ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု နေပြည်တော်အပါအဝင် တိုင်းဒေသကြီးခြောက်ခု နှင့် ပြည်နယ်တစ်ခုတွင် လျာထားချက်အတိုင်း ပြည့်မီပြီးစီး

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု နေပြည်တော်အပါအဝင် တိုင်းဒေသကြီးခြောက်ခု နှင့် ပြည်နယ်တစ်ခုတွင် လျာထားချက်အတိုင်း ပြည့်မီပြီးစီး
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအားတွေ့ရစဉ်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအားတွေ့ရစဉ်
Published 28 May 2022

ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ် ရေးကတ်ပြားထုတ်ပေးမှု နေပြည်တော် အပါအဝင် တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်တစ်ခုတွင် တိုင်းလုံးကျွတ်နှင့် ပြည်နယ်လုံးကျွတ်လျာထားချက်အတိုင်း ပြည့်မီပြီးစီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။

မေ ၂၇ ရက်က စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ကျင်းပခဲ့သည့် ရခိုင်ပြည်နယ် ပန်းခင်းစီမံချက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ပန်းခင်းစီမံချက်သည်၂၀၂၁ ခုနှစ်မေ၃ ရက်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်အထိ ၁၈ လကြာသတ်မှတ်၍ တိုင်းဒေသကြီး၊  ပြည်နယ်အလိုက်ဆောင်ရွက်ရန်ရှိသည့် လျာထားချက်များအတိုင်း ပြည့်မီပြီးစီးအောင် ဆောင်ရွက်ကြရမည့် စီမံချက်တစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် ယခုအခါ စီမံချက်ကာလတစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်၊ မန္တလေး၊ တနင်္သာရီနှင့် မကွေး စသည့် တိုင်းဒေသကြီးခြောက်ခုသည် တိုင်းလုံးကျွတ်လျာထားချက်ပြည့်မီအောင်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်

ထို့ပြင် ယခုရခိုင်ပြည်နယ်သည်လည်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရန် ၁၅၇၈၀၆ ကတ်လျာထားရာ ယခုအထိ ၁၈၃၃၉၉ ကတ် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်းထုတ်ပေးပြီးစီးပြီဖြစ်သည့်အတွက် ခုနစ်ခုမြောက် ပြည်နယ်လုံးကျွတ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်ရာနှုန်း ပြည့်ပြီးမြောက်အောင်မြင်အောင်ဆောင်ရွက်ပြီးဖြစ်သော်လည်း မှတ်တမ်းများစနစ်တကျဖြစ်စေရေးနှင့်မှန်ကန်စေရေးအတွက် မြို့နယ် အချင်းချင်း၊ ခရိုင်အချင်းချင်း၊ အပြန်အလှန်စစ် ဆေးဆောင်ရွက်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားများကို နိုင်ငံသားကတ်ထုတ်ပေးခြင်းသည် လုပ်ငန်းသဘောသဘာဝအရ စဉ်ဆက်မပြတ်ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ရာ အားလုံးက ဆက်လက်ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူနှင့်သံတွဲ စသည့် ခရိုင်ငါးခု၊ မြို့နယ် ၁၇ မြို့နယ်၊ ရပ်ကွက် ၁၈၉ ခု၊ ကျေးရွာအုပ်စု၁၀၃၇ အုပ်စု၊ ကျေးရွာပေါင်း ၃၇၃၈ ရွာရှိပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၇၈၀၆  ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခု ၁၈၃၃၉၉ ကတ်၊ ရာခိုင်နှုန်းအားဖြင့် (၁၁၆ ဒသမ ၂၂) ရာခိုင်နှုန်း ဆောင်ရွက်ထုတ်ပေးနိုင်ခဲ့သည့်အတွက် ပြည်နယ်လုံးကျွတ်လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ပြီးမြောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ပန်းခင်းစီမံချက်ကို ပြည်နယ်လုံး ကျွတ်လျာထားချက်ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးသည့်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများကို ပြည်ထောင်စုဝန်ကြီးကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ရခိုင်ပြည်နယ်မှဝန်ထမ်းများကို တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသည့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့်ဦးစီးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်စိုး၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးထိန်ဝင်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။