၂၀၂၂-၂၃ ဘောလုံးရာသီမှစတင်ပြီး စီးရီးအေပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် အမှတ်တူနေလျှင် Play-off ထပ်မံကစားရမည်ဟု FIGC အတည်ပြု

၂၀၂၂-၂၃ ဘောလုံးရာသီမှစတင်ပြီး စီးရီးအေပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် အမှတ်တူနေလျှင် Play-off ထပ်မံကစားရမည်ဟု FIGC အတည်ပြု
Photo: Football-Italia
Photo: Football-Italia
Published 30 June 2022

လာမည့် ၂၀၂၂-၂၃ ဘောလုံးရာသီမှစတင်ပြီး စီးရီးအေပြိုင်ပွဲတွင် ပုံမှန်ရာသီ ပွဲစဉ်(၃၈)ပွဲ ကစားပြီးချိန် အမှတ်ပေးချန်ပီယံဆုအတွက် အမှတ်တူနေလျှင် Play-off ထပ်မံကစားရမည်ဖြစ်ကြောင်း အီတလီဘောလုံးအဖွဲ့ချုပ် (FIGC)က အတည်ပြု ကြေညာခဲ့သည်။

FIGC ဥက္ကဋ္ဌ ဂရာဗီနာက ယင်းအပြောင်းအလဲအတွက် တွန်းအားပေးခဲ့ပြီး စီးရီးအေကလပ်အသင်းများသည် ယင်းအပြောင်းအလဲအတွက် ဇွန်လအစပိုင်းကတည်းက ဆွေးနွေးခဲ့ကြကာ ဇွန်လ(၂၈)ရက်က ကျင်းပခဲ့သော ဖက်ဒရယ်ကောင်စီအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမှတ်ပေးဇယားထိပ်ဆုံးမှ (၂)သင်း မှာ အမှတ်တူနေလျှင် Play-off ကစားရမည်ဖြစ်ပြီး မိနစ်(၉၀)အတွင်း အဖြေမပေါ်လျှင် အချိန်ပိုမကစားဘဲ ပယ်နယ်တီတိုက်ရိုက်ကန်သွင်းကာ စီးရီးအေချန်ပီယံဆုအတွက် အဆုံးအဖြတ်ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ချန်ပီယံဆုအဆုံးအဖြတ်အတွက်သာ Play-off ကစားစေသည့် စည်းမျဉ်းကို အသုံးပြုမည်ဖြစ်ပြီး ဥရောပဝင်ခွင့်နေရာအတွက်မူ ယခင်အတိုင်း Head-to-head ရလဒ်ဖြင့် ဆုံးဖြတ်မည်ဖြစ်သည်။

Play-off ကစားစေသည့် စနစ်ကို ယခင်ကာလများကလည်း စီးရီးအေပြိုင်ပွဲတွင် အသုံးပြုခဲ့ပြီး ယခုအခါ ဂရာဗီနာက ပြန်လည်အသက်သွင်းခဲ့ခြင်းဖြစ်သည်။

သို့သော် ယင်းသို့ Play-off ကစားကာ ချန်ပီယံအဆုံးအဖြတ်ခံယူခဲ့ရသည့်ပွဲမှာ ၁၉၆၄ တစ်ကြိမ်သာ ရှိခဲ့ပြီး ဘိုလော့ဂ်နာအသင်းက အင်တာမီလန်ကို (၂-၁)ဂိုးဖြင့် အနိုင်ယူကာ (၇)ကြိမ်မြောက်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည်။

ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် စီးရီးအေတစ်ခုသာ ချန်ပီယံဆုအတွက် Play-off ကစားသည့်စနစ်ကို ကျင့်သုံးခြင်းဖြစ်သည်။