စာမေးပွဲနဲ့ မြန်မာ့ပညာရေး

စာမေးပွဲနဲ့ မြန်မာ့ပညာရေး
ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးနောက် ပြန်လည်ထွက်ခွာလာသော  ကျောင်းသား၊ ကျောင်းသူများကို တွေ့ရစဉ်  ( ဓာတ်ပုံ - ကြည်နိုင်)
ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခုတွင် ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးနောက် ပြန်လည်ထွက်ခွာလာသော  ကျောင်းသား၊ ကျောင်းသူများကို တွေ့ရစဉ်  ( ဓာတ်ပုံ - ကြည်နိုင်)
Published 26 June 2022
မိုးဧအောင်

ကျမ်းဂန်ပါဠိလာရှိသည်နှင့်အညီ စာမေးပွဲအကြောင်း ဝက်ဘ် စတာအဘိဓာန်ရဲ့ ဖွင့်ဆိုချက်ကနေ စပြီးတာထွက်ကြပါစို့။

စာမေးပွဲဟူသည် “စစ်ဆေး ခြင်း၊ စစ်မေးခြင်း ဖြစ်စဉ်တစ်ရပ်၊ တိုးတက်မှု သို့မဟုတ် အရည်အသွေး ပြည့်မီခြင်း သို့မဟုတ် ဗဟုသုတကို စစ်ဆေးရန်အလို့ငှာ လေ့ကျင့်စဉ် အလိုက် ပုံစံချထားခြင်း၊ အဖြေတစ်ခုရရှိရန် ပုံမှန်ဆောင်ရွက်နေကျ အဆင့်ဆင့်စစ်မေးခြင်း” လို့ ဆိုပါတယ်။

စာမေးပွဲ Examination ဆိုတဲ့ အေါဟာရရင်းမြစ်ဟာ လက်တင်ဘာသာ examinare ဖြစ်ပြီး “အလေးချိန်၊ စစ်ဆေးခြင်း”လို့ အဓိပ္ပာယ်ရ ပါတယ်။ အဲဒီကနေ လက်တင်လို examinatio၊ ပေါရာဏ ပြင်သစ်နဲ့ အင်္ဂလိပ်ဘာသာစကားအတွင်း  examine လို့ ဆင်းသက်လာတာပါ။ အလယ်ခေတ်နောက်ပိုင်း အင်္ဂလိပ် ဘာသာစကားအရ examination ဆိုတာဟာ တစ်စုံတစ်ဦးရဲ့အသိကို ဘယ်အတန်းအစားရှိကြောင်း စစ်ဆေးခြင်း (‘testing (one's con-science) by a standard’) လို့ အဓိပ္ပာယ်ရပါတယ်။

၂၀၀၈ ခုနှစ် သြဂုတ်လထုတ် မြန်မာစာအဖွဲ့ဦးစီးဌာနရဲ့ မြန်မာ အဘိဓာန် (ဒုတိယအကြိမ် ပြင်ဆင် ဖြည့်စွက်ပုံနှိပ်ခြင်း) မှာတော့ “စာမေးပွဲ/စာမေးဗွဲ/န - ပညာအရည်အချင်းစစ်ဆေးမှု” လို့ ဖွင့်ဆိုထားပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်ပညာရေး စနစ်မှာမဆို ရောက်ရှိနေတဲ့ အတန်းကနေ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် စာမေးပွဲစစ်ဆေးခြင်းစနစ်ကို အများဆုံး အသုံးပြုကြပါတယ်။

စာမေးပွဲရဲ့ အလင်းနဲ့ အမှောင်

စာမေးပွဲဆိုတာ စာသင်သားတစ်ယောက်ရဲ့ အရည်အသွေးကို ဆုံးဖြတ်နိုင်ဖို့ ရည်ရွယ်ပိုင်းဖြတ်ပြီး စစ်ဆေးခြင်းဖြစ်တယ်။ ပညာရပ်တို့ရဲ့ သဘောသဘာဝအရ ဖြစ်ထွန်း သိမှတ်ရမယ့် ဗဟုသုတကို တိုင်းတာဆုံးဖြတ်တဲ့ တရားဝင်နည်းလမ်း ဖြစ်တယ်။ ကမ္ဘာအနှံ့မှာ ပုံစံမျိုးစုံသော စာမေးပွဲတွေနဲ့ ပုဂ္ဂလိက တစ်ဦးတစ်ယောက်ချင်းရဲ့ စွမ်းရည်နဲ့ ဉာဏ်ရည် (skills and intelligence) ကို တိုင်းတာနေကြတယ်။ စာမေးပွဲပုံစံ အများစုအနေနဲ့ ရေးဖြေစစ်ဆေးခြင်း၊ လက်တွေ့ဆောင်ရွက်ပုံ အကဲဖြတ်ခြင်း၊ ဘာသာရပ်ရဲ့ သဘော သဘာဝနဲ့လျော်ညီအောင် သီးခြား စစ်မေးပုံစသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။

ဒီနေ့ နည်းပညာအရှိန်အဟုန်နဲ့အတူ အသင့်ဖြစ်၊ အလွယ်ရခေတ်ကြီးက အရှိတရားအစစ်လား၊ အပြ ကောင်းရုံလုပ်ထားတဲ့ အတုအယောင်လားရယ်လို့ သံသယဖြစ် ရှုပ်ထွေးစရာ ရှိလာလေလေ၊ လူတစ်ဦး တစ်ယောက်ရဲ့ ပညာရေးဆိုင်ရာ ပကတိအနှစ်အသားအတွက် စာမေးပွဲတွေက ပိုပြီးအရေးပါလာလေလေလို့ ဆိုကြပြန်တယ်။ စာမေးပွဲရဲ့ အရေးပါမှု ဒီဂရီမြင့်မားလေကျောင်းသားကျောင်းသူအများစုက ကြောက်ကြလေပါပဲ။ ကျွန်တော်တို့ ငယ်ငယ်ကလို အခုအထိအပြောင်းအလဲမရှိ ဖြစ်နေဆဲအချက်ကတော့ စာရရင် စာမေးပွဲကို ချစ်ပြီး၊ စာမရရင် စာမေးပွဲကို ကြောက်တာပါပဲ။

ပညာရှင်တွေရဲ့အလိုအရ စာမေးပွဲကြောင့် အားတက်စရာရှိသလို၊ အားလျော့ဖွယ်ရာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။

စာမေးပွဲကြောင့် ဘာတွေ တိုးတက်မြင့်မားစရာ ရှိသလဲ အရင်ကြည့်ရအောင်။

(၁) စာမေးပွဲတွေကြောင့်သာ လူတစ်ယောက်ဟာ သူ့ရဲ့ ဆောင်ရွက်နိုင်စွမ်းနဲ့ သုတအဆင့်ကို သိခွင့်ရပါတယ်။ (Self Analysis of One's Own Abilities)

(၂) စာမေးပွဲက သက်ဆိုင်ရာအောင် မြင်သူတွေကို သင်ယူမှုနဲ့ လုပ်ကိုင် နိုင်စွမ်း မြှင့်တင်ပေးတယ်။ (Tool for Learning and Working)

(၃) စာမေးပွဲတွေဟာ ယှဉ်ပြိုင်ရဲတဲ့ စိတ်အခြေအနေကို ဖန်တီးပေးသလို လူတစ်ယောက်ရဲ့စွမ်းဆောင်ရည် ပိုထွက်လာအောင်၊ အကောင်းဆုံး အဆင့်ရောက်အောင် တွန်းအားပေး တယ်။ (Spirit of Competition)

(၄) ယှဉ်ရဲတဲ့စိတ်ဓာတ်နဲ့ ကိုယ့်ကိုယ် ကိုယ် အမှန်အတိုင်းသိမြင်ခြင်းက လူတစ်ဦးရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ယုံကြည်မှုဆီကို ဆွဲခေါ်သွားတယ်။ (Development of Personality and Confidence)

(၅) စာမေးပွဲမှာ ရလဒ်တော်သူတွေ အတွက် ပညာသင်ဆုတွေ၊ တခြား ချီးမြှင့်မှုတွေ ကပ်ပါလာတယ်။ (Scholarships and Awards)

(၆) စာမေးပွဲကို အဆင့်မြင့်မြင့် အောင်မြင်ခြင်းဆိုတာ ပိုကောင်းတဲ့ အလုပ်နဲ့ ပိုကောင်းတဲ့ လုပ်ခလစာ ကို ရရှိနိုင်ခြင်းလို့လည်း အဓိပ္ပာယ် ရတယ်။ (Good Future)

(၇) စာမေးပွဲအတွက် ဖြစ်ရတဲ့ စိုးရိမ် ကြောင့်ကြ ဗျာပါဒဟာ ဘဝအတွက် လိုအပ်တယ်လို့ ဆိုပါတယ်။ စာမေး ပွဲဖိအားကြောင့် စာလုပ်ရတဲ့ ကျောင်းသားကျောင်းသူတွေမှာ စိတ်ခွန်အား ပိုကြီးလာတယ်။ အဲဒီ အထပ်ထပ်သော စိတ်ကြံ့ခိုင်မှု ကြောင့် အလုပ်ထဲကိုရောက်တဲ့အခါ ကြုံလာသမျှ ဖိအားတွေကို ကြီးကြီး ကျယ်ကျယ် စိတ်ဓာတ်ကျဆင်းမှု မဖြစ်ဘဲ ရင်ဆိုင်သွားနိုင်တာ တွေ့ ရပါ တယ်။ (Examination Anxiety is Good)

(၈) စာမေးပွဲ တစ်ကြိမ်လုပ်ရုံနဲ့ စာ သင်သားအများအပြားကို အကဲ ဖြတ်နိုင်တယ်။ (Single Examination-Multiple Students)

(၉) စာမေးပွဲတွေ ကျင်းပလိုက် တဲ့အတွက် ဆရာတွေရဲ့ စွမ်းရည်နဲ့ ချို့ယွင်းချက်တွေကိုပါ တိုင်းတာ နိုင်ပြီး ဘယ်ဘာသာရပ်ကိုတော့ ဘယ်လိုပုံစံပြောင်းပြီး ပြန်သင်ပေး ရတော့မယ်လို့ သိနိုင်တယ်။ (Easy Detection of Teaching Flaws)

အထက်မှာဖော်ပြခဲ့တဲ့ အချက် ကိုးချက်ကတော့ စာမေးပွဲကြောင့် ဖြစ်ထွန်းလာနိုင်တဲ့ ကောင်းကျိုးတွေ ပါ။ တစ်ခါ စာမေးပွဲအပေါ် အဆိုး မြင်ကြည့်လို့ရတဲ့ ရှုထောင့်ကို ဆက် ကြည့်ကြတာပေါ့။

(၁) လူအများစုအတွက် ဘာသာစုံ စာမေးပွဲဟာ စိတ်ဖိစီးလေးလံစေပြီး အဲဒီစိတ်အကျဉ်းအကျပ်က တခြား သူတွေကိုပါ ပတ်ပြီး စိတ်ဒုက္ခပေး တတ်တယ်။ (Source of Stress and Pressure)

(၂)  စာမေးပွဲ ‘နတ်ကြီး’ ကြောင့် ခေါင်းကိုက်တဲ့၊ ကိုယ်လက်မအီမသာဖြစ်တဲ့၊ အသိမဲ့’လွတ်’သွားတဲ့၊ အော့အန်တဲ့ ကျန်းမာရေးပြဿနာမျိုး ဖြစ်တတ်တယ်။ (Health Problems)

(၃) စာမေးပွဲကျတဲ့အတွက် ကျန်အရေးအရာကိစ္စရပ်များစွာမှာ ယုံကြည်မှုပျောက်ဆုံးသွား တတ်တယ်။ (Loss of Confidence)

(၄) မူလကတည်းက စိတ်အား ငယ်တတ်လွန်းသူအဖို့ စာမေးပွဲကျရှုံးတာဟာ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံသွားနိုင်တယ်။ (The tendency of Suicide)

(၅) စာမေးပွဲကာလအတွင်း သူနိုင် ကိုယ်နိုင် အပြိုင်ကြဲကြတာကြောင့် သူငယ်ချင်းအချင်းချင်း မိတ်ပျက်သွားတာ၊ မခေါ်နိုင်မပြောနိုင် ဖြစ်သွားတာတွေ ရှိကြတယ်။ (Breaking of Companionship)

(၆) ကျောင်းသားတွေအဖို့ စာမေးပွဲရဲ့ ပကတိရည်စူးချက်ကို သိမြင်နိုင်စွမ်းအားနည်းတယ်။ စာမေးပွဲအောင်ဖို့၊ အမှတ်ကောင်းဖို့၊ ကျောင်းကောင်းကောင်းမှာ ဝင်ခွင့်ရဖို့ ဆိုတာထက် ပိုမသိကြဘူး။ ရှေ့က လူတွေသွားသလို လမ်းအိုအတိုင်း လိုက်ကြတာပဲ။ (Exams are a Formality)

(၇) စာမေးပွဲကြောင့် ဖြစ်လာတတ်တဲ့ နွမ်းနယ်မှု၊ ဖိအားနဲ့ တခြား ပြဿနာတွေဟာ အကြောက်တရားနဲ့ စာမေးပွဲအပေါ် မုန်းတီးမှုကို မွေးဖွားပေးပြီး နောက်ပိုင်းမှာ သင်ယူလေ့လာမှုအပေါ် စိတ်ဝင်စားမှု၊ ယုံကြည်ကိုးစားမှုပါ လျော့ပါးလာတတ်တယ်။ (Pressure Creates Disinterest in Studies)

(၈) စာမေးပွဲတွေဟာ အပေါ်ယံ သဘောဆက်စပ်ပတ်သက်ရာ ဗဟုသုတ သို့မဟုတ် သင်ယူထားမှုကိုသာ တိုင်းတာနိုင်တဲ့ အခြေအနေဖြစ်ခဲ့ရင် အဲဒီအချက်ကပဲ စာမေးပွဲရဲ့ရည် ရွယ်ချက်အလုံးစုံကို ရေစုန်မျှောပစ် လိုက်ပါတယ်။ ဂရိတ်နိမ့်နိမ့် ပုဂ္ဂိုလ်က ဘဝမှာ အောင်မြင်သူဖြစ်နေချိန်၊ မိုးပျံအောင် ဂရိတ်မြင့်သူက ဘဝမှာ မအောင်မမြင် ဖြစ်နေတာမျိုးပါ။ (Examinations are not the Real Test)

ဒါကြောင့် စာမေးပွဲရဲ့ အလင်း ဘက်ခြမ်းနဲ့ အမှောင်ဘက်ခြမ်းဆိုပြီး အခုလိုတွေ့ရှိထားကြပေမဲ့ တကယ် အနှစ်ချုပ်လိုက်ရင် ပုဂ္ဂလိက တစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ရည် ကိုယ်သွေးနဲ့ ဓလေ့စရိုက်ပေါ် မူတည်ပြီး အပြုရလဒ် ဒါမှမဟုတ် အပျက်ရလဒ် ထွက်ပေါ်လာတယ်လို့ပဲ ဆိုရမှာပါ။ ပညာရေးမစ်ရှင်၊ သင်ရိုးရည်မှန်းချက်နဲ့ အပ်စပ်လျော်ကန်တဲ့ စာမေးပွဲတွေဟာ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုတွေ၊ ဝန်ထုပ်ဝန် ပိုးတွေ မဖြစ်စေဘဲ  ဖြေဆိုသူ တစ်ယောက်ချင်းစီအတွက် တောက်ပ တဲ့အနာဂတ်ဆီ လမ်းဖွင့်ပေးနိုင်ပါတယ်။

ကြုံခဲ့ရတဲ့ အခြေခံပညာစာမေးပွဲတွေ

၁၉၈၈ ခုနှစ်၊ နဝတ အာဏာမသိမ်းခင်အထိ မြန်မာ့ပညာရေးရဲ့ အခြေခံပညာအဆင့် စာမေးပွဲ စစ်ဆေးပုံကို ပြန်ကြည့်ကြပါစို့။

စာသင်နှစ်ဟာ ခုလက်ရှိ ကာလအတိုင်း ဇွန်လမှာ အစပြုပြီး အခြေခံပညာ အထက်တန်း/အဆင့် မြင့် တန်းစာမေးပွဲများပြီးချိန် မတ်လကုန်မှာ စာသင်နှစ်ကုန်ဆုံးပါတယ်။ စာသင်နှစ်တစ်နှစ်တာအတွင်း အစမ်းစာမေးပွဲနှစ်ကြိမ်၊ အတန်းတင်စာမေးပွဲတစ်ကြိမ် စုစုပေါင်း သုံးကြိမ် စာမေးပွဲစစ်ပါတယ်။ ပထမအစမ်းစာမေးပွဲဟာ မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လမပြည့်ခင် နှစ်ရက်၊ တောဖိတ်နေ့မှာ နောက်ဆုံးဘာသာ ပြီးရပါတယ်။ သူငယ်တန်းကနေ ဒသမတန်းအထိ တစ်ရက်ကို တစ်ဘာသာနှုန်း၊ တစ်ဘာသာကို ခွင့်ပြုနာရီ အတန်းတင်စာမေးပွဲအတိုင်း တစ်ညီတည်းဖြစ်ပြီး အမှတ် ၁၀၀ ဖိုး အပြည့်စစ်ဆေးတာပါ။ အင်္ဂလိပ်ပြက္ခဒိန်နဲ့ ပြန်ညှိကြည့်ရင် ပုံမှန်နှစ်များမှာ အောက်တိုဘာလဆန်းပိုင်း စာမေးပွဲစပြီး လလယ်လောက်မှာ အပြီးသတ်ပါတယ်။ ၀ါ ထပ်တဲ့နှစ်မှာတော့ အောက်တိုဘာ လကုန်ခါနီးအထိ ရောက်သွားပါ တယ်။ ပထမအစမ်းပြီးချိန်မှာ သီတင်းကျွတ်ကျောင်းပိတ်ရက်ပါ။ ဒုတိယအစမ်းကတော့ အင်္ဂလိပ် ပြက္ခဒိန် ခရစ္စမတ်မတိုင်မီတစ်ရက်၊ ဒီဇင်ဘာ ၂၄ ရက်မှာ နောက်ဆုံးဘာသာအပြီး စာမေးပွဲအချိန်ဇယား ဆွဲပါတယ်။ စာမေးပွဲပြီးချိန်မှာ ခရစ္စမတ်ကနေ လွတ်လပ်ရေးနေ့အထိ ဒီဇင်ဘာကျောင်းပိတ်ရက်ပေါ့။

အတန်းတင်စာမေးပွဲကြီးကိုတော့ ဖေဖော်ဝါရီလ ဒုတိယပတ်က စပြီး မူလတန်း၊ အလယ်တန်း၊ နဝမတန်း စာမေးပွဲပြီးချိန် ရက်မတူဘဲခွာပြီး ရေးဆွဲပါတယ်။ အတန်းငယ်တွေဟာ ဖေဖော်ဝါရီလ ဒုတိယပတ်၊ အလယ်တန်းတွေ တတိယပတ်နဲ့ နောက်ဆုံး နဝမတန်းတွေကတော့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ အပြီးအစီး စစ်ဆေးပါတယ်။ မြန်မာ နိုင်ငံစာစစ်အဖွဲ့က ကျင်းပတဲ့ ဒသမတန်းစာမေးပွဲကတော့ မတ်လဒုတိယပတ်မှာ စ,လေ့ရှိပါတယ်။

အဲဒီခေတ်ကစာမေးပွဲသုံးမျိုးစလုံးရဲ့ ပထမဆုံးထူးခြားချက်တော့ စာမေးပွဲနီးတဲ့အခါ အတန်းထဲမှာ မေးခွန်းသီးခြားထုတ်ပြီး အဖြေနဲ့ ကွက်တိရိုက်တဲ့ စပေါ့ (Spot) ပုံစံမျိုး ဘယ်အတန်း၊ ဘယ်ဘာသာရပ်၊ ဘယ်ဆရာကမှ မသင်ခဲ့ပါဘူး။ ပထမအစမ်းအတွက်ဆိုရင် ဇွန်လ ကျောင်းဖွင့်ချိန်အစ သင်ခန်းစာကနေ စက်တင်ဘာလကုန်အထိ သင်သမျှ အကုန်ကြည့်ပါပဲ။ စာမေးပွဲနီးလို့ သဘောကောင်းတဲ့ ဆရာ၊ ဆရာမကများ အောက်တိုဘာလဆန်း ပြန်လှန်သင်ကြားခြင်း (Revision) လုပ်ချိန်မျိုးမှာ “ဒီအပုဒ်လေးက မေးလို့ကောင်းတယ်” ပြောလိုက်ရင် ကျက်ရ၊ တွက်ရ အမောသားပါပဲ။ ပြောတဲ့အချိန်မှာလည်း တန်းခွဲ A ကနေ  F အထိရှိရင်၊ အကုန်လုံးကို တစ်ညီတည်း ပြောတာပါပဲ။ တချို့ဆရာ၊ ဆရာမကတော့ A,B,C မှာ တစ်မျိုး၊ D,E,F မှာ နောက်တစ်မျိုး ဒီသင်ခန်းစာကိုပဲ မေးခွန်းအလှည့်အပြောင်း လုပ်ပြပြီး သင်သွားရင် မုန့်စားကျောင်း ဆင်းချိန်၊ ထမင်းစားကျောင်းဆင်း ချိန်မှာ တစ်ခန်းနဲ့တစ်ခန်း မေးခွန်း ဖလှယ်ရသေးတာ။ ဒီစာရေးနေရင်း အဲဒီဆရာ၊ ဆရာမတွေကို ကျွန်တော် ဦးတင်ရိုကျိုးရှိခိုးလိုက်ပါတယ်။ ခွဲခွဲခြားခြား လုပ်ဖို့ရာ အကြောင်းတစ်စုံတစ်ရာ မရှိပုံကလည်း ကျွန်တော်တို့ အခြေခံပညာပြီးဆုံးချိန်အထိ ဘယ်ဆရာ၊ ဆရာမမှ ပိုက်ဆံယူပြီး ကျူရှင်ဖွင့်မစားခဲ့ဘူးလေ။ ကျူရှင်ဆိုတာ ကျောင်းဆရာ၊ ဆရာမနဲ့ ကင်းလွတ်ရာနယ်မြေဖြစ်ပါတယ်။

အဆိုးဆုံးလို့ ထောက်ပြစရာအဖြစ် အပြင်မှာ ကျူရှင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို “နင်တို့ ငါ့တွက်နည်းအတိုင်း မဟုတ်ဘဲ ဟိုကဒီကနည်းတွေနဲ့ အဖြေထုတ်ရင် အမှတ်မပေးဘူးနော်” လို့ တချို့ဆရာ၊ ဆရာမက ပြောတတ်တာမျိုးပါပဲ။ အလားတူ ဒုတိယအစမ်းအတွက်ကျတော့ ပထမအစမ်းမှာ မမေးဘဲချန်ခဲ့တာ တွေရယ်၊ နိုဝင်ဘာလအတွင်း သင်တာတွေရယ် အကုန်ရောပြီး မေးခွန်းထုတ်တာပါ။ အတန်းတင် စာမေးပွဲကြီးနီးတဲ့ ဇန်နဝါရီလ တတိယပတ်၊ နောက်ဆုံးပတ်မှာ ပြန်လှန်သင်ကြားခြင်းလုပ်ပြီး အနည်းဆုံး အောင်မှတ်ရနိုင်ဖို့ ပြန်နွှေးပေးပါတယ်။ အဲဒီလိုလုပ်ပေးတာလည်း တပည့်အားလုံးအပေါ် တစ်ညီတည်းပါပဲ။ မေးကွင်းမေးကွက်ကတော့ ဇွန်လကနေ ဇန်နဝါရီအထိ သင်ရိုးကုန်ထဲကပဲ မေးခွန်း ထုတ်သွားတာပါ။

ဒီတော့ ကျောင်းလစ်တဲ့သူ၊ စာမစုံတဲ့သူ၊ အိမ်နဲ့မိသားစုရဲ့အခက်အခဲဒဏ် ခံရတဲ့သူတချို့စာမေးပွဲ ကျတတ်ပါတယ်။ သူငယ်ချင်းတွေ ကွဲကြပါတယ်။ နောက်နှစ်ပြန်ကြိုးစားပေါ့။ ခုမှပြန်စဉ်းစားမိတာက ကျောင်းထွက်တဲ့ Drop Out ကိစ္စပါ။ အဲဒီအချိန်က စာမေးပွဲကျခဲ့တဲ့ ကျွန်တော့်သူငယ်ချင်းတွေဟာ နောက်တစ်နှစ် ထပ်ကြိုးစားပြီး အတန်းပြန်အောင်လာသူက အားလုံးလိုလိုပဲ။ နှစ်နှစ်လောက်ကျမှ အပြင်ရောက်သွားတာမျိုးက ရှားရှားပါးပါးပါ။

စာမေးပွဲစစ်ပုံကိုလည်း အမှတ်တရ ပြောရပါ့မယ်။ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းတွေမှာ ပဥ္စမတန်းကစပြီး ဒသမတန်းအထိ ဘာသာစုံမေးခွန်းတွေကို ကျောင်းတွင်းစာစစ် အဖွဲ့လက်ထဲအထိ သက်ဆိုင်ရာဘာသာပြဆရာ၊ ဆရာမတွေက အပ်ရပါတယ်။ ကျောင်းအုပ်ကြီးက ဥက္ကဋ္ဌ၊ သူ ယုံကြည်စိတ်ချရသူ အထက်တန်းပြတစ်ယောက်က အတွင်းရေးမှူး၊ ကျန်ဘာသာရပ်အလိုက် တစ်ဦးစီ အဖွဲ့ဝင်အဖြစ်ပါတဲ့ ကျောင်းတွင်း စာစစ်အဖွဲ့က မေးခွန်းတွေကို ဖယောင်းဖောက်၊ ဂက်စတင်နာနဲ့ လှိမ့်၊ စာမေးပွဲမဖြေခင် ၁၀ မိနစ်အလိုကျမှ အခန်းအလိုက် စာမေးပွဲစောင့် တာဝန်ကျဆရာရဲ့လက်ထဲအပ်တာပါ။ မင်မခြောက်တစ်ခြောက်၊ ဖယောင်းနံ့သင်းနေတဲ့ စစ်တောင်းစက္ကူအညို မေးခွန်းစာရွက်နံ့ကို ခုတောင် ရနေသလိုပါပဲ။ အတန်းတင်စာမေးပွဲကြီးကျတော့ ဘာသာပြဆရာတွေဟာ မေးခွန်း နှစ်စုံ ပေးရပါတယ်။ (အဲဒီနှစ်စုံစလုံး အတန်းထဲမှာ ချသင်မယ်မထင်လေ နဲ့။ ဘယ်ဆရာမှ မလုပ်ဘူး)။ စာစစ်အဖွဲ့က အဲဒီနှစ်စုံကနေ တစ်စုံအဖြစ် စိတ်ကြိုက်မွှေပြီးမှ ကျွန်တော်တို့ ဖြေရမယ့် အတန်းတင်စာမေးပွဲ မေးခွန်းဖြစ်လာတာပါ။

အဲဒီခေတ်က ဘာသာပြဆရာ၊ ဆရာမတွေနဲ့ စာစစ်အဖွဲ့အကြားမှာ ယုံကြည်မှုရေချိန် (Trust Degree) အလွန်မြင့်မားတယ်လို့ ပြောနိုင်ပါတယ်။ အဖြေလွှာတွေကို ဘာသာပြဆရာက ရာနှုန်းပြည့်တာဝန်ခံပြီး သူ့အိမ်မှာ ယူစစ်ခိုင်းခဲ့လို့ပါ။ ကျွန် တော်တို့ ဆရာ၊ ဆရာမတွေကလည်း သိက္ခာကိုရိက္ခာနဲ့ မလဲခဲ့ပုံများ အောင်စာရင်းမထွက်မချင်း ဘယ်သူ၊ ဘယ်နှမှတ်ရကြောင်း ပြောဖို့ဝေးစွ၊ လာမေးရင်တောင် သူ့ကို အထင်သေးတာလားလို့ ခံစားခဲ့ကြသူတွေပါ။

အဲဒီတုန်းက ဘာသာရပ်တိုင်း ပေးမှတ် ၁၀၀ ဖြစ်ပြီး အောင်မှတ်က ၄၀ ပါ။ စာမေးပွဲကြီးမှာ ခြေချော်လက်ချော် တစ်ဘာသာကျရင်၊ နှစ်ဘာသာကျရင် မအောင်ဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကျောင်းတွင်း စာစစ်အဖွဲ့ဟာ “အောင်/ရှုံးမူ” ကို ဘာသာရပ်အလိုက် အမှတ်မဖြည့်ခင်မှာ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ကြပါတယ်။ ဘာသာစုံအောင်သူ - CP (Clear Passed)၊ တစ်ဘာသာကျ၍ ကျသောဘာသာ ရမှတ် ၃၅ မှတ်အထက်ရှိပြီး ကျန် ဘာသာများအောင်မြင်ခဲ့သော် (P-1)၊ ကျသောဘာသာ ၃၀ မှ ၃၄ မှတ်ရှိပြီး ကျန်ဘာသာများ အောင်မြင်ခဲ့သော် (P-2)၊ နှစ်ဘာသာကျပြီး (၃၀ - ၃၉) မှတ်အတွင်း သို့မဟုတ် တစ်ဘာသာကျပြီး ရမှတ် ၂၅ မှတ်အထက် ရှိခဲ့ သော် (P-3) စသဖြင့် “အောင်/ရှုံးမူ” ကို အစည်းအဝေးဆုံးဖြတ်ချက်နဲ့ သွားခဲ့ကြတာပါ။ ပြီးမှ အတန်းအလိုက် စာသင်သား အမည်၊ ဘာသာ ရပ်အလိုက် အမှတ်ဖြည့်တာ စ,လုပ်ပါတယ်။ “မူကိုပြတ်အောင် အရင်ဆွဲရတယ်။ ပြီးမှ လူထည့်လိုက်။ လူနဲ့ အမှတ်တွေနဲ့ သိပြီးမှ ငါနဲ့ဘယ်လိုပတ်သက်တယ်ဆိုတာ ပေါ်လာရင် စိတ်စနိုးစနောင့် ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် မရိုးသားတာ ဖြစ်ကုန်တော့မှာပေါ့” လို့ အဲဒီလို ကျောင်းစာစစ်အဖွဲ့ မှာ နှစ်ရှည်လများ ကျောင်းအုပ်ကြီး အဆက်ဆက် တာဝန်ယူခဲ့သူ ဆရာ အိုက ပြောပြပါတယ်။ လက်ရှိမှာ သူဟာ အသက် ၇၈ နှစ်ထဲ ရောက်နေပါပြီ။ သူ စာစစ်အတွင်းရေးမှူး လုပ်စဉ်က သူ့သား နဝမတန်း ကျောင်းသားဟာ C-3 မှာ တစ်မှတ်လိုလို့ ကျောင်းစစ်စာမေးပွဲ တစ်နှစ် ကျခဲ့ရပါတယ်။

ဂျန်ဇီး (Generation Z) ခေတ် စာမေးပွဲတွေ

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ တပ်မတော်က နိုင်ငံတော် အာဏာသိမ်းပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) အဖြစ် အစိုးရလုပ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရကို ပြုတ်ကျစေခဲ့တဲ့ မီးပွားအစဟာ တက္ကသိုလ်ထဲက လာခဲ့တာမို့ တက္ကသိုလ်ကအစ သူငယ်တန်းအဆုံး ကျောင်းတွေ တော်တော်နဲ့ မဖွင့်နိုင်ခဲ့ပါဘူး။ တက္ကသိုလ်တွေမှာ စာသင်နှစ် နှစ်နှစ်စာတစ်ကြိမ်နဲ့ ၁၉၉၁ ခုနှစ် ဒီဇင်ဘာမှာ နောက်ထပ်ကိုးလ ပိတ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ရန်ကုန်တက္ကသိုလ် စိန်ရတုနှစ်နဲ့အတူ ပညာရေးကို တည်ဆောက်ဖို့ စစ်အစိုးရဟာ အားထည့်ခဲ့ပါတယ်။ ဒါပေမဲ့ ပညာရေး မူဝါဒက ပြောင်းသွားခဲ့ပြီ။

နိုင်ငံရေးကို အခြေပြုပြီး ပညာရေးကို ချဉ်းကပ်စမှာ နှစ်အလိုက် ကောင်းနိုးရာရာတွေ စဉ်းစားရင်း တစ်သွေး၊ တစ်သံ၊ တစ်မိန့်ဆိုတော့ အကောင်အထည်ဖော်တာလည်း မြန်ပါတယ်။

ပထမအစမ်း၊ ဒုတိယအစမ်း စာမေးပွဲ မရှိတော့ဘဲ အခန်းဆုံးစစ်ဆေးခြင်း (Chapter-end Test) ကို တစ်လချင်းဖြတ်၊ ၂၅ မှတ်ဖိုးမေး၊ ရာခိုင်နှုန်းလိုချင် လေးနဲ့မြှောက် ပစ်လိုက်တာပါပဲ။ တစ်ခါ ပညာရေး လောကအတွင်း တက္ကသိုလ်ကအစ သူငယ်တန်းအဆုံး ၀ိုင်းကျူရှင်၊ အိမ်ကျူရှင်သင်တဲ့ ဘာသာပြ၊ အတန်းပိုင် ဆရာ၊ ဆရာမတွေ “မိုးဦး ကျမှိုကျင်းများလို” အစီအရီ ပေါ်လာခဲ့ချိန်ပေါ့။ နောက်တစ်ချက် စာသင်ခန်းထဲမှာ မေးခွန်း၊ အဖြေ အတိအကျ Spot ရိုက်ပြီးသင်တဲ့ ဓလေ့ ပေါ်လာတာပါ။ ဒါကြောင့် ကလေးတွေ စာမေးပွဲသွားဖြေချိန် “မှန်၊ မှား၊ မှန်နှစ်ခု၊ မှား”ဆို ပျော်ပျော်ကြီး အော်ခဲ့ကြသပေါ့။ မေးခွန်းရဲ့အစဉ် (Serial) ကိုများ တစ်ချက်ပြောင်းခဲ့သော် မတွေးရဲစရာပေပဲပေါ့။ ဒါပေမဲ့ ဆရာ၊ ဆရာမတွေကလည်း သဘောပြည့်ပါတယ်။ တပည့်တွေ ဒုက္ခရောက်အောင် ဘယ်လုပ်ပါ့မလဲ။ မှားမှန်ရောထွေး အမှန်ရွေး (Multiple Choice) ဆိုရင်လည်း "B, A, B, C, A" ဆို ရဲရဲကြီး အော် ဖြေခဲ့ကြတာပါ။ ဆိုးချင်တိုင်းဆိုးလို့ စာမပါတဲ့ အဖြေလွှာတွေအတွက် စာစစ်သူ ဘာသာပြခမျာ ကျောင်းနားက တပည့်ကိုင်နေကျ ဘောပင်ကိုဝယ်ပြီး ဆောင်ထားရပါတယ်။ ဖြေဆိုသူ ၁၀၀ မှာ သုံးယောက် လောက်များ ကျခဲ့ရင်၊ မအောင်

“အောင်” အောင် သင်္ကြန်အပြီး နွေပူပူမှာ “ကုစား” ရတော့မှာလေ။ ဒီတော့ ဆရာကလည်း အသင်အပြကောင်း၊ ကျောင်းသားကလည်း ဖြေနိုင်ဆိုတော့ တန်းလုံးကျွတ် အောင်ကုန်ကြတော့ပါပဲ။ ပေါ့ပေါ့ နေ၊ ပေါ့ပေါ့စား ကျောင်းအုပ်တစ်ယောက်များဆိုရင် အောင်စာရင်းထွက်တဲ့နေ့၊ ကျောင်းရှေ့သင်ပုန်း ကြီးမှာ “တစ်ကျောင်းလုံး အောင်သည်။ ပုံ ×××။ ကျောင်းအုပ်ကြီး” ဆိုပြီး အောင်စာရင်းထုတ်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်များရဲ့ အခြေခံပညာ စာမေးပွဲတွေပါ။

“မဖြေ ၄၀၊ ဖြေ ၆၀၊ မအောင် မရှိ၊ ငါ့တပည့်” နှစ်ကာလများလို့ သမိုင်းမှတ်တမ်းတင်ရပါမယ်။

အဲဒီခေတ်ရဲ့ ပညာရေးပုံရိပ်၊ စာမေးပွဲလုပ်ပိုင်ခွင့်တွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ စာရေးဆရာ မင်းသစ်က အခုလို ရေးပြခဲ့ပါတယ်။

“CPR (Comprehensive Personal Record) ကြောင့် ဆရာမ ၏လက်ထဲတွင် ခွင်ပေါင်း ကိုးခွင် ရောက်နေသည်။

(၁) ကျောင်းတက်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်။ မပြည့်

(၂) ကျောင်းစည်းကမ်းလိုက်နာမှု ရှိ။ မရှိ

(၃) ကျောင်းဝေယျာဝစ္စများလုပ် ဆောင်ခြင်း ရှိ။ မရှိ

(၄) မိဘကိုကူညီခြင်း ရှိ။ မရှိ

(၅) ဒေသဖွံ့ဖြိုးရေးတွင်ပါဝင်မှု ရှိ။ မရှိ

(၆) အနုပညာ၊ စာပေလှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်မှု

(၇) အကျိုးပြုလုပ်ငန်းများ ဆောင် ရွက်ခြင်း ရှိ။ မရှိ

(၈) အားကစားလှုပ်ရှားမှုတွင် ပါဝင်ခြင်း ရှိ။ မရှိ

(၉) ကျောင်းစိမ်းလန်းစ ပြည်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း

ထိုခွင်တွေအားလုံး အတန်းပိုင် ဆရာများ၏ လက်ဝယ်တွင်ရှိ၏။ အခန်းဆုံးစစ်မေးခြင်း စာမေးပွဲ မေးခွန်းများမှာလည်း ဆရာမလက်ထဲမှာသာ ရှိ၏။

(စားစရာမရှိရင်နေ၊ ကျူရှင်ဖိုးသာ ရှာပေတော့ အဖေကြီးရေ။)

ကောင်းပြီ။ အဆိုပါ CPR စနစ်ကို ရိုးသားစွာ အကောင်အထည်ဖော်ကြမည်ဆိုလျှင်လည်း ဆရာအင်အား လိုပါသည်။ စင်ကာပူရောက်ဖူးသူတိုင်း Orchid လမ်းမကြီးပေါ်တွင် ကျောင်းပြင်ပ CPR လုပ်ငန်းများ လုပ်နေကြသော ကျောင်းသား ကျောင်းသူလေးများနှင့် သူတို့၏ ဆရာဆရာမများကို တွေ့ဖူးကြပေမည်။ ကျောင်းသား ကျောင်းသူ ၂၀ ခန့်တွင် ဆရာ ဆရာမ အနည်းဆုံး တစ်ယောက်စီ ပါလာသည်။ ကျွန်တော်တို့နိုင်ငံရှိ ကျောင်းများတွင် တစ်တန်းလျှင် ကျောင်းသား ၆၀-၇၀ ခန့်တွင် ဆရာတစ်ယောက်။ ဘယ်လိုလုပ်ပြီး အကဲဖြတ် အမှတ်ပေးကြမလဲ။ ထို့ပြင် ဆရာ ဆရာမ လက်ထဲတွင် Grace-marks ခေါ် အပို သုံးမှတ်ပေးခွင့် ပေးထားသေးသည်။ ထိုအခါ တက္ကသိုလ်ဝင်တန်းမှအပ သူငယ်တန်းမှသည် ကိုးတန်းအထိ၊ အတန်းပိုင် ဆရာ ဆရာမများ နှင့် ခက်သောဘာသာရပ်များ သင်ဆရာ ဆရာမများ၏ ကျူရှင်များကို တက်ကြရတော့သည်။ ပညာတတ်ချင်၍ မဟုတ်။ အောင်ချင်၍ တက်ကြရသော၊ ကြောက်၍ တက်ကြရသော ဒကြောက်သင်ခန်းစာများ”သာ ဖြစ်ကုန်ကြတော့သည်။”

တက္ကသိုလ်နဲ့ စာမေးပွဲ

၁၉၇၀ ပြည့်လွန်နှစ်များက စီမံခန့်ခွဲမှုသိပ္ပံဘွဲ့ M.Sc. (Warwick) ယူဖို့ အင်္ဂလန်ကို ကျောင်းသွားတက်ခဲ့တဲ့ ပါမောက္ခဒေါက်တာအောင် ထွန်းသက်က သူ့ရဲ့ စာမေးပွဲ အတွေ့အကြုံတွေ သူ့သမီးကို ပြန်ပြောပြရာမှာ “စာမေးပွဲနီးကပ်လို့ ဖေဖေ နေ့မအား ညမအား စာကျက်ရတယ်။ တစ်ယောက်တည်းကျက်ရသလို သူငယ်ချင်းတွေနဲ့စုပြီး စာတွေကို ဆွေးနွေးရတယ်။ တိုင်ပင်ကြရတယ်။ အချိန်တိုင်းလိုလို စာကြည့် တိုက်မှာပဲ အချိန်ကုန်ခဲ့တယ်။ အားကစားလည်း မလုပ်နိုင်တော့ဘူး။ စာမေးပွဲက မအောင်လို့ မဖြစ်ဘူးလေ။ ဒီစာမေးပွဲအောင်မှ Ph.D တက်နိုင်မှာ။ ဒါကြောင့် အောင်ကို အောင်မှဖြစ်မှာမို့ အစွမ်းကုန် အားထည့်ခဲ့တယ်။ စာမေးပွဲဖြေတဲ့အခါ မေးခွန်းတွေက ထင်တာထက် ခက်တာတွေ့ရတယ်။ စာစီစာကုံး သဘောနဲ့ ရေးဖြေရသလို multiple choice မေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ရတယ်”လို့ ရေးပြခဲ့ပါတယ်။ ထိတ်ထိတ်ကြဲ အဆင့်ရှိတဲ့ တက္ကသိုလ်မှာ စာမေးပွဲရဲ့ အရေးပါပုံပါ။

ဒီနေ့လို သတင်းအချက်အလက်နည်းပညာ ကြီးစိုးနေတဲ့တိုင် ပညာရေးထိပ်တန်းရောက်နေတဲ့ နိုင်ငံကြီးတစ်ခုရဲ့ စာမေးပွဲအပေါ် သဘောထားကိုတော့ ဆရာကျော်ဝင်းက “အစဉ်အလာအရ ဆရာ တစ်ယောက်၏ အရည်အချင်းကို သင်ကြားရေးပုံစံ၊ ကျောင်းသားများ၏ စိတ်ပါဝင်စားမှု၊ စာသင်ခန်း ဆွေးနွေးပွဲများတွင် ဦးဆောင်နိုင်စွမ်း စသောအချက်များဖြင့် တိုင်းတာ လေ့ရှိပါသည်။ ယခု မလုံလောက်တော့ပါ။ အရည်အချင်းမီ ကျောင်းသားများ မွေးထုတ်နိုင်စွမ်းနှင့် တိုင်းတာတော့မည်ဖြစ်ပါသည်။ ကျောင်းသားအရည်အသွေးကို တိုင်းတာရာတွင် ယခင်ကလို အတန်းတင် စာမေးပွဲ တစ်ခုတည်းကိုသာ ဗဟိုပြုတော့မည်မဟုတ်ပါ။ တီထွင်ဖန်တီးနိုင်စွမ်း၊ ဝေဖန်ဆန်းစစ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်းရေးစွမ်းရည်များကိုပါ စစ်ဆေးပြီး ဒေတာမှတ်တမ်းများနှင့် ချိန်ထိုးစဉ်းစားမည်ဖြစ်သည်။ သို့နှင့်တိုင် စာမေးပွဲစနစ်ကိုတော့ ဖျက်သိမ်းလိမ့်မည်မဟုတ်ပါ။ အဆုံးအဖြတ်မဟုတ်သည့်တိုင် အရေးကြီးသည့် ပြဒါးတိုင်တစ်ခု ဖြစ်မြဲဖြစ်နေပါလိမ့်မည်”လို့  “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ်မှာ ရေးသားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာတက္ကသိုလ်များ စာမေးပွဲတွေ အခြေအနေ ဘယ်လိုရှိပါစ။ ပါမောက္ခ ဒေါက်တာ သောင်းဌေးက “၁၉၈၈ ခုနှစ်မတိုင်မီ စာရေးသူ ဖြတ်သန်းကြုံတွေ့ခဲ့ရ သည့် စာမေးပွဲအတွေ့အကြုံအချို့ကို ဝေမျှလိုပါသည်။ စာရေးသူတို့ ဝင်ရောက်ဖြေဆိုခဲ့ရသည့် အထက်တန်းစာမေးပွဲ (၁၀ တန်းစာမေးပွဲ) တွင် ဘာသာရပ်ဆိုင်ရာများကို ဖြေဆိုချိန်၌ စာသင်ခန်းအတွင်း သင်ယူလေ့လာခဲ့ရသည်များကို တိုက်ရိုက်မေးခွန်းများမဟုတ်ဘဲ  သင်ယူလေ့လာခဲ့ရသည်များကို နားလည်သဘောပေါက်မှသာ ဖြေဆိုနိုင်စေမည့် ဉာဏ်စမ်းမေးခွန်းများ ပါဝင်လေ့ရှိပါသည်။ စီးပွားရေးတက္ကသိုလ်၊ ဘွဲ့ကြိုနောက်ဆုံးနှစ် စာမေးပွဲ (Operation Reserch) ဘာသာရပ်တွင် စာမေးပွဲအချိန် ကာလအတွင်း တွက်ချက်ပါက အဖြေသို့ မည်သို့မျှ မရောက်ရှိနိုင်စေမည့် မေးခွန်းများပင် ပါရှိပါသည်”လို့ “အလွတ်ကျက် ပညာရေး” ဆောင်းပါးမှာ ဖော်ပြခဲ့ပါတယ်။

ကျွန်တော်တို့ကျောင်းသားဘဝ သမိုင်းကောလိပ်ဝင်းထဲ စက်မှုတက္ကသိုလ် နှစ်အငယ်တွေရော၊ စီးပွားရေးတက္ကသိုလ် ကျောင်းသူ ကျောင်းသားအဆောင်တွေ ပရိဝုဏ် တစ်ခုတည်း နေခဲ့ရချိန်က စာမေးပွဲ နီးတဲ့ ဇူလိုင်၊ သြဂုတ်လတွေဆို အနည်းဆုံး နှစ်ယောက်၊ သုံးယောက် လောက်တော့ စာမေးပွဲဖိစီးမှုကြောင့် ‘လွတ်’ သွားတတ်ကြတယ်။အဆောင်ကြေး ၁၂၀ ကျပ်၊ ကျောင်းလခ ၃၀ ကျပ်နဲ့ နေခဲ့ရတဲ့ခေတ်မှာ တစ်နိုင်ငံ လုံးက အလယ်အောက်လွှာ (Lower-middle class) အဆောင်သူ၊ အဆောင်သားက အများစုပါ။ ချို့ချို့ငဲ့ငဲ့နဲ့ တစ်လလုံး အိမ်ကပို့တဲ့ငွေ ၂၀၀-၂၅၀ ကျပ်လောက်နဲ့ ကျောင်းတက်ရတဲ့ သူငယ်ချင်းတွေလည်း မနည်းလှဘူး။ အကယ်၍ စာမေးပွဲကျခဲ့ရင် အပြင်ဆောင်နေပြီး နောက်တစ်နှစ်တက်နိုင်ဖို့ ခဲယဉ်းဘိခြင်း။ ဒီတော့ အဲဒီ Exam-Stress ကို မခံနိုင်၊ စာတွေက မရှိ၊ ဆောက်တည်ရာ မရတော့တဲ့အခါ အဲဒီခေတ်က ‘တံတားလေး’ မှာ သွားပြရတော့တာ ပဲ။ အရေအတွက်အားဖြင့် ပြန်ကြည့်ရင်တော့ အဆောင်သူ၊ အဆောင်သား  ၅,၀၀၀ ကျော်မှာ ငါးယောက်တောင်မပြည့်တော့ သုည ဒသမ ၀၁ ရာခိုင်နှုန်းလို့ အကြမ်းဖျင်း တွက်ကြည့်နိုင်ပါတယ်။ ကျန်တဲ့ စာမေးပွဲကို အောင်အောင်ရှုံးရှုံး ရင်ဆိုင်သွားနိုင်သူနဲ့ နှိုင်းစာရင် မပြောပလောက်တဲ့ အရေအတွက်လို့ ဆိုရမှာပါ။ နောက်ပိုင်းကာလ ဘာတွေ ဖြစ်ကုန်ကြလဲ။

“ပညာရေးအဆင့်မြှင့်တယ်ဆိုပြီး မြန်မာလူငယ်တိုင်းသိသင့်တဲ့ ပထဝီ၊ သမိုင်း၊ ဥပဒေ၊ စိတ်ပညာ၊ ဒဿန၊ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေးပညာ၊ စီမံခန့်ခွဲမှုပညာ၊ ပြည်သူ့ရေးရာပညာ၊ ဗုဒ္ဓစာပေစတဲ့ ၀ိဇ္ဇာပညာရပ်တွေကို ဘွဲ့ကြိုတန်းမှာ အင်္ဂလိပ်လို သင်ခိုင်းတာကြောင့်ပါ။ ဆရာ၊ ဆရာမတွေတောင်  အင်္ဂလိပ်လို အလွတ်မပြောနိုင်၊ မရေးနိုင်တဲ့ စာတွေကို ကျောင်းသားတွေကို အလွတ်ကျက်ခိုင်းပြီး စာမေးပွဲ ဖြေစေတဲ့ စနစ်ပါ။ ဒါကြောင့် အသစ်ဖြစ်သွားတာခင်ဗျ။ အဲဒီကစပြီး စာမေးပွဲမှာ ကူးချတဲ့ အလေ့အကျင့်ကြီး တရားဝင် ပေါ်ထွက်လာတော့တာ ပဲ။ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးမူအရ သိမ်မွေ့ညင်သာစွာ ဖြေရှင်း ပါဆိုတဲ့ အမိန့်ကြောင့် စာမေးပွဲခန်းအတွင်းမှာ ဆရာ ဆရာမတွေ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေခဲ့ရတာ ခရစ်နှစ် ၂၀၀၀ ပြည့်လွန် နှစ်တွေ အထိတိုင်အောင်ပါ။ အဲဒီကာလ လူငယ်တွေ အခုတော့ လူကြီးဖြစ်၊ တက္ကသိုလ်တွေမှာ ဆရာ ဆရာမ တွေဖြစ်၊ တာဝန်ထမ်းဆောင်။ တချို့ ဆိုရင် အင်တာနက်ကနေ Plagiarism အလုပ်ကောင်း (သူတစ်ပါးအတွေး နှင့် စာများကို ကူးချခြင်းမှာတော်) လို့ ပါရဂူဘွဲ့ကြီးများတောင် မျက်နှာ ပြောင်ပြောင်နဲ့ ယူပြ မော်ပြနိုင်ကုန် ကြပါပြီ}}လို့ ကလောင်ရှင် ကိုမာကျောက The Voice ဂျာနယ်၊ ပေးစာကဏ္ဍမှာ ၂၀၁၂ အတွင်းရေးသားခဲ့ပါတယ်။

ဆရာကြီး ဦးဖေမောင်တင် မျှော်မှန်းခဲ့တဲ့ ‘ဆရာထက် လက် စောင်းထက်သော တပည့်များ’ မွေးဖွားပေးရာ တက္ကသီလာကို ပြန်မြင်ရဖို့ အခု နီးစပ်နေပြီလား။

သင်ရိုး၊ မေးခွန်း၊ စာမေးပွဲ၊ စာစစ်ချိန်

စာမေးပွဲမေးခွန်းဟာ သင်ရိုးကို အခြေခံရတာပါ။ မြန်မာ့ပညာရေး မြှင့်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာအဆင့်မီအောင်ကြိုးစားကြပါတယ်။  အခုသင်တဲ့ KG+12 သင်ရိုးတွေကို လေ့လာကြည့်တဲ့အခါ ငြင်းစရာမလိုအောင် ကောင်းနေတာ တွေ့ရပါတယ်။

ဟုတ်ပြီ။ အဲဒီသင်ရိုးသင်တဲ့ ဆရာ ဆရာမတွေနဲ့ သင်ရိုးညွှန်းတမ်း လျာထားချိန်အတွင်း သင်ရိုးပြီးမြောက်မှု ရှိ-မရှိကို ထည့်တွက်မိရဲ့လားလို့ မေးကြည့်ရင် ဘယ်လိုဖြေကြမလဲ။ ကျွန်တော် ဖြစ်ရပ်နှစ်ခုကို ပြောပြချင်ပါတယ်။

ပထမဖြစ်ရပ်က ၂၀၂၂ ခုနှစ် မေလအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ မြို့ဆင်ခြေဖုံး ခရိုင်တစ်ခုမှာ အလယ်တန်းမြန်မာစာအတွက် လာရောက်ပို့ချသူတစ်ဦးရဲ့ အရည်အသွေးပါ။ ဒီနှစ်စမယ့် Grade-8 သင်ခန်းစာမှာ ‘ပန်းပဲမင်းကြီး’ အကြောင်း ပါပါတယ်။ အောက်က ထိုင်နေတာက အလယ်တန်းမြန်မာစာ ဆရာဆရာမပေါင်းစုံ။ စင်ပေါ်မှာ ဗဟိုကလာရောက်ပို့ချခဲ့တဲ့ ဆရာမ (ကြီး) က ပန်းပဲမင်းကြီး အကြောင်း နိဒါန်းပျိုးတဲ့အခါ ဘာမဆိုင်ညာမဆိုင် ‘ပန်းပဲမောင်တင့်တယ်’ နတ်မောင်နှမအကြောင်း ရာဇဝင်အူပေါက်ကို ယုံယုံကြည်ကြည် ခပ်တည်တည်နဲ့ နာရီဝက်လောက် ပို့ချသွားပါတယ်။ (နဂို မရှိရင် နဂိုင်းမထွက်ကြောင်း တာဝန်ရှိသူများ သိကြပါရဲ့လား။)

ဒုတိယဖြစ်ရပ်က ပြီးခဲ့တဲ့နှစ်ကကြုံခဲ့တဲ့ ကျန်းမာရေး၊ နိုင်ငံရေး ပယောဂတွေကြောင့် ကျောင်းတက်ရက် မပြည့်မီချိန်မှာ သင်ရိုးကို အပြည့်သင်ရမလိုလို၊ လျှော့ပေးတော့ မလိုလိုနဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး အချိန်နဲ့တစ်ပြေးညီ မပေးနိုင်ခဲ့တာပါ။

သင်ရိုးညွှန်းတမ်း ဘယ်လောက်ပဲ ‘ပျံ’ နေပါစေ၊ သင်ကြား သူနဲ့ သင်ကြားချိန် အခုလိုဖြစ်နေသရွေ့တော့ ‘ထင်သာထင်၊ မဝင်ဘူး ကျောင်းအမ’လို့ ဆိုရမှာပါ။ ဒီသင်ရိုးကို အခြေပြုမယ့် မေးခွန်းအတွက်ရော ဘယ်လိုစဉ်းစားကြမှာလဲ။

အတိတ်ကာလတစ်ချိန်တုန်းကတော့ မေးခွန်းပေါက်ကြားမှုကို အခြေပြုပြီး ကျောင်းသားအရေးအခင်းတစ်ခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၆ ခုနှစ်က သတ္တမတန်းအစိုးရစစ်မေးခွန်း ပေါက်ကြားရာက ဗမာ့ခေတ်သတင်းစာတိုက်နဲ့ ပညာမင်းကြီးရုံးရှေ့မှာ အဓိကရုဏ်းတွေဖြစ်ပွားခဲ့ပြီး ရဲတွေက သေနတ်ပစ်လူစုခွဲတော့  စိန့်ပေါကျောင်းသား ဟယ်ရီတန် သေဆုံးခဲ့ပါတယ်။ အဲဒီနှစ် သတ္တမတန်းတွေကို အားလုံးအအောင်ပေးခဲ့ရာက မြန်မာ့ပညာရေး နယ်ပယ်မှာ ‘ဒီကောင်က ဟယ်ရီတန် ခုနစ်တန်းအောင်ပါကွာ’ ဆိုတဲ့စကား ပေါ်ထွက်ခဲ့ရတယ်။ ဒီမေးခွန်းကိစ္စက ဟယ်ရီတန်သေဆုံးရုံနဲ့ မရပ်ခဲ့ဘူး။ နောက်တစ်နှစ်မှာ မေးခွန်းပေါက်ကြားမှု လုံးဝမရှိစေချင်တဲ့ ပညာမင်းကြီးဦးကောင်းဟာ သတ္တမတန်း အစိုးရစစ်မေးခွန်းရိုက်ဖို့ အိန္ဒိယကို လျှို့ဝှက်ခရီး သွားရောက်ခဲ့တယ်။ မနက်စောစော လမ်းထလျှောက်နေကျ ပညာမင်းကြီးဟာ ကားတိုက်ခံရပြီး နှစ်ရက် အကြာ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်၊ အိန္ဒိယနိုင်ငံ ကာလကတ္တား မှာ ကွယ်လွန်ခဲ့ရပါတယ်။ လွတ်လပ်ပြီးကာလ မြန်မာ့ပညာရေးအတွက် အစားထိုးမရတဲ့ ပညာရှင် လူသူတော်ကောင်းကြီးတစ်ဦးကို ဆုံးရှုံးခဲ့ရတာပါ။

စစ်အစိုးရတာဝန်ယူစဉ် ကာလအတွင်း ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ မေးခွန်းပေါက်တာ အထူးအဆန်းမဟုတ်သလို ကမ္ဘာမှာမရှိတဲ့ ‘စာမေးပွဲဆိုင်ရာ ခြစားမှုကြီး’ ကျွန်တော်တို့တိုင်းပြည်မှာ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ်မှာ တစ်နိုင်ငံလုံး ရဲ့ ၁၀ တန်း အဖြေလွှာစစ်ဆေးစဉ် ကာလအတွင်း ဂုဏ်ထူးရဖို့၊ အောင်မှတ်ရဖို့ လာဘ်ပေးပြီး အမှတ်လိုက်ကြတာပါပဲ။ အဆက်အသွယ်ရှိသူတွေ၊ အချိတ်အဆက်လုပ်နိုင်သူတွေ အဆင့်ဆင့်စျေးဗန်းခင်းလိုက်ကြတာ တက္ကသိုလ်စာတိုက်နဲ့ ဆေးရုံကြားက ကင်တင်းမှာ ‘ညနေညနေ စည်တယ်လေ’ လို့ ဆိုရလောက်အောင်ပဲ။ အဟောကောင်း၊ အပြောကောင်း မြန်မာစာဌာနက ဆရာကြီး၊ အခြောက်ကောင်း၊ အဟောက်ကောင်း သတ္တဗေဒဌာနက ဆရာမကြီးတွေဆို ‘ဘာသာစုံ ပွဲစားကြီး’ တွေပါပဲ။ နောက်ပိုင်း Code စနစ်သုံးတာ၊ ပြည်နယ်/တိုင်းအလိုက် မေးခွန်းခွဲ၊ အဖြေလွှာခွဲပြီး စစ်ဆေးမှသာ ဒီကိစ္စ လူစုကွဲသွားခဲ့တာပါ။

စာမေးပွဲအရည်အသွေးနဲ့  မြန်မာ့ပညာရေး

ကျွန်တော်တင်ပြခဲ့သမျှ ပြန်ကြည့်ရင် စာမေးပွဲဟာ လူသားတစ်ဦးရဲ့အရည်အသွေးအားလုံးကို ကိုယ်စားမပြုတဲ့တိုင် ဒီနိုင်ငံ၊ ဒီပညာရေးစနစ်အတွက် မရှိမဖြစ် လိုအပ်နေဆဲ တိုင်းတာရေးကိရိယာအဖြစ် လက်ခံကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဆောင်းပါးအနားမသတ်ခင် ကြားဖြတ်ပြီး မှတ်တမ်းတင်စရာ တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ ၂၀၂၂ ခုနှစ် ဇွန် ၁၇ ရက်မနက်မှာ ကြေညာခဲ့တဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအပေါ် လူမှုကွန်ရက်သုံး မြန်မာပရိသတ်ရဲ့ တုံ့ပြန်ပုံပါ။ ဒီမိုကရေစီကို သွားချင်လှပါတယ်လို့ ကမ္ဘာသိအော်နေတဲ့ မြန်မာဘာသာသုံး Facebook ပေါ်ကနေ အဲဒီမနက် အောင်စာရင်းအရ အတန်းအောင် ဂုဏ်ထူးရတဲ့ ကလေးတွေကိုလည်း ဆဲဆို၊ အတန်းမအောင်လို့ သေကြောင်းကြံတဲ့ ကလေးကိုလည်း အကုသိုလ်ပွားတာမျိုးကို အုပ်စုလိုက် မြိုင်မြိုင်ဆိုင်ဆိုင် လုပ်ခဲ့ကြတာပါပဲ။ တစ်ကမ္ဘာလုံးမှာပဲ ကြည့်ကြည့်၊ ရဟန်းရှင်လူ ပြည်သူအများလို့ပဲ ပြောပြော၊ အခြေခံကနေ အဆင့်မြင့် ပညာနယ်ပယ်ဆီ တက်သွားခွင့်ရတဲ့ ဒီကလေးတွေကို အခုလိုမျိုး အုံလိုက် ကျင်းလိုက် ဣဿာမစ္ဆရိယပွားတာ ကတော့ ကျွန်တော်ဖတ်ဖူးသမျှ ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းမှာ ဒီ တိုင်းပြည်မှာပဲ တွေ့ရပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းထဲက စာရေး တတ်၊ စာဖတ်တတ်၊ လူမှုကွန်ရက် သုံးစွဲတတ်သူအများစုရဲ့ လူမှုတန်ဖိုး (Social Value) စိုက်ဆင်းသွားပုံက မတွေးရဲလောက်အောင်ပါပဲ။

နိဂုံးချုပ်ရရင်တော့

(၁) မြန်မာ့ပညာရေးအတွက် စာမေးပွဲဟာ လိုအပ်ပါတယ်။

(၂) ခြမစားဘဲ ခန့်ညားလေးစား လောက်တဲ့ စာမေးပွဲတွေဖြစ်ဖို့ ပိုပြီး လိုအပ်ပါတယ်။

(၃) ပညာရေးဌာနရဲ့ လက်ရှိ လူသားရင်းမြစ်အရ ကိုယ့်ဝန်နဲ့ကိုယ့် အားကို မှန်မှန်ကန်ကန် သိမြင်လက်ခံပြီး၊ အတိတ်ကာလက အောင်မြင်ခဲ့ဖူးတဲ့ စာမေးပွဲစနစ်တွေကို လိုအပ်သလို ပြန်လည်အသုံးချရင်း ‘တတ်မှအတန်းတင် အအောင်ပေးတဲ့ စာမေးပွဲစနစ်’ကို ကျင့်သုံးဖို့ အလိုအပ်ဆုံးဖြစ်ပါတယ်။     

References:

https://targetstudy.com/articles/examinations-for-and-against.html

● https:///wiki/Harrington Uprising

● မြန်မာအဘိဓာန်၊ မြန်မာစာအဖွဲ့ ဦးစီးဌာန၊ ၂၀၀၈ ခု၊ သြဂုတ်လ၊ ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ပုံနှိပ်ခြင်း။

● ပညာရေး ... ပညာရေး၊ ရှက်ဖွယ် ... ရှက်ဖွယ်၊ မင်းသစ်၊ စာပေခရီး သွားများ၊ ပထမအကြိမ်၊ ၂၀၁၄။

● စီမံခန့်ခွဲမှုသိပ္ပံခရီးစဉ်နှင့် အခြားဆောင်းပါးများ၊ ဒေါက်တာအောင် ထွန်းသက်၊ အခွင့်အလမ်းစာအုပ် တိုက်၊ ပထမအကြိမ်၊ ၂၀၁၀ ခုနှစ်၊ ဇွန်လ။

● ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ၊ ကျော်ဝင်း၊ ကောင်းစာအုပ်တိုက်၊ ပထမအကြိမ်၊ ၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလ။

● တိုင်းပြည်၊ နိုင်ငံတော်နှင့် အင်စတီကျူးရှင်းများ တည်ဆောက်ခြင်း၊ ဒေါက်တာသောင်းဋ္ဌေး၊ Myanmar Heritage၊ ပထမအကြိမ်၊ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ။

● ‘အင်္ဂလိပ်လိုလည်း မတတ်၊ ဗမာလိုလည်း နားမလည်တော့ပါဘူး’၊ ကိုမာကျော၊ The Voice Journal, 1 October 2012.

Most Read

Most Recent