သီရီလင်္ကာစီးပွားရေးကျဆင်းမှုနောက်ကွယ်က စီမံခန့်ခွဲမှုအမှားများ

သီရီလင်္ကာစီးပွားရေးကျဆင်းမှုနောက်ကွယ်က စီမံခန့်ခွဲမှုအမှားများ
Photo:Freedom house
Photo:Freedom house
Published 27 April 2022
ဇင်မျိုး

သီရိလင်္ကာကျွန်းနိုင်ငံသည် အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရသည်။ကျောင်းသားများက သမ္မတနှင့် အစိုးရအဖွဲ့ နုုတ်ထွက်ပေးရန် တောင်းဆိုလျက်ရှိသည်။ သီရိလင်္ကာနိုင်ငံတွင် သြဇာ အကြီးဆုံးဆရာတော်တစ်ပါးကလည်း သမ္မတ နုတ်ထွက်ရန် ဆော်သြလျက်ရှိသည်။လွတ်လပ်ရေးရပြီ းနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပကြွေးမြီများကို ပြန်မဆပ်နိုင်ဖြစ် နေသည်။ ထို့ပြင်၂၂ သန်းသောပြည်သူတို့ သည် တစ်နေ့လျှင် ၁၂ နာရီကြာ လျှပ်စစ်ဓာတ် အားပြတ်တောက်မှုနှင့်ကြုံတွေ့နေရသည်။စားစရာ၊ လောင်စာ၊ ဆေးဝါးကဲ့သို့သော ကုန်စည်များ အလွန်အမင်းရှားပါးမှုကို ရင်ဆိုင်နေရသည်။

အထွေထွေကုန်စျေးနှုန်းများ စံချိန်တင်မြင့်တက်လျက်ရှိပြီး ငွေကြေးဖောင်းပွနှုန်း လွန်စွာမြင့်မားနေသည်။ အစားအစာစျေးနှုန်းများ ခေါင်ခိုက်နေသည်။ ပုံမှန်အားဖြင့် ဆန် တစ်ကီလိုကို သီရိလင်္ကာ ရူပီး ၈၀ (အမေရိ ကန် ဒေါ်လာ ၀.၃၄) သာ ပေးရသော်လည်း ယခုအခါ ဆန်တစ်ကီလိုသည် သီရိလင်္ကာရူပီး ၅၀၀ (ကန်ဒေါ်လာ၂.၁၀) ပေးနေရသည်။စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုကြုံတွေ့နေရချိန်တွင် ၄၀၀ ဂရမ်ပါသော နို့မှုန့်တစ်ထုပ်သည် ရူပီးငွေ ၂၅၀ ကျော် (ကန်ဒေါ်လာ ၁.၀၅) ရှိနေသည်။ ယခင်ကဆိုလျှင်အဆိုပါ နို့မှုန့်တစ်ထုပ်ကို ရူပီးငွေ ၆၀ (ဒေါ်လာ ၀.၂၅)သာပေးရသည်။

ဧပြီ ၁ ရက်တွင် သမ္မတဂိုတာဘာယာရာဂျာပါဆာက အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။ အကျပ်အတည်းကို အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ ဒေါသထွက်နေသော ပြည်သူများ၏ကြီးမားသော ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့လာသဖြင့်သီတင်းပတ်တစ်ပတ်မပြည့်မီမှာပင် သမ္မတသည် အရေးပေါ်အခြေအနေကြေညာထားခြင်းကို ရုပ်သိမ်းခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် အရေးပါသောကုန်စည်များအတွက် ပြည်ပသွင်းကုန်များကို အားထားနေရသည်။ ဓာတ်ဆီ၊ အစားအသောက်များနှင့် ဆေးဝါးများအတွက် သွင်းကုန်များကို အားပြုနေရသည်။နိုင်ငံအများစုသည် အဆိုပါကုန်စည်များကို ဝယ်ရန်ပြည်ပငွေများကို ကိုင်ထားရသည်။ သို့ရာတွင် သီရိလင်္ကာနိုင်ငံ၌ ပြည်ပငွေခေါ် နိုင်ငံခြားငွေပြတ်လပ်နေခြင်းက အထွေထွေကုန်စျေးနှုန်းများကို မိုးထိုးအောင်မြင့်တက်စေသည့် အကြောင်းရင်းဖြစ်သည်။

သီရိလင်္ကာ၏ တရုတ်နှင့် စီးပွားရေး ဆက်ဆံမှုများသည် အကျပ်အတည်း နောက်ကွယ်က အဓိကမောင်းနှင်အားဖြစ်နေသည်ဟု အများစုက ပြောနေကြသည်။ အမေရိကန်ကတော့ သည်ဖြစ်စဉ်ကို ကြွေးမြီထောင် ချောက်သံခင်းတမန်ခင်း ဟုခေါ်သည်။ ကြွေးရှင်နိုင်ငံ သို့မဟုတ် ကြွေးရှင်အဖွဲ့အစည်းတစ်ခုက နိုင်ငံရေးသြဇာလွှမ်းနိုင်စေရန် ကြွေးယူသော နိုင်ငံကိုချေးငွေများ ထပ်ချပေးသည့်အခါ ကြွေးမြီထောင်ချောက်သဘော ဖြစ်လာသည်။ ကြွေးရှင်နိုင်ငံက ချေးငွေများကို ထပ်၍ထပ်၍ ထုတ်ပေးသည်။ ထိုအခါ ကြွေးယူသော နိုင်ငံသည်ချေးငွေပြန်မဆပ်နိုင်ဖြစ်လာရာ ထိုနိုင်ငံမှာ မြီစားခေါ်ကြွေး ရှင်နိုင်ငံ၏ ပြုသမျှနုရသောဘဝကို ရောက်ရလေသည်။

သို့ပါသော်လည်း တရုတ်မှချေးငွေများသည် ၂၀၂ဝခုနှစ်တွင် သီရိလင်္ကာ ပြည်ပချေးငွေအားလုံး၏ ၁၀ ရာခိုင်နှုန်း မျှသာရှိသည်။အများဆုံးဖြစ်သည့် ချေးငွေ ၃၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတကာချေးငွေများ ဖြစ်သည်။ ဂျပန်သည် ၁၁ ရာခိုင်နှုန်းဖြင့် သီရိလင်္ကာ၏ အများဆုံးပြည်ပ ကြွေးရှင်နိုင်ငံဖြစ်နေသည်။

တရုတ်၏ သီရိလင်္ကာထံ ချပေးခဲ့သည့် အခြေခံအဆောက်အအုံနှင့် ဆက်စပ်ချေးငွေ အထူးသဖြင့် ဟမ်ဘန်တိုတာဆိပ်ကမ်း တည်ဆောက်ရေးအတွက် ငွေထုတ်ပေးမှုသည် အကျပ်အတည်း ဖြစ်စေသည့် အ ကြောင်းအရင်းတစ်ခုဖြစ်သည်ဟု သုံးသပ်နေသူများ ရှိသည်။

သို့ရာတွင် ထိုအချက်များကိုအပြစ်တင်နေကြခြင်းမှာ ကျိုးကြောင်းဆီလျော်မှုမရှိပေ။ ဟမ်ဘန်တိုတာ ဆိပ်ကမ်းတည်ဆောက်ရေးကို တရုတ် Exim ဘဏ်က ငွေကြေးပံ့ပိုးပေး ခြင်းဖြစ်သည်။ ဆိပ်ကမ်းက အရှုံးပေါ်နေသည်။ ထို့ကြောင့် သီရိလင်္ကာအစိုးရက ဆိပ်ကမ်းကို တရုတ်ကုန်သည် အုပ်စုထံ ၉၉ နှစ် အငှားချခဲ့သည်။ ထို့အတွက် တရုတ်ကုန်သည် အုပ်စုက သီရိလင်္ကာအစိုးရကို အမေရိကန် ဒေါ်လာ ၁.၁၂ ဘီလျံပေးခဲ့ရသည်။

ထို့ကြောင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းအရှုံးပေါ်ခြင်းက ငွေပေးငွေယူရှင်းတမ်း မညီမျှမှုကို ဦးတည်စေသည်မဟုတ်ပါ။ အမှန်မှာ ဆိပ်ကမ်းကိုအငှားချခြင်းက သီရိလင်္ကာ၏ပြည်ပအရန်ငွေကို အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလျံတိုးသွားစေသည်။

၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးခဲ့ပြီးနောက်ပိုင်း သီရိလင်္ကာ၏ စိုက်ပျိုးရေးကို လက်ဖက်ခြောက်၊ ကော်ဖီ၊ ကြက်ပေါက်စေးနှင့် ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့ ပို့ကုန်အခြေပြုကောက်ပဲသီးနှံများက လွှမ်းမိုးခဲ့သည်။ သီရိလင်္ကာ ဂျီဒီပီ၏ ဝေစုအများစုမှာ အဆိုပါကောက်ပဲသီးနှံများကို တင်ပို့ခြင်းမှရလာသော ပြည်ပငွေများမှ ရရှိလာ ခြင်းဖြစ်သည်။ အခြေခံလိုအပ်သောအစားအသောက်များကို တင်သွင်းရာတွင် အဆိုပါ ပြည်ပငွေများကို အသုံးပြုခဲ့သည်။

လွန်ခဲ့သောနှစ်များအတွင်းတွင် သီရိလင်္ကာနိုင်ငံသည် အဝတ်အထည်များကို ပြည်ပသို့ စတင်တင်ပို့ခဲ့သည်။ ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားငွေများ ရရှိသကဲ့သို့ပြည်ပရောက် သီရိလင်္ကာနိုင်ငံသားများထံမှ ပြန်ပို့ငွေများမှ လည်း နိုင်ငံခြားငွေရရှိခဲ့သည်။ ပို့ကုန်ကျ ဆင်းမှုမှန်သမျှက စီးပွားရေးဆိုင်ရာရှော့ခ်ကို ဖြစ်စေကာ ပြည်ပအရန်ငွေလိုအပ်ချက်ကိုမြင့် တက်စေသည်။

ထို့အကြောင်းကြောင့်သီရိလင်္ကာသည် ငွေပေးငွေယူရှင်းတမ်းပြဿနာများကို မကြာခဏကြုံတွေ့ခဲ့ရသည်။ ၁၉၆၅ ခုနှစ်မှရှေ့ပိုင်း အထိ သီရိလင်္ကာသည် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့မှ ချေးငွေ ၁၆ ကြိမ် ရရှိခဲ့သည်။အဆိုပါချေးငွေများကို စည်းကမ်းသတ်မှတ်ချက်များဖြင့် ရယူရခြင်းဖြစ်သည်။ သီရိလင်္ကာသည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှချေးငွေကို လက်ခံရရှိသည်နှင့် တစ်ပြိုင်တည်း မိမိ၏ဘက်ဂျက်လိုငွေပြမှုကို လျှော့ချရသည်။ တင်းကျပ်သော ငွေကြေးမူဝါဒကို ချမှတ်ဆောင်ရွက်ရသည်။ သီရိလင်္ကာပြည်သူများအတွက် စားနပ်ရိက္ခာရရှိရေးအတွက် အစိုးရထောက်ပံ့မှုများကို ဖြတ်တောက်ပစ်ရ သည်။ ပို့ကုန်များ ပိုမိုရှင်သန်လာစေရေးအတွက် သီရိလင်္ကာရူပီးငွေကြေးကို တန်ဖိုးချပစ်ရသည်။

သို့ရာတွင် စီးပွားရေးကျဆင်းမှုများနှင့် ကြုံတွေ့နေရသည့်ကာလများတွင် ကောင်းမွန်သော ငွေကြေးမူဝါဒတစ်ရပ်သည် အစိုးရအနေဖြင့် စီးပွားရေးကို လှုံ့ဆွပေးရန်ငွေများများ သုံးသင့်ကြောင်း သတ်မှတ်ပေးသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ သတ်မှတ်ချက်စည်းကမ်းများကြောင့် သီရိလင်္ကာ အစိုးရသည် ကျဆင်းနေသောစီးပွားရေးကို ကျားကန်ပေးရန်ငွေများများ သုံးမရဖြစ်လာသည်။ ယင်းသို့အခက်အခဲရှိနေသည့်တိုင် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ချေးငွေများချပေးခဲ့သည်။ သောကပတ်လည်ဝိုင်းနေသောစီးပွားရေးသည် ငွေကြေးလိုအပ်ချက် မြင့်လာကာ နိုင်ငံမှာ ပိုမိုကြွေးထူလာပါတော့ သည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကသီရိလင်္ကာကို နောက်ဆုံးချေးငွေထုတ်ပေးခဲ့သည်မှာ၂၀၁၆ ခုနှစ်တုန်းက ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ၂၀၁၉ ခုနှစ်အထိ သုံးနှစ်အတွင်း သီရိလင်္ကာသည် အမေရိကန်ဒေါ်လာ၁.၅ဘီလျံ လက်ခံရရှိခဲ့သည်။ စည်းကမ်းသတ်မှတ်ချက်များက သိပြီးသားအချက်များဖြစ်သည်။အဆိုပါ သုံးနှစ်တာကာလအတွင်း သီရိလင်္ကာ၏ စီးပွားရေးအခြေအနေမှာ ထိုးဆိုက်ဆင်းနေသည်။ စီးပွားရေးတိုးတက်မှု ကျဆင်းသွားသည်။ စုဆောင်းငွေများ ကျဆင်းသွားသည်။ ဝင်ငွေများ ကျဆင်းသွားသည်။ တစ်ဖက်တွင်လည်း ကြွေးမြီဝန်ထုပ်ဝန်ပိုးက မြင့်တက်လာသည်။

၂၀၁၉ ခုနှစ်ထဲတွင် စီးပွားရေးရှော့ခ်နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ အခြေအနေဆိုးသည် အဆိုးရွားဆုံးအခြေအနေသို့ ပြောင်းလဲသွားတော့သည်။ ပထမရှော့ခ်မှာ၂၀၁၉ ခု နှစ် ဧပြီလအတွင်းတွင် သီရိလင်္ကာမြို့တော် ကိုလံဘိုရှိ ဘုရားရှိခိုးကျောင်းများနှင့် ဇိမ်ခံ ဟိုတယ်များတွင် ဗုံးကွဲမှုများဆက်တိုက် ဖြစ် ပွားသော ရှော့ခ်ဖြစ်သည်။ အဆိုပါဗုံးကွဲမှုများက ပြည်ပခရီးသွားဝင်ရောက်မှုကို ထိုးကျသွားစေခဲ့သည်။ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံခြားအရန် ငွေသည် ကျဆင်းသွားသည်။ ဒုတိယရှော့ခ် မှာ သမ္မတ ဂိုတာဘာယာရာဂျာပါဆာ ဦး ဆောင်သော အစိုးရအဖွဲ့သစ်က အခွန်များကို မဆင်မခြင်လျှော့ချပစ်သောကြောင့်ဖြစ် လာသော ရှော့ခ်ဖြစ်သည်။

ကမ္ဘာလှည့်ခရီးသွား အရေအတွက်ကျဆင်းခြင်းနှင့် အခွန်လျှော့ချခြင်းတို့က စီးပွားရေးကို ထပ်မံထိခိုက်စေခဲ့သည်။ ကုန်စည်နှင့် ဝန်ဆောင်မှုအခွန်များကို ၁၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ လျှော့ချခဲ့သည်။ ဝင်ငွေခွန် ကောက်ခံခြင်း၊ စီးပွားရေးဝန်ဆောင်မှုများ အပေါ် အခွန်ကောက်ခံခြင်းနှင့် ကုန်စည် ထုတ်လုပ်ဖြန့်ဖြူးသူများအပေါ်ကောက်ခံသော အခွန်များကဲ့သို့သော သွယ်ဝိုက်အခွန်များကောက်ခံမှုကို ပယ်ဖျက်ခဲ့သည်။ ကော်ပိုရိတ်အခွန်နှုန်းများကိုလည်း ၂၈ရာခိုင်နှုန်းကောက်ခံရာမှ၂၄ ရာခိုင်နှုန်းသာ ကောက်ခံခဲ့သည်။ ယင်းသို့ အခွန်လျှော့ချပေးမှုများကြောင့် တိုင်းပြည်ဝင်ငွေဆုံးရှုံးခဲ့ကာ ဂျီဒီပီ နှစ်ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။

၂၀၂၀ ခုနှစ် မတ်လတွင် သီရိလင်္ကာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားသည်။ ၂၀၂၁ ခုနှစ် ဧပြီလ တွင် ရာဂျာပါဆာ၏ အစိုးရအဖွဲ့သည် နောက်ထပ်ကြီးမားသော အမှားကိုလုပ်ခဲ့သည်။ နိုင်ငံခြား အရန်ငွေကုန် သွားမည်ကို တားဆီးရန် ဓာတ်မြေသြဇာသွင်း ကုန်အားလုံးကို လုံးလုံးပိတ်ပင်လိုက်သည်။သီရိလင်္ကာနိုင်ငံသည် ရာနှုန်းပြည့် သဘာဝမြေသြဇာသုံးစိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း ကြေညာခဲ့သည်။၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရေးဆွဲခဲ့သော ထိုမူဝါဒက စိုက်ပျိုးရေးထုတ်လုပ်မှုကဏ္ဍတွင် သိသိသာသာကျဆင်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး နောက်ထပ်ပြည်ပသွင်းကုန် များပိုမိုလိုအပ်လာစေခဲ့သည်။

သို့သော်လည်း ပြည်ပအရန်ငွေသည်ကုန်ခန်းနေပြီဖြစ်သည်။ ဓာတ်မြေသြဇာ တင်သွင်းမှုပိတ်ပင်ခြင်းကြောင့် လက်ဖက်ခြောက် နှင့် ကြက်ပေါင်ဆေးထုတ်လုပ်မှု ကျဆင်းသွားခြင်းက ပို့ကုန်မှ ရသောဝင်ငွေများကို ပိုုမိုလျော့နည်းစေခဲ့သည်။ ပို့ကုန်ဝင်ငွေနည်းလာခြင်းကြောင့် စားနပ်ရိက္ခာတင်သွင်းရန် ရနိုင်သော ငွေများနည်းပါးသွားရာ စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပေါ်လာတော့သည်။

ဝယ်ယူရန် စားနပ်ရိက္ခာနှင့် အခြားထုတ်ကုန်များ နည်းပါးလာသည်ဆိုသော်လည်း ဝယ်လိုအားက လျော့သွားခြင်းမရှိပေ။ထို့ကြောင့် အဆိုပါကုန်စည်များ၏ စျေးနှုန်းများသည် မြင့်တက်လာခဲ့သည်။၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေကြေးဖောင်းပွမှုသည် ၁၇.၅ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

ဤသို့သောအနေအထားတွင် အစိုးရအသုံးစရိတ်လျှော့ချသည့် ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော်လျက်ရှိရာ ထိုမူဝါဒက စီးပွားရေးအားကောင်းမှု အလားအလာကို ထပ်မံကန့်သတ်သလိုဖြစ်နေကာ သီရိလင်္ကာပြည်သူများ၏ ဒုက္ခကိုပိုမိုဆိုးရွား စေမည်ဖြစ်ပါသည်။ ထို့ကြောင့်လည်း သမ္မတရာဂျာပါဆာ၏အစိုးရ ချက်ချင်းထွက်ရန် ပြည်သူများရော ရဟန်းသံဃာများကပါ တစ်ခဲနက်တောင်းဆိုနေခြင်းမှာ သဘာဝကျ သည်။

Most Read

Most Recent