လျှပ်စစ်နှင့် ကုန်ကြမ်းပြတ်လပ်မှုအပြင် သုံးစွဲသူများ၏ ဝယ်လိုအားပျော့မှုကြောင့် မြန်ဆန်စွာဆုတ်ယုတ်လာသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ

လျှပ်စစ်နှင့် ကုန်ကြမ်းပြတ်လပ်မှုအပြင် သုံးစွဲသူများ၏ ဝယ်လိုအားပျော့မှုကြောင့် မြန်ဆန်စွာဆုတ်ယုတ်လာသည့် မြန်မာ့ကုန်ထုတ်လုပ်ငန်းများ
ကုန်ထုတ်လုပ်ငန်းများလည်ပတ်ရာ  ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
ကုန်ထုတ်လုပ်ငန်းများလည်ပတ်ရာ  ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်
Published 3 July 2022

အာဆီယံ၏ ထုတ်လုပ်ရေး ကဏ္ဍသည် ဇွန်လတွင် လုပ်ကိုင်မှု အခြေအနေများ တိုးတက်လာကြောင်း မှတ်တမ်းတင်ခဲ့သည်ဟု ၂၀၂၂ ခု နှစ် ဇွန်လအတွက် ထုတ်ပြန်သည့် S&P Global  အာဆီယံ ထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index- ထည့် ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း) စစ်တမ်းအရ သိရသည်။

ယခင်စစ်တမ်းကာလနှင့် ယှဉ်ကြည့်လျှင် ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ ရရှိမှု ပိုမြန်လာခဲ့သည်။ သို့သော်လည်း ထုတ်လုပ်ရေးကုမ္ပဏီများက ဝယ်ယူရေးလုပ်ငန်းများနှင့် အလုပ်နေရာများထဲက အခက်အခဲအသစ်များကိုပါ အစီရင်ခံခဲ့ကြသည်ဟု သိရသည်။

အာဆီယံထဲ ပါဝင်သည့် ခုနစ်နိုင်ငံအနက် ခြောက်နိုင်ငံက ဇွန်လတွင် ထုတ်လုပ်မှုတိုးလာခြင်းကို အချက်ပြခဲ့ကြပြီး စင်ကာပူနိုင်ငံသည် ခုနစ်လဆက်တိုက် ထိပ်ဆုံးအဆင့်တွင်ရှိနေသည်။

ဗီယက်နမ်၏ ထုတ်လုပ်မှုကဏ္ဍပါ အခြေအနေ တိုးတက်လာခဲ့သော်လည်း အရှိန်မှာ အားပျော့ခဲ့သည်။ ဖိလစ်ပိုင်၏ အခြေအနေ သည်လည်း အလားတူဖြစ်ကြောင်း၊ အခြားနိုင်ငံများကို လေ့လာကြည့် လျှင် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီး ရှားနိုင်ငံတို့ရှိ ထုတ်လုပ်ရေးကုမ္ပဏီများတွင် အသင့်အတင့်တိုးတက်မှုကို မြင်ရနိုင်ကြောင်း၊ မလေးရှား ထုတ်လုပ်ရေးကဏ္ဍတွင် တိုးတက်မှု အရှိန်ရလာခဲ့သော်လည်း ထိုင်းနှင့် အင်ဒိုနီးရှားထုတ်လုပ်သူတို့၏  ထုတ်လုပ်မှုအသီးသီးမှာ ခြောက်လ နှင့် ၁၀ လအတွင်း အနှေးဆုံးဖြစ်ကြောင်း အစီရင်ခံခဲ့ကြသည်ဟု  ဖော်ပြထားသည်။

နောက်ဆုံးအနေနှင့် မြန်မာနိုင် ငံကမူ လုပ်ကိုင်မှုအခြေအနေများ နှစ်လဆက်တိုက် ဆုတ်ယုတ်လာမှုကို ဇွန်လတွင် မှတ်တမ်းတင်ခဲ့သည်။

“စောင့်ကြည့်လေ့လာနေတဲ့ ခုနစ်နိုင်ငံထဲက လေးနိုင်ငံတွင် ဇွန်လမှာ တိုးထုတ်လုပ်မှု နှေးလာခဲ့ပြီး  မြန်မာနိုင်ငံကမူ ကျဆင်းမှုကို မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ မြင့်တက်လာနေတဲ့ ငွေကြေးဖောင်းပွမှု၊ ကုန်ကြမ်းပစ္စည်း ပြတ်လပ်မှုနဲ့ စွမ်းအင်စရိတ်များ ထိုးတက်သွားမှုတို့က နိုင်ငံတိုင်းအပေါ်ကို တစ်နည်းနည်းနဲ့ သက်ရောက်မှုရှိခဲ့ပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍတစ်ဝန်းတွင် လုပ်ကိုင်မှုအခြေအနေများ ပိုမိုလျင်မြန်စွာ ဆုတ်ယုတ်လာနေကြောင်း ၂၀၂၂ ခုနှစ် ဇွန်လအတွက် ထုတ်ပြန်သည့်  S&P Global မြန်မာထုတ်လုပ်မှု  ထုတ်လုပ်မှု PMI (Manufacturing Purchasing Manager’s Index- ထည့်ကုန် ဝယ် ယူရေးမန်နေဂျာများ၏ အညွှန်း) စစ်တမ်းအရ သိရသည်။

ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များ နှစ်ခုစလုံး ပိုမြန်သည့်နှုန်းဖြင့် ကျဆင်းလာသည်။ ထို့ပြင် ထည့်ကုန် စရိတ်များနှင့် ထုတ်လုပ်ရေးကုမ္ပဏီများ၏ ရောင်းစျေးများမှာ ဇွန်လတွင် တစ်ဟုန်ထိုး မြင့်တက်သွားရာ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၅ ခုနှစ်မှစပြီး အမြန်ဆုံးနှုန်းများအနက် တစ်ခုဖြစ်လာသည်။

အဓိကအကျဆုံး S&P Global မြန်မာထုတ်လုပ်မှုအညွှန်းကိန်း PMI ထုတ်လုပ်ရေးစွမ်းဆောင်မှုကို ဖော်ပြပေးသောပေါင်းစပ်ထားသည့် တစ်ခုတည်းသော အညွှန်းကိန်းကို ဇွန်လတွင် ၄၈ ဒသမ ၂ တွင် မှတ်တမ်းတင်ခဲ့ရာ မေလ၏ ၄၉ ဒသမ ၉ ထက် နိမ့်ကျသွားသည်။

သို့ဖြစ်ရာ မေလတွင် ကဏ္ဍ၏ အခြေအနေ ဒသမဂဏန်းမျှ ဆုတ် ယုတ်ခဲ့သည့်နောက်မှာ နောက်ဆုံး အညွှန်းကိန်းအရ စက်မှုကဏ္ဍသည် အနုတ်လက္ခဏာနယ်ပယ်တွင်းသို့ အခိုင်အမာကျသွားသည်။ ထိုသို့ ပြောလိုက်ရသော်လည်း လုပ်ငန်းအခြေအနေများ ဆုတ်ယုတ်လာခဲ့သည့် နှုန်းမှာမူ အသင့်အတင့်မျှသာဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

“ဇွန်လအတွက် PMI ဒေတာက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ကိုင်မှုအခြေအနေတွေ ပိုပြီး အထင်အရှားဆုတ်ယုတ်လာမှုကို ထောက်ပြနေတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ် နှစ်ရပ်စလုံး ပိုမြန်တဲ့နှုန်းနဲ့ ကျဆင်းလာခဲ့ပြီး ဝယ် ယူမှုတွေပါ ကျဆင်းသွားခဲ့ပါတယ်”ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောကြားခဲ့သည်။

အဓိကအကျဆုံးအညွှန်းကိန်း ကျဆင်းလာခဲ့မှုမှာ ထုတ်လုပ်မှုပမာဏများ ပိုမိုမြန်ဆန်စွာ ကျဆင်းလာမှုကြောင့်ဖြစ်သည်။ ကုမ္ပဏီများက ထုတ်လုပ်မှုနိမ့်ကျလာခြင်းကို သုံးစွဲသူများဘက်မှ ဝယ်လိုအား ပျော့လာခြင်းနှင့်လည်းကောင်း၊ ကုန်ကြမ်းများနှင့် လျှပ်စစ်ပြတ်လပ်မှုများနှင့်လည်းကောင်း ဆက်စပ်နေကြောင်း ရှင်းပြကြသည်။

ထို့ပြင် ရောင်းစျေးများ မြင့်တက်လာပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေး ကန့်သတ်ချက်များရှိနေခဲ့ခြင်းကြောင့် ထုတ်လုပ်ရေးကုမ္ပဏီများ ရရှိခဲ့ကြသည့် လုပ်ငန်းများမှာ နှစ်လဆက်တိုက် နည်းပါးလာခဲ့သည်။ ကျဆင်းမှုနှုန်းမှာ မတ်လမှစပြီး အနက်ရှိုင်းဆုံးဖြစ်လာသည်။

ရောင်းချရမှုများ ကျဆင်းလာခဲ့သည်နှင့်အညီ ဝယ်ယူရေးလုပ်ငန်းများပါ တစ်ဟုန်ထိုးကျသွားခဲ့ပြီး ကုမ္ပဏီများသည် ထည့်သုံးရသည့် ပစ္စည်းများကို ဝယ်ယူရန် လက်တွန့် နေခဲ့ကြသည်။

ကျဆင်းမှုအရှိန်မှာ ၂၀၂၁ ခု နှစ် စက်တင်ဘာမှစပြီး အမြန်ဆုံး ဖြစ်လာသည်။ ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်းပစ္စည်းများ၏စျေးနှုန်းများ မြင့်တက်လာမှုပါ ထည့်ကုန် ဝယ်ယူမှုများအပေါ် ဖိစီးနေခဲ့ကြောင်းကို ညွှန်ပြခဲ့ကြကြောင်း၊ ကုမ္ပဏီများသည် အော်ဒါများကို ဖြည့်စွမ်းပေးရန် လက်ရှိသိုလှောင်ကုန်ကို ဆက်အားကိုးခဲ့ကြောင်း ဇွန်လ၏ဒေတာက ထောက်ပြနေကြောင်း၊ သို့ဖြစ်ရာ ထုတ်လုပ်မှု အကြိုနှင့် ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်း နှစ်ရပ်စလုံး ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

ထုတ်လုပ်ရေးကဏ္ဍတွင်  ထုတ်လုပ်မှုနှင့် အလုပ်အသစ်များ ကျဆင်းခဲ့သည့်တိုင်အောင် ကုမ္ပဏီများသည် ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ပေးရန် ဆက်ပြီး ဝန်ထမ်းများကို ထပ်မံငှားရမ်းခဲ့ကြသည်။

သို့သော်လည်း အလုပ်နေရာသစ် ဖန်တီးမှုနှုန်းမှာမူ ခုနစ်လအတွင်း အနိမ့်ဆုံးသို့  အားပျော့သွားခဲ့ပြီး ဝန်ထမ်းဦးရေမှာ ဒသမဂဏန်း ခန့်သာ တိုးလာခဲ့ခြင်းကို ညွှန်ပြနေသည်။

ပစ္စည်းပေးသွင်းမှုဆိုင်ရာအခက်အခဲများမှာ ဇွန်လတွင် ထုတ်လုပ်ရေးကဏ္ဍအပေါ် လေးလံစွာ ဖိစီးနေခဲ့သည်။ သွင်းအားစုများအတွက် ပေးသွင်းချိန်များ ပိုကြာလာခြင်းက ထုတ်လုပ်မှုကို နောက်ကို ဆွဲသလိုရှိခဲ့ပြီး မပြီးဘဲ ကျန်ရစ်ခဲ့သည့်အလုပ်များ၏ပမာဏမှာ လ ၂၀ ဆက်တိုက် တိုးလာခဲ့ပြန်သည်။ ပစ္စည်းပေးသွင်းသူတို့သည် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများနှင့် ပို့ဆောင်မှု ကြန့် ကြာမှုကို ရင်ဆိုင်နေရကြောင်း ပါဝင်ဖြေကြားသူတို့က မှတ်ချက်ချကြသည်။

“ဝယ်လိုအားအခြေအနေ အားပျော့လာခဲ့ကာ ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုတွေဟာ ထုတ်လုပ်ရေးကဏ္ဍအပေါ် ဆက်ဖိစီးနေခဲ့ကြတယ်။ ဒါ့အပြင် စွမ်းအင်အကျပ်အတည်းနဲ့ ကုန်ကြမ်း ပစ္စည်းပြတ်လပ်မှုတွေ ရှိမြဲရှိနေခြင်းက ထုတ်လုပ်ရေးကုမ္ပဏီတွေ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေကို ပိုမိုဆိုးရွားလာစေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စျေးနှုန်းများနှင့်ပတ်သက်ပြီး  ပျမ်းမျှကုန်ကျစရိတ်များနှင့် ကုန်စည်ထုတ်လုပ်သူတို့က တောင်းဆိုကြသည့်ရောင်းစျေးနှစ်ရပ်စလုံး တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။ ကုမ္ပဏီများက ကုန်ကြမ်းပစ္စည်းများနှင့် ပို့ဆောင်ရေးကဲ့သို့သော စရိတ်စကများစွာတို့မှာ မြင့်တက်လာခဲ့ကြောင်း ထောက်ပြလျက် ရောင်းစျေးများကို မြှင့်တင်ပေးခြင်းဖြင့် တစ် စိတ်တစ်ဒေသကို စျေးဝယ်များ အပေါ်သို့ လွှဲချခဲ့ရကြောင်း ဖော်ပြ ကြသည်။

“လာမယ့်တစ်နှစ်ကာလအတွက် မျှော်မှန်းချက်မှာ အားပျော့ လာခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာ အားကောင်းနေလျက် နိုင်ငံရေးမှာ မရေမရာဖြစ်မြဲဖြစ်နေခြင်းက ကဏ္ဍရဲ့အခြေအနေကို ပိုခက်ခဲလာစေပါတယ်။ အလားအလာတွေက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်ရေးကဏ္ဍနဲ့ ဆန့်ကျင်ဘက်ဖြစ်နေကြတဲ့အတွက်  ဒီကဏ္ဍဟာ မကြာတော့တဲ့အနာ ဂတ်တစ်ချိန်ချိန်မှာ တိုးတက်မှုဘက်ဆီ ဦးမော့လာမယ်လို့ ပြောဖို့မလွယ်ပါဘူး”ဟု       စီးပွားရေးပညာရှင် Maryam Baluch က သုံးသပ် ပြောကြားခဲ့သည်။

ခြုံကြည့်ပါက ထုတ်လုပ်ရေး ကဏ္ဍတစ်ဝန်း အကျဘက်သို့ ဦး တည်မှုမှာ ဇွန်လတွင် အရှိန်ပိုရလာခဲ့ခြင်းက လုပ်ငန်းများ၏ ယုံကြည်မှုအပေးသက်ရောက်ခဲ့ကြောင်း၊ စစ်တမ်းတွင် ပါဝင်ခဲ့ကြသည့်လုပ်ငန်းများထဲက တစ်ရာခိုင်နှုန်းကသာလျှင် လာမည့်နှစ်ထဲတွင် ထုတ်လုပ်မှု တိုးလာမည်ဟု မျှော်မှန်းကြကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။                  

Most Read

Most Recent