ဂျွန်နီဒပ်သည် သဝန်တိုပြီး ချုပ်ချယ်သူဖြစ်ဟု ချစ်သူဟောင်းဖြစ်သူ သရုပ်ဆောင် အဲလန်ဘာကင် ပြောကြား

ဂျွန်နီဒပ်သည် သဝန်တိုပြီး ချုပ်ချယ်သူဖြစ်ဟု ချစ်သူဟောင်းဖြစ်သူ သရုပ်ဆောင် အဲလန်ဘာကင် ပြောကြား
(Photo : AFP)
(Photo : AFP)
Published 21 May 2022

သရုပ်ဆောင် ဂျွန်နီဒပ်သည် သဝန်တိုပြီး ချုပ်ချယ်သူဖြစ်ကာ တစ်ချိန်က လာ့စ်ဗေးဂတ်မြို့ရှိ ၎င်း၏ဟိုတယ်အခန်းအတွင်း ၀ိုင်ပုလင်းတစ်ပုလင်းဖြင့် ပစ်ပေါက်ခဲ့ဖူးသည်ဟု ၎င်း၏ချစ်သူဟောင်းဖြစ်သူ သရုပ်ဆောင် အဲလန်ဘာကင်က မေ ၁၉ ရက်က ကြိုတင်အသံသွင်းထားသည့် သက်သေခံထွက်ဆိုချက်တွင် ပြောကြားခဲ့သည်။

အသက် ၆၈ နှစ်အရွယ် ဘာကင်သည် ဒပ်က ၎င်း၏ဇနီးဟောင်း အမ်ဘာဟတ်ကို အသရေဖျက်မှု တရားစွဲဆိုမှုတွင် မျက်မြင်သက်သေအဖြစ် သက်သေခံထွက်ဆိုခဲ့ပြီး သူသည် ဒပ်နှင့် ၁၉၉၀ ဝန်းကျင်က လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ဘာကင်၏ သက်သေထွက်ဆိုချက်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ဗီဒီယိုရိုက်ကူးထားခြင်းဖြစ်ပြီး ယင်းဗီဒီယိုအား ဗာဂျီးနီးယားပြည်နယ် Fairfax Country Circuit တရားရုံးတွင် အသရေဖျက်မှုဖြစ်စဉ်ကို ကြားနာစစ်ဆေးမှု၌ ဂျူရီလူကြီး ခုနစ်ဦးအား ဖွင့်ပြခဲ့ခြင်း ဖြစ်သည်။

ဂျူရီတို့သည် ဒပ်၏ အနုပညာအေးဂျင့်၊ ၎င်း၏စီးပွားရေးမန်နေဂျာဟောင်းနှင့် ဒပ် အား အိမ်တွင်းအကြမ်းဖက်မှု ပြုလုပ်ခဲ့သည်ဟု စွပ်စွဲထားသည့် အသက် ၃၆ နှစ်အရွယ် ဟတ်၏အေးဂျင့်တစ်ဦးဖြစ်သည့် ဘာကင်ထံမှ သက်သေထွက်ဆိုချက်ကို နားထောင်ခဲ့သည်။

အသက် ၅၈ နှစ်အရွယ် ဒပ်က ဟတ် သို့မဟုတ် အကြမ်းဖက်ခံရသည်ဟု ထွက်ဆိုထားသော အခြားအမျိုးသမီးများတစ်စုံတစ်ယောက်၏ စွပ်စွဲပြောကြားချက်များအားလုံးကို ငြင်းဆိုခဲ့သည်။

ဘာကင်က ဒပ်နှင့်အတူတွဲနေသည့် လပေါင်းများစွာအတွင်း ဒပ်သည် မကြာခဏ သောက်လေ့ရှိပြီး အလွန်အကျွံ သဝန်တိုတတ်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူ (ဒပ်) ဟာ အချိန်တော်တော်များများ သောက်နေလေ့ရှိပါတယ်။ သူဟာ ၀ိုင်နီ သောက်တတ်သူတစ်ယောက်ပါ”ဟု ၎င်းက ဆိုသည်။ “သူ (ဒပ်) ဟာ သဝန်တိုပြီး ချုပ်ချယ်တတ်သူတစ်ဦးပါ။ နင်ဘယ်သွားနေတာလဲ။ ဘယ်သူနဲ့လဲ။ လွန်ခဲ့တဲ့ညက ဘာလုပ်နေလဲ စသဖြင့် မေးမြန်းတတ်ပါသေးတယ်”ဟု ၎င်းကဆိုသည်။

ဟတ်က သူသည် အိမ်တွင်းအကြမ်းဖက်ခံသူဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ၀ါရှင်တန်ပိုစ့်တွင် ရေးသားခဲ့ပြီး ယင်းရေးသားချက်၌ ဒပ်၏အမည်ကို ဖော်ပြထားခြင်းမရှိသော်လည်း ဒပ်က ဟတ်အား အသရေ ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး နစ်နာကြေး ဒေါ်လာသန်း ၅၀ တောင်းခံခဲ့သည်။ ဟတ်ကလည်း လျော်ကြေး ဒေါ်လာ သန်း ၁၀၀ တောင်းခံ၍ တန်ပြန်တရားစွဲဆိုခဲ့သည်။