ဖိအားဖြစ်နေသည့် အသင်း၏ဘဏ္ဍာရေးဟန်ချက်အတွက် လာမည့်နွေရာသီတွင် တန်ကြေးမြင့်ကစားသမားရောင်းချမှုများ ပြုလုပ်သွားရန် ဘာစီလိုနာ စီစဉ်

ဖိအားဖြစ်နေသည့် အသင်း၏ဘဏ္ဍာရေးဟန်ချက်အတွက် လာမည့်နွေရာသီတွင် တန်ကြေးမြင့်ကစားသမားရောင်းချမှုများ ပြုလုပ်သွားရန် ဘာစီလိုနာ စီစဉ်
Photo: BarcaTimes
Photo: BarcaTimes
Published 22 April 2024

ဘာစီလိုနာအသင်းသည် စောင့်ကြည့်ဝေဖန်မှုများ၊ ဖိအားများနှင့် ရင်ဆိုင်နေရသည့် အသင်း၏ဘဏ္ဍာရေးဟန်ချက်ပြဿနာအတွက် လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း တန်ကြေးမြင့်ကစားသမားရောင်းချမှုများပြုလုပ်သွားရန်စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်နှစ်များအတွင်းက ဘဏ္ဍာရေးဟန်ချက် မတည်ငြိမ်မှုများ၊ လစာငွေဖောင်းပွမှုများကြောင့် ဖိအားများနှင့် ရင်ဆိုင်ခဲ့ရသလို၊ လက်ရှိအချိန်တွင်လည်း အပြောင်းအရွှေ့ကိစ္စရပ်များ၊ ကစားသမားလစာငွေပေးချေမှုများတွင် လာလီဂါအဖွဲ့ချုပ်၏ ကန့်သတ်ချက်စည်းမျဉ်းများအတိုင်း ခက်ခဲစွာလုပ်ဆောင်နေရကြောင်း သိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်းအနေဖြင့် အသင်း၏ ဘဏ္ဍာရေးဟန်ချက်တည်ငြိမ်စေရန်နှင့် ကြယ်ပွင့်ကစားသမားသစ်များကိုခေါ်ယူနိုင်ရန်အတွက် လက်ရှိကစားသမားများထဲမှ ပြောင်းရွှေ့ကြေးမြင့်မားစွာရရှိနိုင်မည့် ကြယ်ပွင့်ကစားသမားများကို ရောင်းချသွားရန်စီစဉ်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၄-၂၅ ရာသီသစ်စတင်ချိန်တွင် အသင်း၏ ဘဏ္ဍာရေးဟန်ချက်တည်ငြိမ်စေရန် ပစ်မှတ်ထားနေကြောင်းသိရသည်။

ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်း၏အဓိက ကစားသမားများထဲမှ နောက်ခံလူတစ်ဦး၊ ကွင်းလယ်လူတစ်ဦးနှင့် တိုက်စစ်ကစားသမားတစ်ဦးအားရောင်းချသွားရန်စီစဉ်နေပြီး ပြောင်းရွှေ့ကြေးအနည်းဆုံး ယူရိုသန်း (၂၀၀)အထိရရှိရန် မျှော်လင့်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

စပိန်အားကစားသတင်းစာ Marca ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း အဓိကနောက်ခံလူနှစ်ဦးဖြစ်သည့် ခွန်ဒဲနှင့် အာရူဟို်တို့ထဲမှ တစ်ဦးအားရောင်းချသွားရန်စီစဉ်ထားပြီး လက်ရှိအခြေအနေအရ အာရူဟိုအား လာမာစီယာအကယ်ဒမီထွက် လူငယ်နောက်ခံလူ ကူဘာဆီနှင့်တွဲဖက်ကာ အသင်း၏ရေရှည်ခံစစ်အတွဲအဖြစ် ရည်ရွယ်ထားသည့်အတွက် ခွန်ဒဲအားဦးစားပေးရောင်းချသွားဖွယ်ရှိနေကြောင်းသိရသည်။

အသက် (၂၅)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်နောက်ခံလူ ခွန်ဒဲသည် ၂၀၂၂ နွေရာသီက ဆီဗီလာအသင်းမှ ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး  ၎င်း၏လက်ရှိစျေးကွက်တန်ကြေး ယူရိုသန်း (၅၀) ပမာဏမှာလည်း ဘဏ္ဍာရေးအကျပ်အတည်းများရင်ဆိုင်နေရသည့် အသင်းအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ခွန်ဒဲအပြင် အသင်း၏နောက်ထပ်အဓိက ကစားသမားများဖြစ်သည့်  ဒတ်ချ်ကွင်းလယ်လူ ဖရန်ကီဒီယွန်းနှင့် ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ညာတို့ကိုလည်း ရောင်းချရန်စီစဉ်နေပြီး ဖရန်ကီဒီယွန်းမှာ ဥရောပထိပ်တန်းကလပ်အသင်းများ၏ ကာလရှည်ပစ်မှတ်ကစားသမားဖြစ်သည့်အတွက် မြင့်မားသည့် ပြောင်းရွှေ့ကြေးရရှိမည်ဖြစ်သလို၊ ရာဖင်ညာမှာလည်း နယူးကာဆယ်အသင်းနှင့် ယူရိုသန်း (၈၀)တန် ပြောင်းရွှေ့ကြေးသတင်းများထွက်ပေါ်လျက်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

Most Read

Most Recent