စိုက်ပျိုးထားသမျှ ရိတ်သိမ်းချင်ပါသည်

စိုက်ပျိုးထားသမျှ ရိတ်သိမ်းချင်ပါသည်
အညာကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
အညာကျေးလက်ဒေသစိုက်ပျိုးရေးလုပ်ငန်းခွင်ကို တွေ့ရစဉ်
Published 26 June 2022
ကိုသက် (အညာမြေ )

“ပြေးရတာ နှစ်ကြိမ်ရှိပြီ။ ပြီးခဲ့တဲ့ရက်ကမှ ရွာပြန်နေလို့ရတာ။ အိမ်တွေတော့ ဘာမှ ဖြစ် မသွားဘူး” ဟု မြိုင်မြို့နယ်မှ တောင်သူ ကိုဖိုးအေး ပြောသည့် စကား။ သူတို့ပြေးရတဲ့ အကြောင်းရင်းက နေထိုင်ရာရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခြင်းကြောင့်ပါ။ ကိုယ့်ရွာမှာ ဖြစ်တာမဟုတ်ဘူး ဆိုပေမဲ့ စစ်ကြောင်း တွေ ဝင်လာတော့ စိုးရိမ်စိတ်ဖြင့် ကြိုတင် ရှောင်ရှားရတာလို့လည်း ပြောပါတယ်။

တိုက်ပွဲများ ကိုယ့်ရပ်ရွာမှာ ဖြစ်ပွားလိမ့် မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့သလို စစ်ကြောင့် ဘေးလွတ်ရာပြေးရလိမ့်မည်ဟု လည်း တွေးမထားမိခဲ့ပါ။

တောင်သူအလုပ်လုပ်ရင်း ဘဝကို အေး ချမ်းစွာ ဖြတ်သန်းလာသည့် နှစ်ပေါင်း မနည်း တော့။ မိဘတွေလက်ထက်တုန်းကလည်း စစ်ဆိုတာ သေချာမသိခဲ့ကြသလို သားသမီးများလက်ထက်တွင်လည်း အေးချမ်းစွာနေလာ သည့်အရပ်။ ခုတော့ အထုပ်အပိုး အမြဲပြင် ထားပြီး သတိနဲ့ နေရတယ်လို့ ကိုဖိုးအေးက ထပ်ပြောပါ တယ်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲများဖြစ်လာခဲ့ရာမှ မြို့ပေါ်နဲ့ ရပ်ရွာတွေမှာ ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပေမဲ့ အညာတောင် သူတို့ အေးဆေးစွာ စိုက်နိုင်ပျိုးနိုင်သလို ရိတ်သိမ်းချိန်များအထိ ပြဿနာမရှိခဲ့ပါ။ ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာတော့ နယ်မြေမတည်ငြိမ်မှု သိသာလာသလို လက်နက်ကိုင် တိုက်ပွဲ တွေ၊ သတ်ဖြတ်မှုတွေကလည်း မကြာခဏဆို သလို ကြားလာရပါတယ်။ ဘယ်လိုအခြေ အနေတွေပဲရှိရှိ အညာကျေးလက်က တောင် သူတို့ကတော့ စိုက်ချိန်ရောက်လို့ စိုက်ပျိုးနိုင် လျှင် စိုက်ပျိုးကြမြဲပါ။

“ကျွန်တော်တို့ မြိုင်နယ်မှာ အခြေအနေ ဆိုးတဲ့ ရွာတွေကတော့ မစိုက်နိုင်ကြဘူး။ တချို့လည်း စိုက်ကြတယ်။ ကျွန်တော်တို့ဆိုရင် စိုက်ပျိုးရာသီစတုန်းက စိုက်ရတဲ့အခြေအနေမို့ စိုက်ထားတယ်။ လက်ရှိကတော့ နေလို့ ရရင် နေတယ်။ နယ်မြေသိပ်မငြိမ်ဘူးဆိုရင်တော့ တောထဲ ခဏရှောင်ရတာပေါ့” ဟု မြိုင်မြို့နယ် မှ တောင်သူ ကိုဖိုးအေးက ပြောပြပါတယ်။

စိုက်ပျိုးနိုင်သည့် တောင်သူများအတွက် ဝမ်းစာရေး အခက်အခဲရှိသလို စိုက်ပျိုးပြီး တောင်သူများမှာ မရိတ်သိမ်းရမှာ စိုးရိမ်ရတာ တွေလည်း ရှိပါတယ်။

တချို့ဘေးလွတ်ရာ ပြေးနေရတဲ့ တောင် သူတွေကတော့ အခြားသူကို စိုက်ပျိုးစေတာ မျိုးရှိသလို တချို့ကတော့ လုံးဝ မစိုက်ပျိုးတော့ တာတွေလည်း ရှိပါတယ်။

“ဘေးမကင်းသေးတော့ ရွာမပြန်နိုင် သေးဘူး။ ယာတွေကတော့ တစ်ကွက်မှ မလုပ် နိုင်ဘူး။ ရှောင်နေရတာလည်း ကြာပြီ။ တချို့ ရွာပြန်ကျန်တဲ့သူတွေက ကျွန်တော်တို့ မစိုက် ရင် ယာခင်းလေး သူတို့လုပ်ပါရစေခွင့်တောင်း လို့ စိုက်ခိုင်းတာပဲရှိတယ်။ စိုက်ပျိုးချိန်လည်း လွန်ပြီဆိုတော့ ကျွန်တော်တို့မှာ  စိုက်ရမယ့်

အခြေအနေ မရှိတော့ပါဘူး” ဟု ပခုက္ကူမြို့ နယ်မြောက်ပိုင်းမှ တောင်သူတစ်ဦးကပြော ပြပါတယ်။

ရှောင်တိမ်းနေရတဲ့သူတွေထဲမှာ စစ်မီးနဲ့ နီးလို့ ရှောင်ရတာရှိသလို နိုင်ငံရေးရပ်တည် ချက် မတူကြရာကနေ အသက်ဘေးနီးလို့ ပြေးရရှောင်ရသူတွေလည်း ရှိပါတယ်။ တချို့ ဖေ့စ်ဘွတ်လူမှုစာမျက်နှာကနေ သတင်း အမှား ဖြန့်ဝေခံရလို့ မနေရဲပြီး တိမ်းရှောင်ရ တာလည်း ရှိတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေ

ထံကနေ သိရပါတယ်။ သူတို့တစ်တွေရဲ့ အိမ် ပြန်ချိန် ဘယ်တော့လဲဆိုတာ မသိသေးဘူးလို့ လည်း ပြောပြကြပါတယ်။

“တချို့လည်း သတင်းပေး ဒလန်ဆိုပြီး ဖေ့စ်ဘွတ်အတင်ခံရတာ ရှိတယ်။ တချို့လည်း ပီဒီအက်ဖ် ခေါင်းဆောင်ဆိုပြီး ဖေ့စ်ဘွတ် အတင်ခံရတာ ရှိတယ်။ ကျွန်တော်ကိုယ်တိုင် လည်း အဲဒီလိုအတင်ခံရတယ်။ အသတ်ခံရ တဲ့ဖြစ်စဉ်တွေလည်းရှိတော့ ရွာမှာ ဘယ်လိုမှ ဆက်နေလို့ မဖြစ်တော့လို့ ပြေးရတာ။ ကိုယ် မဟုတ်တာ မလုပ်ပေမဲ့ လက်ရှိအခြေအနေက ဘာမှ အာမခံချက်မရှိဘူး။ ကိုယ့်ဟာကိုယ် တောင်သူလုပ်စားပြီး နေတာပါ။ ခုတော့ ရှောင်နေရတုန်းပဲ” ဟု ပခုက္ကူမြို့နယ်မှ ကိုယ် တိုင်ကြုံတွေ့ရသူ တစ်ဦးက ပြောပြပါတယ်။

စိုက်ပျိုးပြီး တောင်သူတွေလည်း လတ် တလော သီးနှံတွေ စောင့်ရှောက်ဖို့ အတွက် ကြိုးစားနေရသလို လုပ်သား အခက်အခဲက အစ ကြုံနေရပါတယ်။ မိုးဦးသီးနှံတွေကို ဧပြီ လကုန် မေလဆန်းက စိုက်ပျိုးထားပြီး မိုးရွာ သွန်းမှုလည်း ရှိတဲ့အတွက် ယခုဇွန်လမှာ ပေါင်းရှင်းမြေဆွနဲ့ ဆေးဖျန်းတာတွေ လုပ်ရ ပါတော့မယ်။ သို့ပေမဲ့ လုပ်သားက ခေါ်လို့ မလွယ်။ ဧကနည်းတဲ့သူတွေအတွက် ကိုယ် တိုင်လုပ်လို့ အဆင်ပြေပေမဲ့ ဧကများတဲ့သူ ကတော့ အကူမခေါ်ဘဲ လုပ်ငန်းမြန်မြန်ပြီးစီးဖို့ မလွယ်ပါဘူး။

“အရင်တုန်းက ကိုယ့်ရွာကသူ ခေါ်မရ ရင် သူများရွာဘက်တွေ သွားခေါ်တယ်။ ကျွန်း မြေမှာ လုပ်တဲ့ တောင်သူတွေလည်း ကားနဲ့ သွားခေါ် ပြန်ပို့ ထမင်းကျွေး၊ နေ့စားခပေးပြီး ခေါ်လို့ရတယ်။ ခုက ရွာနားလည်း ခေါ်မရ ဘူး။ တခြားနယ်က လုပ်သားလည်း ခေါ်ဖို့ မလွယ်ဘူး။ မြိုင်မြို့ကနေ ပခုက္ကူသွားတာကို

ငါးဖွဲ့လောက် စစ်ဆေးတာရှိတယ်။ လက်ရှိ ကတော့ ကိုယ့်လုပ်အားနဲ့ ပြီးသလောက်ပေါင်း သင်ရမယ်၊ ကြောင်းထိုးရမယ်၊ ဆေးဖျန်းရ မယ်။ ဒီလကုန်ဆိုရင် ပဲတီစိမ်းတွေက စပြီး ဆွတ်ရတော့မှာ။ အခြေအနေ အေးပါစေ ဆုတောင်းနေရတာ” ဟု မြိုင်မြို့နယ်မှတောင်သူ တစ်ဦး ကပြောပြပါတယ်။

ပြီးခဲ့တဲ့ စိုက်ပျိုးရာသီမှာ တောင်သူတွေ သီးနှံအထွက်ကောင်းသလို ထိုက်သင့်သည့် စျေးလည်း ရရှိကြပါတယ်။ မနှစ်က အညာဒေ သမှာ မိုးကောင်းလို့ ပဲတီစိမ်းဆိုလည်း အထွက် ကောင်း၊ မြေပဲဆိုလည်း တစ်ဧက တင်း ၆၀ ကနေ ၈၀ အထိ ရကြပြီး နှမ်းစျေး၊ ပဲစင်းငုံစျေး ကလည်း အတက်ဘက်မှာ ရှိခဲ့ပါတယ်။

လက်ရှိ သီးနှံစျေးကလည်း ကောင်းနေဆဲ ပါ။ သို့ပေမဲ့ ၂၀၂၂ ခုနှစ်မှာတော့ တောင်သူ တွေအတွက် သွင်းအားစု စျေးကြီးမြင့်ခြင်း ဆိုတဲ့ စိန်ခေါ်မှုကြီးက ရှိနေပါတယ်။

ယခင်မြေဆီ တစ်အိတ် နှစ်သောင်းငါး ထောင်က ဒီနှစ် တစ်သိန်းကျော်။ အပင်ဖျန်း အားဆေးတွေလည်း ယခင် သုံးသောင်းကျော် က ရှစ်သောင်းကျော်။ ဒီနှစ်မှာ စိုက်ပျိုးတဲ့ တောင်သူတွေအတွက် အရင်းအနှီးစရိတ်က ယခင်ထက် သုံးဆလောက် ပိုတက်ပါတယ်။ ဒီလို အခြေအနေကြားထဲ နယ်မြေတည်ငြိမ်မှု မရှိတော့ စိုက်ပျိုးထားတဲ့ တောင်သူတွေမှာ ရင်တမမနဲ့။ ငါစိုက်ထားတာလေး မရိတ်သိမ်း နိုင်ခဲ့ရင် ဆိုတဲ့ စိုးရိမ်က ကြီးစိုး ထားဆဲပါ။

စိုက်ပျိုးရာသီကလည်း အစပဲရှိပါသေး တယ်။ မိုးဦးသီးနှံများ ရိတ်သိမ်းပြီးရင် မိုး နှောင်း နှမ်းနဲ့ မြေပဲတွေ စိုက်ဖို့ ရှိနေပါသေး တယ်။ လက်ရှိတော့ နောက်သီးနှံစိုက်ဖို့ထက် ရှေ့သီးနှံရိတ်ခွင့်ရရေးပါပဲ။ နယ်မြေအခြေ အနေတွေကလည်း ဘယ်ရက် ပစ်ကြခတ်ကြ မလဲ။ ဘယ်အချိန်များ ထပြေးရမလဲ ဆိုပြီး ပူနေရဆဲပါ။

အညာမြေမှာ အလုပ်အကိုင်အခွင့် အလမ်း အများကြီး မရှိပါ။ တောင်သူလုပ်ငန်းက အဓိကအကျဆုံးပါ။ တောင်သူလုပ်ငန်းက သီးနှံပေါ်ချိန်ဆိုရင် မြို့ပေါ်က စားသောက် ကုန်၊ လူသုံးကုန်စျေးဆိုင်ကနေ ရွှေဆိုင်များအထိ အရောင်းအဝယ်ကောင်းကြပါတယ်။ တောင်သူများ တစ်နှစ်လုပ်လို့ ရသမျှထဲက အရင်းချန် ကျန်တာ သုံးစွဲကြပြီး လည်ပတ် နေကြရတာပါ။ ဒီနှစ်တောင်သူလုပ်ငန်း ကမောက်ကမ စဖြစ်ပါတယ်။ မစိုက်နိုင်တဲ့ တောင်သူတွေ ဘယ်လို ဝမ်းရေး ဖြေရှင်းကြ မလဲဆိုတာ တွေးကြည့်တာထက် ပိုခက်ပါလိမ့် မယ်။

အညာဒေသမှာ ဖြစ်ပွားနေတဲ့ နယ်မြေ မတည်ငြိမ်မှုက ဘယ်တော့မှ ပြီးဆုံးမယ်ဆို တာ ခန့်မှန်းလို့ မရသေးပါ။ စိုက်ပျိုးယာမြေတွေ ထားခဲ့ရတဲ့ တောင်သူတွေလည်း ဘယ်အချိန် လုပ်ငန်းခွင်ကို ဘေးကင်းကင်းနဲ့ ပြန်ဝင် နိုင်မယ် မသိသေးပါ။ အရဲစွန့် စိုက်ပျိုးထားတဲ့ တောင်သူများကတော့ စိုက်ပြီးသမျှ ရိတ်သိမ်း ခွင့် ရချင်တာကတော့ အသေအချာပါပဲ။

 

Most Read

Most Recent