ရုရှား၏ ယူကရိန်းစစ်ဆင်ရေးနောက်တစ်ဆင့်

ရုရှား၏ ယူကရိန်းစစ်ဆင်ရေးနောက်တစ်ဆင့်
Photo: AFP
Photo: AFP
Published 26 April 2022
ဖြိုးဟိန်းကျော်

မိမိတို့၏ ရည်မှန်းချက်မှာ ယူကရိန်း အရှေ့ပိုင်းရှိ ဒွန်းဘတ်စ်ဒေသနှင့် တောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ဖြစ်သည်ဟု ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့ပြီး နှစ်လအကြာတွင် ရုရှားက ပြောကြားခဲ့သည်။

ယူကရိန်းစစ်ဆင်ရေး ဒုတိယအဆင့်တွင် ရုရှားအစိုးရက မည်သို့သော စစ်ရေး နည်းလမ်းများ၊ စစ်နည်းဗျူဟာများကို အသုံးပြုမည်၊ မည်သို့သော ကာလလတ်နှင့် ကာလရှည် ရည်မှန်းချက်များ ဖော်ဆောင်သွားမည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

စစ်ပွဲ၏ အစောပိုင်း သီတင်းပတ်များတွင် ရန်သူအပေါ် လျှော့တွက်မိသည့်အတွက် ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် နည်းဗျူဟာပိုင်းတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများမှ ရုရှားတို့အနေဖြင့် သင်ခန်းစာအချို့ ရခဲ့ပုံ ပေါ်သည်။

လက်ရှိတွင် ရုရှားတပ်ဖွဲ့ဝင်များသည် ယူကရိန်းပိုင်နက်အတွင်း အဇော့ဗ်ပင်လယ်မှ ခါကိဗ်မြို့စွန်အထိ ကီလိုမီတာ ၂၀၀ မှ ၂၅၀ အထိရှိသော စင်္ကြံလမ်းတွင် တပ်ဖြန့်စစ်ဆင် နေသည့်တိုင် ၎င်းနယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။ 

အလုံးစုံ ထိန်းချုပ်ရေး

မိမိတို့အနေဖြင့် ဒွန်းဘတ်စ်ရှိ ဒေသနှစ်ခုဖြစ်သော ဒိုးနက်နှင့် လူဟန့်တို့ကို အဓိက အာရုံစိုက်ထားကြောင်း ရုရှားစစ်တပ်က မတ်လထဲတွင် ပြောကြားခဲ့သည်။ ထိုဒေသနှစ်ခုတွင် ရုရှားလိုလားသော ခွဲထွက်ရေး သူပုန် များက ၂၀၁၄ ခုနှစ် ကတည်းကပင် အခြေပြု လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ရုရှားစစ်တပ်၏ တာဝန်တစ်ခုမှာ ဒွန်းဘတ်စ်ဒေသနှင့် ယူကရိန်းတောင်ပိုင်းကို အလုံးစုံထိန်းချုပ်ရန် ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ထိန်းချုပ်နိုင်မည်ဆိုလျှင် ခရိုင်းမီးယားကျွန်းဆွယ်နှင့် ချိတ်ဆက်နိုင်မည့် လမ်းကြောင်း တစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း ရုရှားစစ်ဗိုလ်ချုပ် ရူစတမ် မင်နီကာ့ဗ်က ဆိုသည်။ ခရိုင်းမီးယား ကျွန်းဆွယ်သည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းထံမှ ရုရှားတို့ သိမ်းယူခဲ့သည့် နယ်မြေဖြစ်သည်။

သို့ရာတွင် အဆိုပါ ရည်မှန်းချက်ကို ဖော်ဆောင်ရာ၌ စိန်ခေါ်မှုများ ရှိနေသည်ဟု ပြင်သစ်စစ်တပ်မှ အငြိမ်းစား ဗိုလ်မှူးကြီး မီရှယ်လ်ဂိုယာက ဆိုသည်။ “ရုရှားတပ်ဖွဲ့ဝင် တွေ ယူကရိန်းနယ်မြေထဲကို ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လေ သူတို့ကို တိုက်ခိုက်ဖို့ ပိုလွယ် ကူလေပါပဲ” ဟုလည်း ၎င်းက တွစ်တာမှ ပြောကြားခဲ့သည်။

FMES မဟာဗျူဟာလေ့လာရေး သိပ္ပံ၏ ဒါရိုက်တာဖြစ်သူ ပါစကယ် အူဆာကလည်း ရုရှားစစ်တပ်အနေဖြင့် ဒီနီပရိုမြစ်ကမ်း နဖူးပေါ်ရှိ ခါဆန်မြို့မှ မြောက်ပိုင်းရှိ  ဒီနီပရိုမြို့နှင့် ထိုမှတစ်ဆင့် အရှေ့ပိုင်း အီဇီယမ်မြို့ အထိ  ဝင်ရိုးသဖွယ် ချိတ်ဆက်ရန် မျှော်လင့်နေပုံရသည်ဟု သုံးသပ်ခဲ့သည်။

စစ်ဆင်ရေး၏ ကနဦးပစ်မှတ်ဖြစ်ခဲ့ပုံရသည့် ယူကရိန်း၏မြို့တော် ကိယက်ဗ်နှင့် ပတ်သက်၍မူ ရုရှားတွင် အစီအစဉ်တစ်ခုခု ရှိနေမည်ဟု ကျွမ်းကျင်သူများက ယူဆခြင်း မရှိတော့ပေ။

         

မိုးကြိုးစစ်ဆင်ရေးနည်းဗျူဟာ အလုပ်မဖြစ်ခဲ့

ယင်းသည် ရုရှားစစ်တပ်၏ စစ်ရေးတိုးတက်မှု နှေးကွေးနေခြင်းနှင့် စစ်ပွဲ၏ အစောပိုင်းကာလများတွင် စစ်လက်နက်နှင့် လူသူ အင်အား အကျအရှုံးများခဲ့သော အခြေအနေတို့၏ အကျိုးရလဒ်ကြောင့် ရုရှားအနေဖြင့် ၎င်းတို့၏ နည်းဗျူဟာကို အပြောင်းအလဲ လုပ်ဆောင်ခဲ့ဖွယ်ရှိသည်။

“အင်အားအလုံးအရင်းနဲ့ တစ်ဟုန်ထိုး စစ်ဆင်တိုက်ခိုက်တဲ့ မိုးကြိုးစစ်ဆင်ရေး နည်းဗျူဟာ အလုပ်မဖြစ်မှန်း သူတို့ ရိပ်စားမိနေပါပြီ။ ဒါကြောင့် ရုရှားတွေဟာ ရန်သူရဲ့ စိတ်ဓာတ်ကို ပြိုကွဲအောင် မလုပ်နိုင်ရင် ရန်သူတွေ တုန်လှုပ်သွားအောင် အလွန်အကျွံ ဖိအားပေးတဲ့ ဆိုဗီယက်ခေတ်နည်းလမ်းဟောင်းကို ပြန်သုံးလာတာပါ” ဟု FEMS မဟာဗျူဟာလေ့ လာရေးသိပ္ပံ၏ ဒါရိုက်တာဖြစ်သည့် အူဆာက ဆိုသည်။ 

ရုရှားအနေဖြင့် စစ်ဆင်ရေးအတွင်း မာရီယူပိုးလ်မြို့ကို အမိအရ သိမ်းယူလိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ ယူကရိန်းတောင်ပိုင်းရှိ မာရီယူပိုးလ် ဆိပ်ကမ်းမြို့သည် လွန်ခဲ့သည့် နှစ်လအတွင်း ရုရှား၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို တောက်လျှောက်ကြုံတွေ့ခဲ့ရပြီး မြို့တွင်းရှိ လက်ကျန် ယူကရိန်းတပ်ဖွဲ့ဝင် အနည်းငယ်၏ ကြံ့ကြံ့ခံ ခုခံမှုကြောင့်သာ ရုရှားတို့အနေဖြင့် မြို့ကိုသိမ်းယူရန် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်။

အဇော့ဗ်ပင်လယ်ကမ်းခြေတွင် တည်ရှိသော မဟာဗျူဟာအချက်အချာကျသည့် မာရီယူပိုးလ်မြို့သည် စစ်ပွဲ စတင်ဖြစ်ပွားပြီး ကတည်းက ရုရှား၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။ အဆိုပါမြို့သည် ရုရှားသိမ်းပိုက်ခံ ခရိုင်းမီးယားကျွန်းဆွယ်မှ ယူကရိန်းအနောက်ပိုင်းသို့၊ ဒိုးနက်ဒေသမှ ယူကရိန်း အရှေ့ပိုင်းသို့ ဆက်သွယ်ထားသည့်လမ်းကြောင်းပေါ်တွင် တည်ရှိသည်။

“ရုရှားစစ်တပ်ဟာ အင်အားအလွန်အကျွံ အသုံးပြုတာ၊ မြို့ထဲမှာ ကျန်ရှိနေသေးတဲ့ အရပ်သားတွေ ထွက်ပြေးအောင် လက်နက်ကြီးနဲ့ အရမ်းကာရော ပစ်ခတ်တာတွေ ပြုလုပ်ပြီး ရက်စက်တဲ့ နည်းလမ်းကို အသုံးပြုကာ ယူကရိန်းစစ်တပ်ရဲ့ စစ်သွေးစစ်မာန်ကို ရိုက်ချိုးဖို့ ကြိုးပမ်းနေပုံရပါတယ်” ဟု ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးနှင့်နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြံပေးအဖွဲ့ Soufan Center ၏ အကြီးတန်းသုတေသီတစ်ဦးဖြစ်သူ ကောလင်း ကလက်ခ်က ဆိုသည်။

ရုရှားစစ်တပ်သည် ယူကရိန်းတပ်များကို ဒီနီပရိုမြစ်အရှေ့ဘက်ခြမ်းတွင် ပိတ်မိသွားစေရန်အတွက် နှစ်ဖက်ညှပ်၍တိုက်ရန် ကြိုးပမ်းလာနိုင်သည်ဟု ကျွမ်းကျင်သူအချို့က ခန့်မှန်းထားသည်။

ရန်သူအဝိုင်းခံရမည့် အန္တရာယ်ကို ရှောင်ရှားနိုင်ရန် အလို့ငှာ ယူကရိန်း ကာကွယ်ရေးတပ်များသည် စစ်မျက်နှာ အသီးသီးသို့ ဖြန့်ခွဲပြီး ရုရှား၏ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့် ယှက်ဟန့်တားနိုင်ကြောင်းနှင့် ယင်းမဟာဗျူဟာသည် ယခုအချိန်ထိ အောင်မြင်နေဆဲဖြစ်သည်ဟုလည်း ၎င်းက ပြောကြားသည်။

မကြာသေးမီ ရက်ပိုင်းကလည်း အနောက်နိုင်ငံများသည် ယူကရိန်းအတွက် အကူအညီများ တိုးမြှင့်ပေးအပ်ခဲ့ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည်လည်း ဒွန်းဘတ်စ်ဒေသ ခုခံကာကွယ်ရေးအတွက် အဓိက ရည်ရွယ်သော ဒေါ်လာသန်း ၈၀၀ ဖိုး စစ်ရေးအကူ အညီပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။

 

သီတင်းပတ်များနှင့်ချီ သို့မဟုတ် လနှင့်ချီ ကြာ မြင့်နိုင်

သို့သော်ငြားလည်း အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးလျက်ရှိသည်။ စစ်သည်တင် သံချပ်ကာယာဉ်များ ယူကရိန်းစစ်တပ် လက်ဝယ်သို့ ရောက်ရှိနိုင်ရန် သီတင်းပတ်များနှင့်ချီ သို့တည်းမဟုတ် လနှင့်ချီ အချိန်ယူရလိမ့် မည်ဟု မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (ဃှှုှ) ၏ အကြီးတန်းအကြံပေး မာ့ခ်ကန်စီယန်၏ အဆိုအရ သိရသည်။

“သံချပ်ကာယာဉ်တွေ ဥရောပကို ရောက်လာပြီဆိုရင်တောင် သူတို့ကို လက်လွှဲပို့ဆောင်ဖို့  အသင့်မဖြစ်ခင်မှာ ယာဉ်ကြံ့ခိုင်မှု ထိန်းသိမ်းရေး လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများ (နေတိုး) သည် ယူကရိန်းအား မူလ ဆိုဗီယက်လုပ် ၃၀၀ ဒုံးကျည် စနစ်များကို စတင်ထောက်ပံ့ပေးနေပြီ ဖြစ်သော်လည်း ယင်းတို့ ကို တပ်ဖြန့်ရန် အချိန်ယူရဦးမည်ဖြစ်ကြောင်း အူဆာက ပြောကြားသည်။

ထိုစဉ်အတောအတွင်း ပြင်သစ်အစိုးရက မီလန် တင့်ဖျက်လက်နက်များနှင့် ဆီဇာ အမြောက် များကို ယူကရိန်းသို့ ပေးပို့သွားမည်ဟု ကြေညာခဲ့သည်။

သို့တိုင်အောင် ယူကရိန်း အစိုးရသည် ဟောင်ဝစ်ဇာ အမြောက်ကဲ့သို့ အခြား အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ အားနည်းနေဆဲဖြစ်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယူကရိန်းအနေဖြင့် လေကြောင်း တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်ရန် လိုအပ်နေသည်ဟု ကျွမ်းကျင်သူတစ်ဦးက ထောက်ပြခဲ့သည်။

 

အကာအကွယ်ဒိုင်း လိုအပ်နေ

“ ယူကရိန်းအနေနဲ့ ရုရှားတွေအတွက် အလေးသာမှု လျော့နည်းစေမယ့် အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ဖို့ အကာအကွယ်ဒိုင်း လိုအပ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ရုရှားက လေကြောင်းကနေ တိုက်ခိုက်မှုတွေကို နှစ်နဲ့ချီပြီး ဆက်လုပ်နိုင်ပါတယ်” ဟု FMES မဟာဗျူဟာလေ့လာရေးသိပ္ပံ၏ ဒါရိုက်တာဖြစ်သူ အူဆာက ဆိုသည်။

လက်ရှိတွင် ၎င်းစစ်ပွဲ မကြာမီ အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ထားသည့် အကဲခတ်အနည်းငယ်သာ ရှိသည်။

“အနာဂတ် ဖြစ်နိုင်ခြေတစ်ခုကတော့ ကြောက်ခမန်းလိလိ ဗုံးကြဲတိုက်ခိုက်မှုတွေဟ သီတင်းပတ်များစွာ (ဒါမှမဟုတ်) လပေါင်း များစွာချီပြီး ကြာမြင့်နိုင်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

မော်စကိုအခြေစိုက် နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ လေ့လာရေးအဖွဲ့မှ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် အလက်ဇန်းဒါး ခရမ်ချီ ကင်ကမူ စစ်ပွဲသည် နှစ်နဲ့ချီပြီး ဖြစ်ပွားနိုင်သည်ဟု ဆိုသည်။

“အခုအချိန်ထိ ရုရှားရဲ့ ရည်မှန်းချက် တစ်ခုတစ်လေမှ မပြည့်မြောက်သေးသလို သူတို့အနေနဲ့ အဲဒီရည်မှန်းချက်တွေ ပြည့်မြောက်အောင် အနာဂတ်မှာ ဘယ်လိုဘယ်ပုံ လုပ်ဆောင်သွားမယ် ဆိုတာကိုလည်း ခန့်မှန်းဖို့ မလွယ်ကူပါဘူး” ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

                                                  

Most Read

Most Recent