COVID-19 ကာကွယ်ဆေး မဖြစ်မနေထိုးကြပါ

COVID-19 ကာကွယ်ဆေး မဖြစ်မနေထိုးကြပါ
Photo: latime.com
Photo: latime.com
Published 24 April 2022
ဘိုဘိုမြင့်

COVID-19 ကူးစက်ကပ်ရောဂါဟာ လက်ရှိမှာလည်း ကမ္ဘာနိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ များလာလိုက်၊ ပြန်လျော့သွားလိုက်နဲ့ ဖြစ်ပွားနေဆဲပါပဲ။

ထို့အတူပဲ မြန်မာနိုင်ငံအတွင်းမှာလည်း COVID-19 ကူးစက်ကပ်ရောဂါကူးစက် ဖြစ်ပွားမှုက တက်လိုက်ကျလိုက်၊ မြင့်လိုက် နိမ့်လိုက်နဲ့ ဖြစ်နေ သွားနေတာ အခုဆိုရင် Omicron လို့ခေါ်တဲ့ စတုတ္ထလှိုင်းကို လွန် မြောက်လာပြီလို့တောင် ဆရာဝန်တွေအနေနဲ့ သုံးသပ်ပြောဆိုမှုတွေရှိပါတယ်။

ယခုနှစ် မွန်ပြည်နယ်အတွင်းမှာလည်း COVID-19 ကူးစက်ကပ်ရောဂါနဲ့ပတ်သက်ပြီး ကူးစက်ဖြစ်ပွားမှုနှုန်းက နိမ့်လိုက်မြင့် လိုက်နဲ့ဖြစ်ပွားနေဆဲပါပဲ။

မွန်ပြည်နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက COVID-19 Positive လူနာသစ်ပေါင်း ၁၂၂ ဦးသာ ရှိရာကနေ ဖေဖော်ဝါရီလအတွင်းမှာတော့ COVID-19 Positive လူနာသစ်ပေါင်း ၂၆၇၀ အထိ ကူးစက်ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီ ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက် တိုဘာလနောက်ပိုင်းမှာ အများဆုံး ပမာဏ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ကူးစက်ဖြစ်ပွားမှုတွေက Omicron လို့ခေါ်တဲ့ COVID-19 ရဲ့မျိုးကွဲတစ်ခုဖြစ်ကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်းမှာတော့ စတုတ္ထလှိုင်းလို့လည်း ခေါ်ကြပါသေးတယ်။

ဖေဖော်ဝါရီလက မွန်ပြည်နယ်မှာ COVID-19 Positive လူနာသစ် တွေ့ရှိမှု အခြေအနေကို ပြန်ကြည့်ရင် ကျိုက်ထိုမြို့နယ် အတွင်းမှာ COVID-19 Positive လူနာသစ် ၁၅၅ ဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၂၂၇ ဦး၊ သထုံမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၁၀၇ ဦးနဲ့ ပေါင်မြို့နယ်အတွင်းမှာ COVID-19  Positive လူနာသစ် ၂၅၉ ဦး ရှိခဲ့ပါတယ်။

ထို့အတူပဲ မော်လမြိုင်မြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၃၇၄ ဦး၊ ကျိုက်မရောမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၂၅၁ ဦး၊ ချောင်းဆုံမြို့နယ်အတွင်းမှာ COVID-19  Positive လူနာသစ် ၃၆၂ ဦး၊ မုဒုံမြို့နယ်အတွင်းမှာ COVID-19  Positive လူနာသစ် ၃၀၆ ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၂၃၃ ဦး၊ ရေးမြို့နယ် အတွင်းမှာ COVID-19 Positive လူနာသစ် ၃၇၄ ဦးရှိခဲ့ပြီးတော့ ထိုင်းနိုင်ငံကနေ ပြန်လည် ဝင်ရောက်လာသူ ၂၂ ဦးမှာလည်း COVID-19 Positive တွေ့ရှိခဲ့ရပါတယ်။

ဖေဖော်ဝါရီလအတွင်းက တွေ့ရှိခဲ့ရတဲ့ COVID-19 Positive လူနာသစ်တွေထဲမှာ မူကြိုကျောင်းက ကျောင်းသားကျောင်းသူလေး တွေကစလို့ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေက ဆရာ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ မိသားစုဝင်တွေမှာ အများဆုံးတွေ့ရှိခဲ့ရတယ်လို့ သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ COVID-19 ကူးစက်ကပ်ရောဂါအရေး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေသူများထံမှ သိရပါတယ်။

တစ်ဖန် ဓာတ်ခွဲအတည်ပြုလူနာသေဆုံးမှုအနေနဲ့ကလည်း ငါးဦးသာရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ COVID-19 Positive လူနာသေဆုံးမှုတွေက ဖေဖော်ဝါရီလ တတိယပတ်ကစလို့ နေ့စဉ် လိုလိုရှိခဲ့တယ်လို့ COVID-19 ကူးစက်ကပ် ရောဂါအရေး ကူညီဆောင်ရွက်ပေးနေကြသူတွေက ဆိုကြပါတယ်။

“အခုဖြစ်နေတဲ့အများစုကတော့ Omicron လို့ ယူဆရပါတယ်။ အသေအပျောက်ရှိ လာတယ်ဆိုတာကလည်း အရမ်းကြီး ဆိုးဆိုး ရွားရွားဖြစ်မှသာ သေဆုံးနိုင်တာပါ။ တော်ရုံ တန်ရုံကတော့ သေဆုံးဖို့သိပ်မဖြစ်နိုင်ဘူးလို့ ပြောလို့ရပါတယ်” လို့ COVID-19 အရေးကူညီဆောင်ရွက်ပေးနေတဲ့ ဆရာဝန်တစ်ဦးက  သုံးသပ်ပြောကြားထားပါတယ်။

၎င်းကဆက်လက်ပြီးတော့ “အခုသေ ဆုံးတဲ့သူတွေက Delta လက်ကျန်ထဲက ဖြစ်နိုင်သလို Omicron ထဲမှာဆိုရင် ရောဂါအခံ အရမ်းဆိုးပြီးတော့ သေသေချာချာကြပ်ကြပ် မတ်မတ် ဆေးကုသခွင့်မရသူတွေလောက်ပဲ သေဆုံးကြတာပါ” လို့ဆိုပါတယ်။

မတ်လအတွင်းမှာတော့ မွန်ပြည်နယ်မှာ COVID-19 Positive လူနာသစ်တွေ တွေ့ရှိမှုက ၁၀၃၀ ဦးသာရှိတဲ့အတွက်ကြောင့် ဖေဖော်ဝါရီလထက် လျော့ကျလာတာကို တွေ့ရပါတယ်။ ဒါကလည်း အမြင့်ဆုံးအခြေအနေ တစ်ခုကို ရောက်ပြီးနောက် ပြန်လည်ကျဆင်းလာတဲ့ သဘောအတိုင်းလို့ ဆိုရမှာပါ။

Positive လူနာသစ်တွေ့ရှိခဲ့မှု အခြေအနေက ကျိုက်ထိုမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၅၄ ဦး၊ ဘီးလင်းမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၁၅၃ ဦး၊ သထုံမြို့နယ်အတွင်း မှာCOVID-19 Positive လူနာသစ် ၅၀ ဦးနဲ့ ပေါင်မြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၁၄၈ ဦးရှိခဲ့ပါတယ်။

အလားတူ မော်လမြိုင်မြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၁၆၉ ဦး၊ ကျိုက်မရောမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၆၁ ဦး၊ ချောင်းဆုံမြို့နယ် အတွင်းမှာ COVID-19 Positive လူနာသစ် ၆၆ ဦး၊ မုဒုံမြို့နယ်အတွင်းမှာ COVID-19 Positive လူနာသစ် ၄၂ ဦး၊ သံဖြူဇရပ်မြို့နယ် အတွင်းမှာ COVID-19 Positive လူနာသစ် ၁၀၀ ဦး၊ ရေးမြို့နယ်အတွင်းမှာ COVID-19  Positive လူနာသစ် ၁၁၆ ဦးရှိခဲ့ပြီးတော့ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူ ၇၁ ဦး မှာလည်း COVID-19 Positive တွေ့ရှိခဲ့ရပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာ သေဆုံးမှုကလည်း ရှစ်ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။

COVID-19 သည် ကပ်ရောဂါဖြစ်သည့်အလျောက် ကူးစက်ဖြစ်ပွားခံရပြီး ရောဂါဝေဒနာ ဆိုးဆိုးရွားရွားခံစားရခြင်း၊ နောက်ဆုံး အသက်သေဆုံးရသည်အထိ ဖြစ်ပွားခြင်းများကြောင့် ဒီလိုကပ်ရောဂါကို ကာကွယ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက လက်ရှိမှာ ကာကွယ်ဆေးထိုးနှံခြင်းသာဖြစ်တယ်လို့ ကျန်း မာရေးနဲ့ဆက်စပ်တဲ့သူတွေရဲ့ သုံးသပ်ချက်တွေကို မှတ်သားဖူးပါတယ်။

“COVID-19 နဲ့ပတ်သက်လို့ မြန်မာပြည်မှာက လှိုင်းလေးလှိုင်း ကြုံပြီးသွားပါပြီ။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာက လည်စင်းခံပေးလိုက်ရတယ်။ အဲဒီကာလမှာတုန်းက ဘာကာကွယ်ဆေးမှလည်း မထိုးရသေးဘူး။ ဒါပေမဲ့ ကာကွယ်ရေးနဲ့ ကုသရေးအပိုင်းတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက် နိုင်ခဲ့ကြပါတယ်။ တတိယလှိုင်းကာလအတွင်းမှာတော့ ကာကွယ်ဆေးတွေကတော့ မြန်မာပြည်ထဲဝင်လာနေပြီပေါ့။ ဒါပေမဲ့ လူအတော်များများသည် ကာကွယ်ဆေးထိုးနိုင်ဖို့ အခြေအနေမပေးခဲ့ဘူး။ တတိယလှိုင်းကာလအတွင်းမှာ ကူးစက်ဖြစ်ပွားမှုနှုန်းရော၊ သေဆုံးမှုနှုန်းပါ အများကြီးဖြစ်ခဲ့တာကိုလည်း သိကြမှာပါ။ အောက်ဆီဂျင်လိုအပ်ချက်ပေါင်းများစွာ၊ နိုင်ငံတော်ရဲ့ပိုက်ဆံတွေရော၊ ပြည်သူတွေရဲ့ ပိုက်ဆံတွေပါ ကုန်ကျမှုတွေအများကြီးရှိခဲ့ပါတယ်။  အဲဒီမှာ ကာကွယ်ဆေးထိုးထားတဲ့သူတွေက ရှင်ကျန်ခဲ့ကြတယ်လို့ ဆိုရမှာပါ”လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနဦးစီးမှူးဖြစ်သူ ဒေါက်တာနန္ဒဝင်းက ပြော ပါတယ်။

၎င်းက ဆက်လက်ပြီးတော့ “အခု စတုတ္ထလှိုင်းမှာလည်း COVID က အရမ်းပြင်းထန်ပါတယ်။ ဒါပေမဲ့လည်း ကာကွယ်ဆေးလွှမ်းခြုံမှုကောင်းတဲ့နေရာတွေမှာ အတည်ပြုလူနာ သေဆုံးမှုက အလွန်နည်းပါးသွားတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး အောက်ဆီဂျင် လိုအပ်ချက်တွေကလည်း နည်းသွားတာကို တွေ့ကြရမှာပါ။ အခုက စတုတ္ထလှိုင်းက ပြီးသွားပြီလို့ပြောလို့ရပါတယ်။ စတုတ္ထလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့လည်း ဆိုလို့ရပါတယ်” ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ပထမအပတ်အထိကို မွန်ပြည်နယ်အတွင်းမှာ အသက် ၁၈ နှစ်နဲ့ အထက် COVID-19 ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေပေါင်း ၁၂၃၃၇၉၄ ဦးရှိတဲ့ အနက်က ကာကွယ်ဆေးထိုးနှံဖို့ ကျန်ရှိဦးရေ က အနည်းငယ်ပဲကျန်တော့တယ်လို့ သိရပါတယ်။ အဲဒီအပြင်ကို ကာကွယ်ဆေးထိုးနှံပြီး သူတွေကိုလည်း Booster Due ဆက်ပြီး ထိုးနှံပေးနေသလို လာမယ့်မေလဆန်းပိုင်းမှာလည်း အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား ကာကွယ်ဆေးထိုးနှံရခြင်းမရှိသေးသူများကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ် လို့လည်း သိရပါတယ်။

“COVID ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ထားတဲ့အတိုင်းသာ ထိုးထားကြမယ်ဆိုရင်တော့ နောက်ဆုံးမှာ COVID သည် တဖြည်းဖြည်း အားလျော့သွားပြီးတော့ လူတွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြီးတော့ အလုပ်အကိုင်မပျက် ဖြစ်လာမယ့် အနေအထားမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း အားလုံး COVID ကာကွယ်ဆေး ထိုးနှံထားကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဒေါက်တာနန္ဒဝင်းက တိုက်တွန်းပြောကြားပါတယ်။

COVID-19 သည် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကပ်ရောဂါဘေးဖြစ်တဲ့အတွက်ကြောင့် ကူးစက်ခံရမှုမရှိရလေအောင် သတိထားနေထိုင်သွားကြရမယ့်အပြင်ကို ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်ဆိုသည့်အတိုင်း ကပ်ရောဂါကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေမျိုး မဖြစ်ရလေအောင် COVID-19 ကာကွယ်ဆေးတွေကို ထိုးနှံကြဖို့ ထပ်ဆင့် တိုက်တွန်းပါရစေ။

Most Read

Most Recent