လက်ရှိတွင် ငွေစျေးနှုန်း မတည်ငြိမ်မှုကြောင့်အွန်လိုင်းရှော့ပင်းအများစုမှာ အရောင်းခေတ္တရပ်နားထားခြင်း၊ စျေးဝယ်သူနည်းပါးမှုကြောင့် ရောင်းအားကျဆင်းများ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံရှိ ပြည်သူအများစု မှာလည်း ကုန်စျေးနှုန်းအဘက်ဘက်မှ မြင့် တက်မှုကို အလူးအလဲခံစားနေရပြီး စား သောက်ရေးမှအပ မလိုအပ်သည့်နေရာများ တွင် ငွေကြေးသုံးစွဲမှုအား  လျှော့ချနေရခြင်း ကြောင့် ယခုကဲ့သို့ အွန်လိုင်းရှော့ပင်းများ အရောင်းပါးမှု ရင်ဆိုင်နေရခြင်းလည်း ဖြစ် သည်။

“အခုကကျတော့ မြန်မာနိုင်ငံမှာက ကုန်စျေးနှုန်းက အစစအရာရာစျေးတက် နေတဲ့အခါကျတော့ လူတွေက မဖြစ်မနေ ကုန်ကျရမယ့် စားသောက်ရေးအတွက်ပဲ ပိုက်ဆံအကုန်ခံကြရတော့တယ်။ အရမ်း ချမ်းသာတဲ့ လူတန်းစား အလွှာတွေကတော့ တစ်မျိုးပေါ့လေ။ ပုံမှန်လက်လုပ်လက် စား လူတန်းစားတွေအတွက်ကတော့ ကြီးမြင့်လာတဲ့ ကုန်စျေးနှုန်းဒဏ်ကို အလူးအလဲ ခံနေကြရတာဖြစ်လို့ အပိုသုံးဖို့ စိတ်ကူးကို မထည့်ရဲပါဘူး။ အရင်ကဆို ကျွန်မတို့အိမ် မှာ ဆန်၊ ဆီကုန်ခြောက်ကို တစ်လစာကြို  ဝယ်ထား။  ရွှေဘိုပေါ်ဆန်းစားပြီး ဆီဆို ငါး လီတာ ပုံးလိုက်ဝယ်တာ။ အခုကျတော့ အဲဒီ လိုတစ်ခါတည်းဝယ်ရင်  အများကြီးကုန်လို့ တစ်ပတ်စာ၊ နှစ်ပတ်စာလောက်ပဲ မှန်းဝယ် တယ်။ ဆန်ဆိုလည်း ရွှေဘိုမစားတော့ဘဲ ဧရာဝတီ ပေါ်ဆန်းပြောင်းစားတယ်။ အဲဒီ လိုမျိုး နဲ့ အဘက်ဘက်က ချွေတာနေရပါ တယ်”  ဟု စမ်းချောင်းမြို့နယ် မှ အိမ်ရှင်မ တစ်ဦးက ပြောပြသည်။

ယခုကဲ့သို့ မြန်မာကျပ်ငွေတန်ဖိုး ကျ ဆင်းမှုမှာ ဆက်လက်ဆိုးရွားလာမည်ဆို ပါက အလွှာစုံမှ လူတန်းစားပေါင်းစုံ ယခု ထက်ပိုမိုဆိုးရွားသည့်အခြေအနေများနှင့် ရင်ဆိုင်ဖွယ်ရှိနေကြောင်း သုံးသပ်မှုများ ရှိနေသည်။                               

Most Read

Most Recent