နိုင်ငံရေးအသိအားနည်းခြင်းသည် ပညာရေးနှင့်ဆက်စပ်နေပြီး ပြည်သူများ ပညာရည်အားနည်းသဖြင့် နိုင်ငံရေးအသိ အားနည်းနေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးအသိအားနည်းခြင်းသည် ပညာရေးနှင့်ဆက်စပ်နေပြီး ပြည်သူများ ပညာရည်အားနည်းသဖြင့် နိုင်ငံရေးအသိ အားနည်းနေခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောကြား
Published 5 July 2022

နိုင်ငံရေးအသိအားနည်းခြင်းသည် ပညာရေးနှင့်ဆက်စပ်နေပြီး ပြည်သူများ ပညာရည်အားနည်းသဖြင့် နိုင်ငံရေးအသိ အားနည်းနေခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇူလိုင် ၄ ရက်က အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။          

အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ကို ရေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ကာ အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်း၊ မိမိတို့နိုင်ငံရှိ ပြည်သူများတွင် နိုင်ငံရေး သိရှိနားလည်သူများရှိသကဲ့သို့ သိရှိနားလည်မှု အားနည်းသူများလည်းရှိကြောင်း၊ နိုင်ငံရေးအသိ အားနည်းသူများအပေါ် သွေးထိုးဆောင်ရွက်နေမှုများလည်းရှိကြောင်း၊ ထိုသို့နိုင်ငံရေးအသိ အားနည်းရခြင်းမှာလည်း နိုင်ငံသူ၊ နိုင်ငံသားတို့၏ ပညာရေးအခြေအနေနှင့်လည်း ဆက်စပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရည်သည် ခေတ်အဆက်ဆက်တွင် နိမ့်ကျခဲ့ပြီး အတန်းပညာပြီး မြောက်သူနည်းပါးခဲ့ကြောင်း၊ ပညာရည်အားနည်းသဖြင့် အသိပညာအားနည်းရခြင်းပင်ဖြစ်ကြောင်း ပြောကြားသည်။

မိမိတို့နိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၈ နှစ် အထက်မဲပေးခွင့်ရှိသူလူဦးရေ ၃၄ ဒသမ ၂၉ သန်းဖြစ်ပြီး လူဦးရေတိုးတက်နှုန်းမှာ ၀ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းသန်းခေါင်စာရင်း အချက်အလက်များအရ အသက်ငါးနှစ်အထက် ကျောင်းမနေသည့်လူဦးရေ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်နှင့် အထက် ၁၂ ဒသမ ၈ သန်းသည် မူလတန်းအောက် ပညာအရည်အချင်းသာရှိသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များ များစွာရှိနေသည်ကိုတွေ့ရှိရကြောင်း၊ ပညာတတ်မြောက်မှသာ စာပေဗဟုသုတ လေ့လာမှုရှိမည်ဖြစ်ပြီး အသိပညာဗဟုသုတ တိုးတက်လာမည်ဖြစ်ကြောင်း၊ ပညာတတ်များ ပေါကြွယ်ဝလာစေရေး၌ ကျန်းမာကြံ့ခိုင်မှုသည်လည်း အရေးကြီးသဖြင့် ပညာရည်မြှင့်တင်ရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ဟန်ချက်ညီမြှင့်တင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အခြေခံကျသည့် တစ်မျိုးသားလုံး ပညာရည်မြှင့်တင်ရေးလုပ်ငန်းကို နိုင်ငံတော်၏ အနာဂတ်အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး အနည်းဆုံး ငါးနှစ်မှ ၁၀ နှစ်အထိ အရှိန်အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent