ရုရှားကိုရင်ဆိုင်ရန် နေတိုးမဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်မှုသည် လွှမ်းမိုးကြီးစိုးလိုသည့် အင်ပါယာဆိုင်ရာဦးတည်ချက်များဖြစ်သည်ဟု သမ္မတ ဗလာဒီမာပူတင် ဝေဖန်

ရုရှားကိုရင်ဆိုင်ရန် နေတိုးမဟာမိတ်အဖွဲ့၏ အင်အားချဲ့ထွင်မှုသည် လွှမ်းမိုးကြီးစိုးလိုသည့် အင်ပါယာဆိုင်ရာဦးတည်ချက်များဖြစ်သည်ဟု သမ္မတ ဗလာဒီမာပူတင် ဝေဖန်
တာမင်နစ္စတန်မြို့တော် အာ့ရှ်ဂါဘတ်တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေသည့် ပူတင်အား ဇွန်လ ၂၉ ရက်က တွေ့ရစဉ် (Photo : AFP)
တာမင်နစ္စတန်မြို့တော် အာ့ရှ်ဂါဘတ်တွင် သတင်းထောက်များကို ရှင်းလင်းပြောကြားနေသည့် ပူတင်အား ဇွန်လ ၂၉ ရက်က တွေ့ရစဉ် (Photo : AFP)
Published 30 June 2022
Ref : AFP

ရုရှားသည် အနောက်၏ အကြီးမား ဆုံးခြိမ်းခြောက်မှုဖြစ်သည်ဟု နေတိုးမဟာမိတ်အဖွဲ့က ပြောကြားလိုက်ပြီး ယူကရိန်းကိုရုရှားကျူးကျော်ပြီးနောက် ဥရောပကာကွယ်ရေးကို အားဖြည့်ရန် အမေရိကန်ပြည်ထောင်စုက သန္နိဋ္ဌာန်ချထားသည်ဟု သမ္မတဂျိုးဘိုင်ဒင်ကပြောကြားခဲ့ရာ ယင်းလုပ်ရပ်သည် နေတိုး၏အင်ပါယာဆိုင်ရာ ဦးတည်ချက်များဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ချက်ချင်း တုံ့ပြန်ခဲ့သည်။

ရုရှားသည် ဥရောပ-အတ္တလန်တိတ်ခေတ်တွင် မဟာမိတ်များ၏ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် ထင်သာမြင်သာအရှိဆုံးနှင့် တိုက်ရိုက်အရှိဆုံး ခြိမ်းခြောက်မှုဖြစ်သည်ဟု ဇွန်လ ၂၉ ရက်က စပန်မြို့တော် မက်ဒရစ်တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် နေတိုးခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။

နေတိုးမဟာမိတ်အဖွဲ့ကိုဝင်ရန် ဆွီဒင်နှင့် ဖင်လန်တို့ကို နေတိုးက တရားဝင်ဖိတ်ခေါ်လိုက်ချိန်တွင် နေတိုးခေါင်းဆောင်များ၏ ပြောကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကလည်း အမေရိကန်စစ်သား၊ သင်္ဘောများနှင့် လေယာဉ်များကို ထပ်မံဖြန့်ကြက်သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်၏ လုပ်ဆောင်ချက်သည် ရုရှားသမ္မတပူတင် အလိုမရှိသော လုပ်ဆောင်ချက်ဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားလိုက်ပြီး အနောက်နိုင်ငံများ၏ လက်နက်များဖြင့် တပ်ဆင်ထားသော ယူကရိန်း တပ်ဖွဲ့များ၏ ပြင်းထန်သည့် ခုခံမှုနှင့် ရင်ဆိုင်နေရသော ရုရှားက ကြိုတင်ခန့်မှန်းနိုင်သော ဒေါသဖြင့် တုံ့ပြန်ခဲ့သည်။

နေတိုးမဟာမိတ်အဖွဲ့သည် လွှမ်းမိုးကြီးစိုးနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ပူတင်က တာမင်နစ္စတန် မြို့တော် အာ့ရှ်ဂါဘတ်တွင် သတင်းထောက်များကို ပြောကြားလိုက်ပြီး ယူကရိန်းနိုင်ငံနှင့် ယူကရိန်းပြည်သူများသည် နေတိုးအဖွဲ့က ၎င်း၏ အကျိုးစီးပွားများကို ကာကွယ်ရန် နည်းလမ်းများသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

“နေတိုးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ လွှမ်းမိုးကြီးစိုးရေးနဲ့ အင်ပါယာရည်မှန်းချက်တွေကို လုပ်ဆောင်ချင်နေကြပါတယ်”ဟု ရုရှားသမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

နေတိုးခေါင်းဆောင်များသည် ယူကရိန်းထံ လက်နက်တန်ဖိုး ဘီလျံပေါင်းများစွာ ပံ့ပိုးပေးထားပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် တာဝေးပစ်လက်နက်ကြီးများ ပိုမိုပံ့ပိုးပေးရန် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးထံမှ ထပ်မံမေတ္တာရပ်ခံမှုကို ရင်ဆိုင်နေကြရသည်။

“ကျွန်တော်တို့ကို အားကိုးနေသ၍ ကာလပတ်လုံး ယူကရိန်းဟာ ကျွန်တော်တို့ကို အားကိုးနိုင်ပါတယ်”ဟု နေတိုးအကြီးအကဲ ယန်းစတိုလ်တင်ဘတ်က မက်ဒရစ်တွင်ကျင်းပသော ထိပ်သီးတွင် ပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲသည် ဇွန်လ ၃၀ ရက်တွင် ပြီးဆုံးခဲ့သည်။ ရုရှားခြိမ်းခြောက်မှုကို အလေးပေးသော မဟာဗျူဟာမြောက်လေ့လာဆန်းစစ်မှုအသစ်ကို အဆိုပါ ဆွေးနွေးပွဲက ကြေညာခဲ့သည်။

နေတိုးသည် မိမိအဖွဲ့ဝင်နိုင်ငံများ၏တိုက်ခိုက်ခံရနိုင်ခြေကို ထည့်မတွက်ဘဲနေမည်မဟုတ်ဟု အဆိုပါဆွေးနွေးတွင် နေတိုးခေါင်းဆောင်များက သတိပေးခဲ့သည်။

Most Read

Most Recent