ပါတီပြုပြင်ပြောင်းလဲရေးအတွက် အရေးပေါ်ညီလာခံကျင်းပရန် ANP ပါတီ ပြင်ဆင်

ပါတီပြုပြင်ပြောင်းလဲရေးအတွက် အရေးပေါ်ညီလာခံကျင်းပရန် ANP ပါတီ ပြင်ဆင်
Published 7 June 2022

ပါတီပြုပြင်ပြောင်းလဲရေးနှင့် ပါတီပိုမိုအားကောင်းစေရန် ရည်ရွယ်၍ အရေးပေါ်ပါတီညီလာခံတစ်ခု ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း ရခိုင်အမျိုးသားပါတီ (ANP) ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ငါးနှစ်တစ်ကြိမ် ပါတီညီလာခံကျင်းပရန် သတ်မှတ်ထားသည့် ANP ပါတီအနေဖြင့် နောက်ဆုံးကျင်းပခဲ့သည့် ညီလာခံမှာ ၂၀၁၉ ခုနှစ် မေလကုန်ပိုင်းကဖြစ်သည်။

ထို့ကြောင့် ပါတီညီလာခံကျင်းပရန် နှစ်နှစ်ဝန်းကျင် လိုသေးချိန်တွင် အရေးပေါ်ညီလာခံတစ်ရပ် ကျင်းပရခြင်းမှာ ပါတီတွင်း ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆာင်နိုင်ရန်ဖြစ်ကြောင်း ANP ပါတီဥက္ကဋ္ဌက ရှင်းပြသည်။

“လက်ရှိမြန်မာနိုင်ငံမှာ နိုင်ငံရေးပြသာနာက ရှုပ်ထွေးတဲ့အခြေအနေရှိတဲ့အတွက် တစ်စုံတစ်ရာပါတီတွင်းမှာလည်း ပြုပြင်ပြောင်းလဲသင့်တာတွေကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ ပါတီတွင်းမှာလည်း ပြုပြင်ပြောင်းလဲစရာတွေ ရှိတယ်လို့ ယူဆတယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ထိုသို့ ညီလာခံကျင်းပနိုင်ရေး လိုအပ်သည်များပြင်ဆင်ရန် ဦးကိုချေ (ခ)ဦးကျော်ဝင်းချေ ခေါင်းဆောင်သည့် ပါတီဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုကော်မတီဝင်ကိုးဦးပါဝင်သော ညီလာခံကျင်းပရေးပြင်ဆင်မှုကော်မတီကို ANP ပါတီက မေ ၁၈ ရက်က ဖွဲ့စည်းခဲ့သည်။

မေလလယ်က ဂွမြို့နယ်၌ ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီအစည်းအဝေးတွင် ပါတီ ပိုမိုအားကောင်းစေရန်နှင့် အပြောင်းအလဲ ပြုလုပ်၍  လူထုကိုယ်စားပြုနိုင်ရန် အရေးပေါ်ညီလာခံခေါ်ယူကျင်းပရန် လိုအပ်ကြောင်း ဆွေးနွေးဆုံးဖြတ်ချက်အရ ညီလာခံကျင်းပရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ယင်းပါတီက မေ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အရေးပေါ်ညီလာခံကျင်းပရေးကိစ္စအဝဝကို တာဝန်ယူပြင်ဆင်ရမည့် ပြင်ဆင်မှုကော်မတီအနေဖြင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို သုံးလအတွင်း ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြရမည်ဖြစ်သည်။

ပြင်ဆင်မှုကော်မတီက တင်ပြလာသည့် အစီရင်ခံစာနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်၍ ညီလာခံကျင်းပမည့် အချိန်နှင့် နေရာကို စဉ်းစားဆုံးဖြတ်မည်ဟု ဦးသာထွန်းလှက ပြောကြားသည်။

“ကျင်းပမယ့်အချိန်ကို အတိအကျ ပြောလို့ မရသေးဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေပေါ်မှာ မူတည်မယ်။ ဘယ်လိုအခြေအနေ ဖြစ်လာမယ်ဆိုတာ ပြောလို့ရနိုင်တဲ့ အခြေအနေမရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ ANP ပါတီ ထိပ်ပိုင်းအလုပ်အမှုဆောင်များကို ၂၀၁၉ ခုနှစ် မေလကုန်တွင် ကျင်းပသည့် ပါတီ၏ဒုတိယအကြိမ်ညီလာခံက ရွေးချယ်တာဝန်ပေးထားခြင်းဖြစ်သည်။   

သို့ရာတွင် ပါတီ၏အဆင့်အမြင့်ဆုံးကော်မတီများဖြစ်သော မူဝါဒရေးရာဦးဆောင်ကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီများမှ ပုဂ္ဂိုလ်အချို့သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် မတူညီသော နိုင်ငံရေးအဖွဲ့အစည်းများ၌ ပါဝင်ဆောင်ရွက်ခြင်း၊ ပုဂ္ဂိုလ်အချို့နှုတ်ထွက်ခြင်းများကြောင့် ရှိရင်းစွဲပါတီဖွဲ့စည်းပုံထက် လျော့နည်းလျက်ရှိကြောင်း သိရသည်။

ANP ပါတီ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်များဖြစ်သည့် ဒေါ်အေးနုစိန်နှင့် ဦးဦးလှစောသည်  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့် ULA တို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကျန်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဖေသန်းသည်လည်း ၂၀၂၁ ခုနှစ်အတွင်း ပါတီမှတရားဝင်ထွက်စာတင်၍ နှုတ်ထွက်ထားသည်။

“အဲဒီလိုလုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေရှိတဲ့ ပုဂ္ဂိုလ်တွေက ပါတီနဲ့ပက်သက်မှု မရှိတော့ဘူးလို့ ပါတီဗဟိုကော်မတီမှာ ဆုံးဖြတ်ထားတာရှိတယ်” ဟု ANP ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

လတ်တလောအခြေအနေအရ ပါတီနိုင်ငံရေးလုပ်ငန်းစဉ်ကို စိတ်မဝင်စားသူများ ရှိကောင်းရှိနိုင်ပြီး ၎င်းတို့အနေဖြင့် ပါတီမှ နှုတ်ထွက်လိုက ထွက်ခွင့်ပြုရန် ပါတီဗဟိုကော်မတီမှ ဆုံးဖြတ်ထားကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ပါတီပြုပြင်ပြောင်းလဲရေးအတွက် အရေးပေါ်ညီလာခံ ကျင်းပသည်ဟုဆိုသည့်အတိုင်း ညီလာခံတွင် ပါတီ၏ဗဟိုအဆင့် တာဝန်ထမ်းဆောင်မည့်သူများကို ပြန်လည်ရွေးချယ်ခြင်းလုပ်ငန်းစဉ်ပါဝင်ကြောင်း  သိရသည်။

“ညီလာခံမှာ ပါတီမှာ တာဝန်ယူတဲ့ ပုဂ္ဂိုလ်တွေ အပြောင်းအလဲရှိနိုင်တယ်။ နဂိုအတိုင်း ရှိတဲ့သူလည်း ရွေးချယ်မှုအပေါ်မှာ မူတည်ပြီး ဘယ်လိုအခင်းအကျင်း ဖြစ်ပေါ်လာမယ်က ပြောလို့မရသေးဘူး” ဟု  ဦးသာထွန်းလှက ပြောကြားသည်။ 

ရခိုင်အမျိုးသားပါတီသည် ဖျက်သိမ်းခံခဲ့ရသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများစု အနိုင်ရပါတီဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတုတ္ထအများဆုံးအနိုင်ရပါတီဖြစ်ခဲ့သည်။

 

Most Read

Most Recent