လူတို့၏ အသက်များကို ကယ်တင်ခြင်း (Saving Lives)

လူတို့၏ အသက်များကို ကယ်တင်ခြင်း (Saving Lives)
Published 3 July 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

နှစ်ပဋိစ္ဆေဒ များစွာ ကြာမြင့်သည့် အချိန်ကာလကတည်းကပင် ခံယူကျင့်သုံး နေထိုင်လာခဲ့ကြသည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများအရ ကိုယ်ကျင့်သီလထိန်းသိမ်းမှုအဖြစ် ထိပ်တန်း ဦးစားပေးသည့် အကြောင်းအရာများအနက် “သူ့အသက် မသတ်ရ” သို့မဟုတ် “သူတစ်ပါး၏ အသက်ကို မသတ်ရ”ဆိုသည့် တားမြစ်ချက်သည် ထိပ်တန်း ဦးစားပေးအဖြစ် ပထမနေရာတွင် ရပ်တည်လျက်ရှိနေပါသည်။

“သူ့အသက် မသတ်ရ” သို့မဟုတ် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသည့် သဘောတရားအရ သူတစ်ပါးဆိုသည်မှာ သက်ရှိသတ္တဝါအားလုံးတို့ ပါဝင်ပြီး တစ်နည်းအားဖြင့် လူနှင့် တိရစ္ဆာန်အားလုံးတို့ပါဝင်လျက်ရှိပြီး “လူနှင့် တိရစ္ဆာန်တို့၏ အသက်ကို မသတ်ရ” ဆိုသည့် သဘောတရားကို ဖော်ဆောင်လျက်ရှိနေပါသည်။ ဤတွင် လူတို့၏ အသက်ရှင်နေထိုင်ရပ်တည်ရပုံ အကျဉ်းကို တင်ပြပါမည်။ 

လူဆိုသည့် သတ္တဝါအမျိုးအစားသည် နေ့စဉ် အသက်ရှင်ရပ်တည်နေထိုင်နိုင်စေရန် အလို့ငှာ “ဆန်/ဂျုံ/ပြောင်း/ပဲ” “အသား/ငါး”၊ “အသီး”၊ “အရွက်” စသည်တို့ကို စားသုံးရသည့် သဘောသဘာဝရှိပါသည်။ သက်သတ်လွတ် စားသုံးသူများမှအပ လူတိုင်းသည် တိရစ္ဆာန်များ၏ အသားအမျိုးမျိုးကို အသက်ရှင်သန်နိုင်ရန် နေ့စဉ် စားသုံးကြရပါသည်။ တိရစ္ဆာန်များ၏ အသားအမျိုးမျိုးကို ရရှိနိုင်စေရန်မှာ တိရစ္ဆာန်များ၏ အသက်ကို သတ်ဖြတ်ခြင်း သို့မဟုတ် တိရစ္ဆာန်များ သေခြင်းကသာရရှိနိုင်ပါသည်။ အချို့သော လူပုဂ္ဂိုလ်များကလည်း တိရစ္ဆာန်များ၏ အသက်ကို ကိုယ်တိုင်သတ်ဖြတ်ခြင်း မပြုသဖြင့် အသားလာရောင်းသူထံမှဝယ်ယူသည့် “ပင့်သကူ” ရရှိသည့် အသား ဖြစ်ခဲ့ပါလျှင် “တိရစ္ဆာန်များ၏ အသက်ကို သတ်ဖြတ်သည့် သဘော မသက်ရောက်ပါ” ဆိုသည့် စိတ်ဖြေကြသူများကိုလည်း တွေ့ရှိရပါသည်။

“သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသော သဘောတရားကို လက်ကိုင်ထားရှိသဖြင့် စာရေးသူတို့၏ လူမှုပတ်ဝန်းကျင်အပေါ်တွင် ရိုက်ခတ်မှုမှာ ကြီးမားကျယ်ပြန့်လှပါသည်။ အဆိုပါ သဘောတရားကြောင့် အမဲလိုက်/ ငါးဖမ်းခြင်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း (ပိုးသတ်ဆေးများကို အသုံးပြုရခြင်း)နှင့် မွေးမြူရေးလုပ်ငန်းများ အပေါ်တွင် အကျိုးသက်ရောက်များဖြစ်ပေါ်စေခဲ့ပါသည်။ အထူးသဖြင့် ငါးဖမ်းလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူသည့် လုပ်ငန်းများနှင့် အသား

ထုတ်လုပ်သည့် လုပ်ငန်းရပ်များအပေါ်တွင် အကျိုးသက်ရောက်စေခဲ့ပါသည်။ အသေးစိတ်ကို ရှင်းလင်းတင်ပြခြင်း မပြုတော့ပါ။

စာရေးသူ လေ့လာသိမြင်မှုများအရ စာရေးသူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေ့လာရာတွင် လောကီနှင့် လောကုတ္တရာဟူ၍ နယ်ပယ် နှစ်ရပ်တည်ရှိရာ “လောကုတ္တရာ” နယ်ပယ်တွင် ရှင်သန်နေထိုင်လျက်ရှိကြသည့် လူပုဂ္ဂိုလ်များ၊ ရဟန်းပုဂ္ဂိုလ်များအနေဖြင့် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသည့် သီလ သဘောတရားကိုမကျိုးမပေါက်၊ မပျက်စီးစေရန် စောင့်ထိန်းနေထိုင်နိုင်ကြမည်ဖြစ်ပါသော်လည်း “လောကီ” နယ်ပယ်တွင် အသက်ရှင်သန်ရပ်တည်နေကြရသည့် အချို့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းရပ်များတွင် ပါဝင်ဆောင်ရွက်နေကြရသည့် လူပုဂ္ဂိုလ်များအတွက်မှာမူ စောင့်ထိန်းလိုက်နာရန်မှာ လွန်စွာခက်ခဲစေမည်ဖြစ်သည့်အပြင် စောင့်ထိန်းလိုက်နာရန် မည်သို့မျှ မဖြစ်နိုင်သည့် အခြေအနေတစ်ရပ်တွင်လည်း ရောက်ရှိ နေနိုင်ပါသည်။ 

စာရေးသူသည် သင်တန်းတစ်ခု၌ မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများတွင် ပထမဆုံး အဓိက ဦးစားပေးဖြစ်သည့် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသော သဘောတရားကို ကမ္ဘာပေါ်ရှိ လူသားအားလုံး လိုက်နာ ဆောင်ရွက် နိုင်ကြစေရန် နိုင်ငံတကာ စံချိန်စံနှုန်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းလျှင် ဖြစ်နိုင်ပါမည်လားဆိုသော မေးခွန်းကို မေးမြန်းဆွေးနွေးဖြစ်ခဲ့ပါသည်။ သင်တန်းသားအားလုံး၏တစ်ညီတစ်ညွတ်တည်းအဖြေမှာ “မဖြစ်နိုင်ပါ” ဆိုသည့် အဖြေဖြစ်ခဲ့ပါသည်။ ထို့ပြင် တစ်ဆက်တစ်စပ်တည်း သင်တန်းသားများက “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသော သဘောတရားသည် မဖြစ်နိုင်သကဲ့သို့ “သူတစ်ပါး၏ အသက်ကို 

သတ်ရမည်” ဆိုသော သဘောတရား သည်လည်း မဖြစ်နိုင်ပါဟု ဆွေးနွေးတင်ပြခဲ့ကြပါသည်။    ယနေ့အချိန် နိုင်ငံတကာ အသိုင်းအဝိုင်းက ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် လိုက်နာ ဆောင်ရွက်နိုင်ကြစေရန် နိုင်ငံတကာ စံချိန် စံနှုန်းအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားရှိပြီး ဖြစ်သော သဘောတရားတစ်ရပ်ကို တင်ပြပါမည်။ အဆိုပါ သဘောတရားမှာ “လူတို့၏ အသက်များကို ကယ်တင်ခြင်း” သို့မဟုတ် 

“လူ့အသက်များကို ကယ်တင်ခြင်း” ဖြစ်ပါသည်။ စာရေးသူတို့ တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် လက်ခံထားရှိသည့် ယဉ်ကျေးမှုအစဉ် အလာများကို လုံးဝ ထိခိုက်စေခြင်းမရှိဘဲ ဖော်ပြပါသဘောတရားကို လက်ခံကျင့်သုံးဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် နှစ်ပဋိစ္ဆေဒ ကြာမြင့်စွာကတည်းကပင် အရိုးစွဲနေသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသည့် သဘောတရားကို လုံးဝပစ်ပယ်ခြင်းမပြုဘဲ လောကတွင် အသက်ရှင်နေထိုင်လျက်ရှိသော လူတို့အတွက် လက်တွေ့ကျသည့် “လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသော မွန်မြတ်သည့် သဘောတရားကို အခြေခံကာ ဥပဒေများ၊ နည်းဥပဒေ

များ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်ပြဋ္ဌာန်းပြီး တရားဝင်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးကို ရည်ရွယ်ပါသည်။    ပထမဦးစွာ “လူတို့၏ အသက်များကို ကယ်တင်ခြင်း” သို့မဟုတ် “လူ့အသက်များကို ကယ်တင်ခြင်း” သဘောတရားစတင် ဖြစ်ပေါ်လာပုံကို တင်ပြပါမည်။ “လူတို့၏ အသက်များကို ကယ်တင်ခြင်း” သဘောတရားသည် အသစ်အဆန်းမဟုတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးနောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ဖွဲ့စည်းထူထောင်ပြီးချိန်ကတည်းကပင် စနစ်တကျ တည်ဆောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါသည်။ “လူတို့၏ အသက်များကို ကယ်တင်ခြင်း” သဘောတရားစတင်ပုံကို အလွယ်တကူ သိမြင်နိုင်စေရန် ပုံတွင်ဖော်ပြထားပါသည်။

 

အနည်းငယ် ရှင်းလင်း တင်ပြရပါလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို ငြိမ်းချမ်းဘေးကင်းသော အနာဂတ်ရရှိရေးနှင့် ပင်ပန်းဆင်းရဲမှုများ လျှော့ချရန် ရည်ရွယ်ပြီး စတင်ဖွဲ့စည်းခဲ့ပါသည်။ ၎င်း၏လုပ်ငန်းစဉ်များကို အကြမ်းအားဖြင့် ခွဲခြားကြည့်လျှင် လုံခြုံရေးနှင့်ငြိမ်းချမ်းရေး၊ လူတို့၏ အသက်များကို ကယ်တင်ခြင်း နှင့် လူတို့၏ဘဝများကို ဖွံ့ဖြိုးစေခြင်းတို့ ဖြစ်ကြပါသည်။ အထက်ပါလုပ်ငန်းစဉ်များတွင် “လူတို့၏ အသက်များကို ကယ်တင်ခြင်း” သည် ပါဝင်လျက်ရှိပြီး အဆိုပါသဘောတရားအရပင် လူသားချင်းစာနာထောက်ထားမှုအရ ချဉ်းကပ်ဆောင်ရွက်သည့် နည်းလမ်းများကို ဖော်ထုတ်အသုံးပြုလာခဲ့ကြပါသည်။ 

ဒုတိယအနေဖြင့် စာရေးသူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံတွင် အမြစ်တွယ်လျက်ရှိသည့် “သူ့အသက် မသတ်ရ” သို့မဟုတ် “သူတစ်ပါး၏ အသက်ကို မသတ်ရ” သဘောတရားကြောင့် အကြောင်းနှင့်အကျိုး ဖြစ်ထွန်းပေါ်ပေါက် စေပုံကို စာရေးသူ၏ အမြင်သက်သက်ဖြင့် ရှင်းလင်းတင်ပြပါမည်။ ဖော်ပြပါ သဘောတရားသည် လှုပ်ရှား ဆောင်ရွက်ပြီး အကောင်အထည်ဖော်ရသည့် သဘောသဘာဝမဟုတ်ဘဲ စောင့်ထိန်းလိုက်နာရသည့် သဘော တရားသာဖြစ်သဖြင့် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ကို စောင့်ထိန်းရန်မှာ အိပ်နေလျှင်သော်လည်းကောင်း၊ ထိုင်နေလျှင်သော်လည်းကောင်း၊ မည်သည့်ဆောင်ရွက်မှုကိုမျှ မပြုလုပ် မဆောင်ရွက်လျှင်သော်လည်းကောင်း စောင့်ထိန်းလိုက်နာသကဲ့သို့ ဖြစ်နေစေပါသည်။ တာဝန်ယူမှု တာဝန်ခံမှု ပြုလုပ်စရာလည်း မလိုအပ်သည့် အခြေအနေ ဖြစ်ပါသည်။

အဆိုပါ ယဉ်ကျေးမှု အလေ့အထကြောင့် ဖြစ်ထွန်းပေါက်စေသည့် ဆိုးကျိုးတစ်ရပ်မှာ မည်သည့်ကိစ္စရပ်များ ဖြစ်ထွန်းပေါ်ပေါက်နေသည်ဖြစ်စေ မိမိ သို့မဟုတ် မိမိ မိသားစုအား တိုက်ရိုက် ထိခိုက်နစ်နာစေမည့် ကိစ္စရပ်များ မဟုတ်ခဲ့ပါလျှင် မိမိနှင့် မဆိုင်သကဲ့သို့ လျစ်လျူရှုတတ်သည့် သဘောသဘာဝသည် လူတိုင်းတွင် ဖြစ်ထွန်း ပေါ်ပေါက်စေလျက်ရှိနေပါတော့သည်။    “လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသည့် သဘောတရားကိုသာ လက်ကိုင်ထားခဲ့မည်ဆိုပါက လူတစ်ဦး၊ လူတစ်ယောက်၊ လူတစ်ဖွဲ့ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရမည်ဆိုပါက အဆိုပါ လူပုဂ္ဂိုလ်တို့၏ အသက်များကို ကယ်တင်ရန်အတွက် တာဝန်နှင့် ဝတ္တရားများမှာ အဆိုပါနေရာတွင် ရောက်ရှိနေသည့် လူသားအားလုံးနှင့် လူတို့၏အသက်များကို ကယ်တင်ရန် တာဝန်ရှိသူများထံသို့ အလိုအလျောက် ကျရောက်သွားမည် ဖြစ်ပါသည်။ ဖော်ပြပါ သဘောတရားကို လက်ကိုင်ထားရှိသည့် လူ့ပတ်ဝန်းကျင်ဖြစ်ပါက ဖြစ်ထွန်းပေါ်ပေါက်လာသည့် ကိစ္စရပ်အားလုံးတို့အတွက် မိမိကျရာအခန်းကဏ္ဍကို တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းအဖြစ် အလိုအလျောက် ဖြစ်ထွန်းပေါ်ပေါက်လာစေမည် ဖြစ်ပါသည်။

တတိယအနေဖြင့် စာရေးသူအနေဖြင့် အဆိုပြုတင်ပြလိုသည်မှာ စာရေးသူတို့၏ လူ့အဖွဲ့အစည်းတွင် နှစ်ပဋိစ္ဆေဒ ကြာမြင့်စွာ အရိုးစွဲတည်ရှိနေသည့် “သူ့အသက် မသတ်ရ” သို့မဟုတ် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသည့် သဘောတရားကိုလည်း ပစ်ပယ်ခြင်းမပြုဘဲ “လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသည့် သဘောတရားကို စာရေးသူတို့၏ လူ့အဖွဲ့အစည်းအတွင်း ဖြစ်ထွန်းပေါ်ပေါက်လာစေပြီး ရေရှည် ရှင်သန် ထွန်းကားလာစေရန် ဖြစ်ပါသည်။

သို့မှသာလျှင် လူ့အဖွဲ့အစည်းအတွင်း ကိစ္စ ကြီးငယ်ပေါ်ပေါက်လာခဲ့ပါက မိမိနှင့် တိုက်ရိုက် သက်ဆိုင်ပတ်သက် ခြင်းမရှိခဲ့ပါလျှင် မသိကျိုးကျွန်ပြုခြင်း အလေ့အထများပပျောက်စေပြီး တာဝန်ယူလိုစိတ်၊ တာဝန်ခံလိုစိတ်များ ကိန်းအောင်းစေလျက် လူတို့၏ အသက်များကို ကယ်တင်သည့် လူပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများအား အကာအကွယ်ပေးမည့် အသိအမှတ်ပြုချီးမြှင့်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်ပြဋ္ဌာန်းနိုင်စေရေးကို အကြံပြုတိုက်တွန်းလိုပါသည်။

“လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသည့် သဘောတရားကို တရားဝင် လက်ခံကျင်သုံး အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မည် ဆိုပါလျှင် မိုဒယ် ဒီဇိုင်း ပုံစံကို အသစ်တီထွင် ဖန်တီးတည်ဆောက်ရန် မလိုအပ်ဘဲ ယနေ့ နိုင်ငံတကာအသိုင်းအဝိုင်းတွင် အသုံးပြုလျက်ရှိနေသည့် အကြောင်းအရာများကို စနစ်တကျလေ့လာ ဆန်းစစ်ကာ မိမိတို့ တိုင်းပြည် နိုင်ငံနှင့် ကိုက်ညီပြီး သင့်တော် ကောင်းမွန်မည့် ဒီဇိုင်း မိုဒယ် ပုံစံကို အချိန်ကုန် ငွေကုန် လူပင်ပန်းခြင်းမရှိဘဲ အလွယ်တကူ တည်ဆောက် ရရှိနိုင်ပါသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြရပါလျှင် မိမိတို့ တိုင်းပြည် နိုင်ငံတွင် နှစ်ပဋိစ္ဆေဒ ကြာမြင့်စွာကတည်းကပင် အရိုးစွဲ နေသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည့် “သူတစ်ပါး၏ အသက်ကို မသတ်ရ” ဆိုသည့် သဘောတရားကို လုံးဝပစ်ပယ်ခြင်းမပြုဘဲ လောကတွင် အသက်ရှင်နေထိုင်လျက်ရှိသော လူတို့အတွက် လက်တွေ့ကျသည့် “လူတို့၏ အသက်များကို ကယ်တင်ရမည်” ဆိုသော မွန်မြတ်သည့် သဘောတရားကို အခြေခံကာ ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ လုပ်ငန်းစဉ်များ စနစ်တကျ ချမှတ်ပြဋ္ဌာန်းပြီး တရားဝင် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးကို အစွမ်းကုန်ကြိုးစားကာ စတင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

 



 

Most Read

Most Recent