ဗဟိုဘဏ်က ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်မှုမှ ကင်းလွတ်ခွင့်ရသူများတွင် MIC ခွင့်ပြုထားသည့် FDI လုပ်ငန်း၊ SEZ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းလုပ်ငန်းများ ပါဝင်ခြင်း

ဗဟိုဘဏ်က ဒေါ်လာမှ ကျပ်ငွေသို့ လဲလှယ်မှုမှ ကင်းလွတ်ခွင့်ရသူများတွင် MIC ခွင့်ပြုထားသည့် FDI လုပ်ငန်း၊ SEZ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းလုပ်ငန်းများ ပါဝင်ခြင်း
Published 24 April 2022

သင်္ကြန်ကာလနောက်ပိုင်းတွင် ယခင်အလှည့်ကျပုံစံအတိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ် မီးပေးမည်ဖြစ်ကြောင်း ရန်ကင်းမြို့နယ် YESC က ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင် လေးခု ခွဲခြားသတ်မှတ်ထားပြီး ယင်းခရိုင် လေးခုအနက်မှ အုပ်စု-အေနှင့် အုပ်စု-ဘီဟု ခွဲခြားသတ်မှတ်ကာ လေးနာရီခြား တစ်ခါ မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

အုပ်စု-အေတွင် မီးလာနေပါက အုပ်စု -ဘီတွင် မီးပြတ်နေမည် ဖြစ်ကာ အုပ်စု-ဘီတွင် မီးလာနေပါက အုပ်စု-အေတွင် မီးပြတ်မည်ဖြစ်ပြီး လျှပ်စစ်မီးရရှိချိန်မှာ လေးနာရီ သာရရှိမည်ဖြစ်သည်။

စက်မှုဇုန်များတွင် မူလအတိုင်း နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိသာ လျှပ်စစ်မီးရရှိမည်ဖြစ်ပြီး ကျန်အချိန်များတွင်မူ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။

ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် ၄၂၀၀  မဂ္ဂါဝပ်ခန့်ရှိပြီး  လက်ရှိတွင်  LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ စျေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့် ထားရခြင်း၊ ဘီလူးချောင်းရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများ ကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ ဘီလူးချောင်း (၂)-ရွှေမြို့ဓာတ်အားလိုင်း၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ ဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ ဘီလူးချောင်း (၂)-တီကျစ် ဓာတ်အားလိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ပုံမှန်ပို့လွှတ်လျက်ရှိသည့် ၂၂၀ မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

         

ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့များတွင် ဧပြီ ၁၉ ရက် နံနက်က စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချခဲ့ပြီး စက်သုံးဆီဆိုင်အချို့ ရောင်းချနိုင်ခြင်းမရှိဘဲ ပိတ်သိမ်း ထားကာ မော်တော်ယာဉ်များ တန်းစီဝယ်ယူခဲ့ရ

ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့များတွင် ဧပြီ ၁၉ ရက် နံနက်က စက်သုံးဆီများကို အကန့်အသတ်ဖြင့် ရောင်းချခဲ့ပြီး စက်သုံးဆီဆိုင်အချို့ ရောင်းချနိုင်ခြင်းမရှိဘဲ ပိတ်သိမ်းထားကာ မော်တော်ယာဉ်များ တန်းစီဝယ်ယူခဲ့ရကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။

ဧပြီ ၁၉ ရက်နံနက်မှစတင်ကာ စက်သုံးဆီဆိုင်များတွင် ဆီထည့်ရန်မော်တော်ကားများ တန်းစီနေခြင်းဖြစ်ပြီး လိုသလောက် ဝယ်ယူ မရကြောင်း စက်သုံးဆီဝယ်ယူခဲ့သည့် ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် စက်သုံးဆီများကို လိုသလောက် ဝယ်ယူမရဘဲ အကန့်အသတ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း၊  စက်သုံးဆီအရောင်းဆိုင်များ၏ သတ်မှတ်ချက်များမှာ တစ်ဆိုင်နှင့် တစ်ဆိုင် မတူညီဘဲ အချို့ဆိုင်များမှာ ကျပ်သုံးသောင်းဖိုး၊ အချို့ဆိုင်များမှာ ကျပ်ငါးသောင်းဖိုးအထိသာ ဝယ်ယူနိုင်ကြောင်း ကန့်သတ်ထားသည်ဟု ယာဉ်ပိုင်ရှင်အချို့က ပြောကြားသည်။

“၉၂ ဆို နှစ်သောင်း၊ ၉၅ ဆို ငါးသောင်းဖိုးအများဆုံးပဲ။ အခုဆီ စျေးနဲ့ ငါးသောင်းဖိုးဆိုတာက တိုင်ကီ မပြည့်ဘူး”ဟု ယာဉ်ပိုင်ရှင်တစ်ဦးကပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ  ဆီဆိုင်အချို့မှာ နံနက် ၁၁ နာရီတွင် ဆီရောင်းချနိုင်ခြင်းမရှိဘဲ ဓာတ်ဆီအစား ဒီဇယ်ဆီသာရောင်းချနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် စက်သုံးဆီ ဝယ်ယူသူများမှာ မည်သည့်ဆိုင်တွင် ဆီဝယ်ယူနိုင်သည်ကို မော်တော်ယာဉ်မောင်းနှင်သူအချင်းချင်း မေးမြန်းခဲ့ရကြောင်း သိရသည်။

ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင်မူ စက်သုံးဆီဆိုင်အချို့က စက်သုံးဆီများကို လိုသလောက်ရောင်းချပေးမည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။

စက်သုံးဆီ လုံလုံလောက် လောက်ရှိပြီး ဒေါ်လာစျေး ကျပ် ၁၈၅၀ ဖြင့် စက်သုံးဆီ ဖြန့်ဖြူးခိုင်းသည့်အပေါ် ကုမ္ပဏီအချို့က စက်သုံးဆီမရှိသည့်ပုံစံကြေညာခြင်းဖြစ်ကာ သတိပေးခြင်းများ လုပ်ဆောင်ထားသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

သီလဝါသိုလှောင်ကန်စခန်းများအပါအဝင် ပြည်တွင်းဆီလက်ကျန် ဓါတ်ဆီဂါလန် ၄၅ သန်းခန့်နှင့် ဒီဇယ်ဂါလံသန်း ၇၀ ခန့်ရှိပြီး ဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း  လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ပြောကြား ထားသည်။

 

တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှု သို့မဟုတ် ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်း

ရေတွက်ခြင်း မပြု              

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံ မှုကော်မတီတို့၏ ခွင့်ပြုမိန့်^အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ် -၁၉ ကပ်ရောဂါအခြေအနေများကြောင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတည်ဆောက်မှုသို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေး ကြန့်ကြာခဲ့သဖြင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြ လာကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် အမှန်တကယ်ထိ ခိုက်နစ်နာခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ကုစားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ တစ်နှစ်နှင့်ရှစ်လကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတည်ဆောက်မှုသို့မဟုတ် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်း ရေတွက်ခြင်းမပြုရန် ၂၀၂၂ ခုနှစ်  ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏(၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့၏ ခွင့်ပြုမိန့်/အတည်ပြုမိန့် ရရှိပြီး တည်ဆောက်ရေး(သို့မဟုတ်) ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော လုပ်ငန်းများအနေဖြင့် အဆိုပါကာလအတွင်း အကျုံးဝင်ပါက ကော်မရှင်သို့ တည်ဆောက် ရေးကာလထပ်မံတိုးမြှင့် ခွင့်ပြုရေး တင်ပြရန်မလိုကြောင်းနှင့် ကော်မရှင်အနေဖြင့် တည်ဆောက်ရေး ကာလ တွက်ချက်ရာတွင် အဆိုပါ ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုကြောင်း ကြေညာထားသည်။

 

ဒေါ်လာမှကျပ်ငွေသို့ လဲလှယ်မှုမှ ကင်းလွတ်ခွင့်ရ စီးပွားရေးလုပ်ငန်းများနှင့်အဖွဲ့အစည်းများ ခုနစ်ခုကို ဗဟိုဘဏ် ထုတ်ပြန်

ဒေါ်လာမှကျပ်ငွေသို့ လဲလှယ်မှုမှ ကင်းလွတ်ခွင့်ရ စီးပွားရေးလုပ်ငန်းများနှင့်အဖွဲ့အစည်း ခုနစ်ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဧပြီ ၂၀ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန် လိုက်သည်။

MIC ခွင့်ပြုထားသည့်  FDI လုပ်ငန်း၊ အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းလုပ်ငန်းများ အပါအဝင် အဖွဲ့အစည်းခုနစ်ခုမှ ရရှိသောနိုင်ငံခြားဝင်ငွေများကို တစ်ရက်အတွင်း ကျပ်ငွေလဲလှယ်ရောင်းချခြင်းမှကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏  အမိန့်ကြော်ငြာစာအမှတ်(၁၂/၂၀၂၂)အရ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၁၁၊ ပုုဒ်မ-၁၂ နှင့် ပုဒ်မ -၁၃ ပါ သတ်မှတ်ပြဋ္ဌာန်းချက်များအရ ပြည်တွင်း၌ နေထိုင်သူများ၏  ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD)လိုင်စင်ရဘဏ် များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက်တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့်လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း ဧပြီ ၃ ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၂)၏ ဆွေးနွေးဆုံးဖြတ်ချက်များအရ ရည်ညွှန်းချက်ပါစာဖြင့် ထုတ်ပြန်ခဲ့သည့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)တွင် အကျုံး ဝင်ပါဝင်ခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ကင်းလွတ်ခွင့်ရ လုပ်ငန်းများမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI)လုပ်ငန်း များ ပါဝင်သည်။ အထူးစီးပွားရေးဇုန်များတွင် လုပ်ကိုင်ဆောင်ရွက်နေသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပါဝင်သည်။

မြန်မာနိုင်ငံနှင့်သံတမန်ထူထောင်ထားပြီး မြန်မာနိုင်ငံအတွင်း သံရုံးဖွင့်လှစ်ထားရှိသော ပြည်ပနိုင်ငံမှ သံတမန်များ၊ မိသားစုဝင်များ နှင့် အလားတူအဆင့်ရှိသည့်သံအဖွဲ့မှုထမ်းစုတွင် ပါဝင်သည့်နိုင်ငံခြား သားဝန်ထမ်းများဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် ၎င်း၏လက် အောက်ခံအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများ (Laissez- passer)ခရီးသွားလက်မှတ်ကိုင်ဆောင် ထားသော မြန်မာနိုင်ငံသားများ ပါဝင်သည်။

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံတွင် လာရောက်အကူအညီပေးရေး ဆောင်ရွက်နေသည့်ဖွံ့ဖြိုးရေးအေဂျင်စီ (Development Agencies) များရှိ နိုင်ငံခြားသား ဝန်ထမ်းများ ပါဝင်သည်။အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ (ဥပမာ-ကမ္ဘာ့ကြက်ခြေနီအဖွဲ့အစည်း၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့စသည်)၊INGO နှင့် (Development Agencies) များ (ဥပမာ- TICA၊ JICA)မှ သံတမန်အဆင့် နိုင်ငံခြားသားဝန်ထမ်းများ ပါဝင်သည်။

နိုင်ငံပိုင်/နိုင်ငံသားပိုင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ စသည်ဖြင့် လူပုဂ္ဂိုလ်၊လုပ်ငန်း၊ အဖွဲ့အစည်း ခုနစ်ခုကို  ကင်းလွတ် ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် အထက်အပိုဒ်(၂)ပါ အမိန့်ကြော်ငြာ စာအမှတ်(၁၂/၂၀၂၂)တွင်  အကျုံးဝင်ပါဝင်ခြင်းမရှိသည့်အဖွဲ့အစည်း များ၊ လုပ်ငန်းများအတွက် နိုင်ငံခြားငွေနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို ဆောင်ရွက်ပေးရာတွင် အပိုဒ်(၂)ပါ အဖွဲ့အစည်း၊လုပ်ငန်းများဖြစ်ကြောင်း သက်ဆိုင်ရာစာ ရွက်စာတမ်းအထောက်အထားများ ရယူ၍ ဖောက်သည်အား သေချာစွာ သိရှိခြင်း (Know your Customer-KYC) နှင့်  ဆက်သွယ်ဆောင်ရွက်သူအား အလေးထားစိစစ်ခြင်း  (Customer Due Diligence -CDD) တို့အား သေချာစွာဆောင်ရွက်၍ မှန်ကန်မှသာ ဆောင်ရွက်ပေးရန် ထည့်သွင်း ဖော်ပြထားသည်။

ဆောင်ရွက်မှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရန်နှင့် မှတ်တမ်းထားရှိရန်လိုအပ်ကြောင်း၊  ချွတ်ယွင်းပျက်ကွက်မှုများရှိပါက ဘဏ်၏တာဝန်သာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Most Read

Most Recent