ယူကရိန်း၊ အနောက်အုပ်စုနှင့် ရုရှားကြားမှ သပွတ်အူ

ယူကရိန်း၊ အနောက်အုပ်စုနှင့် ရုရှားကြားမှ သပွတ်အူ
Photo:AFP
Photo:AFP
Published 28 April 2022
​​​​​​​ရာဇ

ယူကရိန်းပဋိပက္ခတွင် ယူကရိန်းစစ်တပ်က ရုရှားတပ်ဖွဲ့များကို ကာလကြာရှည်ခုခံ တွန်းလှန်နိုင်မည်ဆိုပါက ယူကရိန်းတပ်ဖွဲ့ဝင်များသည် အနောက်နိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများနှင့် စစ်ရေးလေ့ကျင်မှုများအ ကြောင်းကို ပိုမိုလေ့လာသင်ယူနိုင်စွမ်းရှိမည် ဖြစ်ကာ ယင်းအခြေအနေကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လိုလားမည်မဟုတ်ပေ။

ယူကရိန်းကို လက်နက်ထောက်ပံ့ပေးနေသည့်စာရင်းကို ထုတ်ဖော်ရမည်ဆိုပါက တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာသည့် အရေအတွက်ကိုသာ တွေ့ရမည်ဖြစ်သည်။

ယင်းထောက်ပံ့မှုစာရင်းတွင် အမေရိကန်၏တိုက်ပွဲဝင် ဒရုန်းအသစ်၊ အမေရိကန် နှင့် ကနေဒါတို့၏ အဆန်းသစ်ဆုံး အမြောက်စနစ်၊ နော်ဝေနှင့် အခြားနိုင်ငံများ၏ တင့်ကားဖျက်ဒုံးကျည်များ၊ ဗြိတိန်၏ ကျည်ကာ ကားများနှင့် သင်္ဘောဖျက်ဒုံးကျည်များ၊ အမေရိကန်၊ ဒိန်းမတ်နှင့် အခြားနိုင်ငံများမှ လေကြောင်းကာကွယ်ရေး ဒုံးကျည်များလည်း ပါဝင်နေသည်။

ယူကရိန်းအနေဖြင့် ရုရှားတပ်ဖွဲ့များကို တောင့်ခံထားနိုင်မည်ဆိုပါက ယူကရိန်းစစ်တပ်၏ လက်နက်တိုက်တွင် အနောက်နိုင်ငံများ၏ လက်နက်စနစ်များကို ပုံတူကူးချနိုင်စွမ်းရှိလာမည်ဖြစ်ကာ ယင်းအခြေအနေသည် ဆိုဗီယက်ခေတ်က လက်နက်စနစ်များကို အဓိကမှီခိုနေရသည့် ဆိုဗီယက်အဖွဲ့ဝင် ဟောင်းနိုင်ငံများ၏အခြေအနေနှင့် ဆင်တူနေမည်ဖြစ်သည်။

သို့သော်လည်း စစ်ရေးအကူအညီအထောက်အပံ့များကို အမြဲမပြတ်ရရှိအောင် ထိန်းထားနိုင်ရန် လွယ်ကူမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းကို စစ်ရေး အကူအညီပေးသည့် နိုင်ငံအချို့သည် ငွေကုန်ကြေးကျများပြီး နိုင်ငံရေးအရ အရဲစွန့် လုပ်ဆောင်ရသည့် အနေအထားမျိုးတွင်ရှိ နေသောကြောင့် ဖြစ်သည်။

အနောက်နိုင်ငံများ၏ စစ်ရေးအကူအညီကို အမြဲမပြတ်စေရန် ထိန်းထားရမည့်အချက်သည် ယူကရိန်းအတွက် လိုအပ်ချက်တစ်ခုဖြစ်နေသည်။ ယင်းအခြေအနေကြောင့်ပင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော် စတင်သည် ယူကရိန်းကို ရေရှည်ကူညီ ထောက်ပံ့နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်ပြီး ဂျာမနီ၏  Ramstein လေတပ်စခန်းတွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးကို နိုင်ငံ ၄၀ ခန့်မှ ကာကွယ်ရေးဝန်ကြီးများနှင့် ထိပ်သီးစစ် ဘက်ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။အစည်းအဝေး၏ ရည်ရွယ်ချက်ကတော့ ရှင်းသည်။

အော်စတင်၏ ပြောကြားချက်အရဆိုလျှင် ယူကရိန်းကို ကာကွယ်ရေးကဏ္ဍတွင် အကူအညီပေးရုံမျှမဟုတ်၊  အင်အားကြီးမားသည့် ရုရှားကို အနိုင်ယူရန်ဆိုသည့် ရည်ရွယ်ချက်ရှိသည်ဟု ဆိုသည်။

ယူကရိန်း၏ မဟာမိတ်များအနေဖြင့်လည်း ယူကရိန်း၏ လုံခြုံရေးလိုအပ်ချက်များကို ပြည့်မီစေရန် အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု အော်စတင်က အစည်းအဝေးဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။

“သူတို့ (ယူကရိန်း) ဟာ လက်နက် ကောင်းကောင်း၊ အထောက်အပံကောင်း ကောင်းရမယ်ဆိုရင် အနိုင်ရလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အော်စတင်က ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်တွင် အမေရိကန်နိုင်ငံခြာေးရးဝန်ကြီး အန်တိုနီဘလင်ကင်နှင့်အတူ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးနှင့် တွေ့ဆုံခဲ့ပြီးနောက် ပိုလန်နိုင်ငံသို့ ရောက်ရှိသည့် ဧပြီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီ ၂၁ ရက်ကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ဒေါ် လာသန်း ၈၀၀ ထပ်မံကူညီသွားမည်ဟု ကြေညာခဲ့သည်။

ပင်တဂွန်ကလည်း ယူကရိန်း ကို ၁၅၅ မမ ဟောင်ဝဇ္ဇာအမြောက် ၇၂ ခု၊ ယင်း အမြောက်များကိုတပ်ဆင်ရန် ကျည်ကာကား ၇၂ စီးနှင့် အမြောက်ဆံ ၁၄၄၀၀၀၊ ယူကရိန်းအတွက် ထုတ်လုပ်ပေးခဲ့သည့် တစ်ခါသုံး  တိုက်ခိုက်ရေးဒရုန်းဖြစ်သည့် Phoenix Ghost ဒရုန်းအစီးရေ ၁၂၀ ထောက်ပံ့ပေး သွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် ဧပြီ ၁၃ ရက် ကလည်း ယူကရိန်းအတွက် စစ်ရေး အကူအညီ ဒေါ်လာ သန်း ၈၀၀ ကြေညာခဲ့ပြီး ရဟတ်ယာဉ်များ၊ ဟောင်ဝဇ္ဇာများ၊ ကျည်ကာယာဉ်များ ထောက်ပံ့မည်ဟု ကြေညာခဲ့သည်။

ယင်းမတိုင်မီကလည်း အမေရိကန်သည် ယူကရိန်းကို Stinger လေယာဉ်ပစ်ဒုံး ကျည် ၁၄၀၀၊ Javelin တင့်ကားဖျက်ဒုံးကျည် ၅၀၀၀၊ ရိုင်ဖယ်များ၊ ခဲယမ်းမီးကျောက်များ နှင့်အခြားပစ္စည်းကိရိယာများ ထောက်ပံ့ခဲ့ သည်။

တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ပေးပို့ခဲ့သည့် ယင်းအကူအညီ အထောက်အပံ့များ အနက် ခုခံကာကွယ်ရေးလက်နက်များ အများဆုံး ပါဝင်နေသော်လည်း အခြေအနေမှာ လျင်မြန်စွာပြောင်းလဲလာခဲ့သည်။

ကာကွယ်ရေးအတွက်အသုံးပြုမည့် လက်နက်များမှ တိုက်ခိုက်ရေးအတွက် အသုံးပြုနိုင်သည့် လက်နက်များထောက်ပံ့ပေးမှုတွင် အမေရိကန်လုပ် Javelin ဒုံးပစ် လောင်ချာများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယင်းဒုံးကျည်များသည်T-90 ရုရှားတင့်ကားများကဲ့သို့ ခေတ်မီသံချပ်ကာ ယာဉ်များကို ထွင်းဖောက်နိုင်စွမ်းရှိသည်။

ဗြိတိန်နိုင်ငံကလည်း ယူကရိန်းကို ကူညီပေးရန်အတွက် တင့်ကားများနှင့် လေယာဉ်များအပါအဝင် စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်က ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်း၏ ကံကြမ္မာသည် သတိထားရမည့်အခြေအနေတွင် တည်ရှိနေကာ ၎င်း၏ မဟာမိတ်များအနေဖြင့် ကာလကြာရှည်ကူ ညီထောက်ပံ့ပေးရမည်ဟုလည်း ထရပ်စ်က ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းစစ်ပွဲတွင် အစောပိုင်းကာလက မျှော်လင့်ထားသည့် အခြေအနေများနှင့် လွဲချော်ခဲ့သည့်တိုင် ယူကရိန်း၏ အရှေ့ဘက်ပိုင်း ဒွန်ဘက်စ်ဒေသအတွက် စမ်းသပ်မှုဖြစ်စေမည့် လက်ဦးမှုများကို ရယူပိုင်ဆိုင်ထားနိုင်ခဲ့သည်။

ယင်းဒေသတွင် အမေရိကန်နှင့် နေတိုးမဟာမိတ်များက ယူကရိန်းကို လက်နက်ကြီးများ ထောက်ပံ့ပေးနေသည့်တိုင် ရုရှားတပ်ဖွဲ့များက အသားစီးရနေသည့် အနေအထားတွင် ရှိနေသည်။

အမေရိကန်ကမူ ယူကရိန်းကို စစ်ရေး အကူအညီများဆက်တိုက်ပေးနေပြီး ဧပြီ ၂၅ ရက်တွင်လည်း အော်စတင်နှင့် ဘလင်ကင်တို့က ယူကရိန်းနှင့် ဥရောပမှ မဟာမိတ်များ နှင့် မိတ်ဖက်နိုင်ငံ ၁၅ နိုင်ငံအတွက် ဒေါ်လာ ၇၁၃ သန်းထောက်ပံ့မည်ဟု ကြေညာခဲ့သည်။

ယင်းထောက်ပံ့ငွေများထဲမှာ ဒေါ်လာ ၃၂၂သန်းမှာ ယူကရိန်းအတွက်ဖြစ်ပြီး အဓိကအားဖြင့် လက်နက်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များအတွက်ဖြစ်သည်ဟု ဆိုသည်။

ကျန်သည့်ထောက်ပံ့ငွေများကို နေတိုးအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှား၏ ကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ယူကရိန်းကို ထောက်ပံ့ပေးသည့် နိုင်ငံများအတွက် ခွဲဝေပေးမည်ဟု ဆိုသည်။

ယင်းငွေကြေးအထောက်အပံ့မှာ ယခင်က ယူကရိန်းကို အမေရိကန်က ကူညီပေးသည့် စစ်ရေးအထောက်အပံ့နှင့် တူညီမှုမရှိပေ။ ယင်းငွေကြေးအထောက်အပံ့သည် လက်နက်အထောက်ပံ့မဟုတ်ဘဲ ယူကရိန်း နှင့် စာရင်းတွင်ပါဝင်သည့် နိုင်ငံများအတွက် လိုအပ်သည့်အရာများကို ဝယ်ယူရန် ငွေကြေး သီးသန့် ထောက်ပံ့ခြင်းဖြစ်သည်။

ယူကရိန်းကမူ ၎င်းတို့အနေနှင့် လေကြောင်းကာကွယ်ရေးစနစ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများနှင့် အတွဲလိုက်ဒုံးပစ် စနစ်များအပါအဝင် အကူအညီများ ပိုမိုလိုအပ်သည်ဟု ပြောကြားထားသည်။

“အခုဆိုရင် အမေရိကန်ဟာ အနောက်နိုင်ငံတွေရဲ့ လက်နက်စနစ်ပုံစံတွေကို ယူကရိန်းစစ်တပ်က အတုယူလုပ်ဆောင်ရမယ့် အနေအထားကို ဦးဆောင်နေပြီလို့ ပြောလို့ရပါတယ်။ အဲဒီလိုအခြေအနေမျိုးဟာ စစ် ပွဲစပြီး တစ်လ၊ နှစ်လလောက်ထဲက ဖြစ်မလာခဲ့တာကို ဝမ်းနည်းလို့မဆုံးပါဘူး”ဟု ယူက ရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရိုကူလီဘာက ပြောကြားခဲ့သည်။

၂၀၁၃ နှင့် ၂၀၁၆ ခုနှစ်များက ဥရောပတွင် နေတိုးအဖွဲ့ကို ဦးဆောင်ခဲ့သည့် အမေရိကန်၏ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဖီးလစ်ဘ ရီလပ်ဗ်ကမူ ပူတင်သည် ယူကရိန်းတွင် နေတိုးအဖွဲ့နောက်ဆုတ်ရေး၊ အမေရိကန်အင် အားမရှိရေး၊ လက်နက်များမရှိရေးကို လိုလားခဲ့သည်ဟု ဆိုသည်။  သို့သော်လည်း လက်ရှိ အခြေအနေမှာ ပူတင်၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

အဘယ်ကြောင့်ဆိုသော် ပူတင်သည် ၎င်းမလိုလားခဲ့သည့် အနောက်အုပ်စု၏လက်နက်များသည် ယူကရိန်းသို့ စုပြုံရောက်ရှိနေခြင်း၊ အနောက်အုပ်စုနှင့် ယူကရိန်းအကြား ပိုပြီးနီးစပ်လာခြင်း၊ အမေရိကန်နှင့် ဥရောပ ပိုမိုနီးစပ်လာခြင်းအစရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဘရီလပ်ဗ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

လက်ရှိအခြေအနေအရ ယူကရိန်းအနေဖြင့် နေတိုးအဖွဲ့ကို ပူးပေါင်းဝင်ရောက်ရန် ဖြစ်နိုင်ခြေနည်းပါးနေသကဲ့ကို ရုရှားအနေဖြင့်လည်း နေတိုးနှင့် ယူကရိန်း ဆက်ဆံရေးကို ခွာပြဲသွားစေရန် လုပ်ဆောင်နိုင်စွမ်းနည်းပါးနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

                                                 

Most Read

Most Recent