Speculative Attack (ငွေကြေးအမြတ်ထုတ် တိုက်ခိုက်သူများ)

Speculative Attack (ငွေကြေးအမြတ်ထုတ် တိုက်ခိုက်သူများ)
Published 24 April 2022
သန်းစိုး (ဘောဂဗေဒ)

မကြာသေးခင်က ကျပ်တန်ဖိုး နေ့စဉ်ရက်ဆက် တလိမ့်ခေါက်ကွေး ကျဆင်းနေခြင်းဟာ ငွေကြေးအမြတ် ထုတ်သူများရဲ့တိုက်ခိုက်မှု Speculative Attack ဖြစ် မဖြစ် ဆိုတာကို အငြင်းပွားကြတာနဲ့ ပတ်သက်ပြီး သက်သေထုတ်ချင်မိတဲ့အတွက် ဒီဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ်။

နိုင်ငံတကာမှာ ငွေကြေးပြိုလဲ တာနဲ့ပတ်သက်ပြီး ၁၉၉၂-၉၃ ခုနှစ် မှာ ဗြိတိသျှ ပေါင်စတာလင်နဲ့ အီတလိုင်ရာငွေ၊ ၁၉၉၇ မှာ မလေးရှားရင်းဂစ်၊ အင်ဒိုနီးရှား ယူပီးယား၊ ထိုင်း ဘတ်၊ ၁၉၉၈ မှာ ရုရှား၊ ၁၉၉၉ ခုနှစ် မှာ တူရဂီလိုင်ရာ စသည်ဖြင့် ငွေလဲနှုန်းသမိုင်း ပြိုလဲခဲ့ဖူးပါတယ်။ ဂျပန် ရဲ့ ယန်းငွေတန်ဖိုးဟာ ၁၉၉၅ ခုနှစ် ကနေ ၁၉၉၈ ခုနှစ်အထိ တစ်ဆင့်ပြီး တစ်ဆင့် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ ယန်းငွေတန်ဖိုး ဆက်တိုက် ကျဆင်းလို့ ရင်းနှီးမြှုပ်နှံသူတွေ ယန်းငွေကို မလိုချင်၊ အကျိုးအမြတ်ကလည်း နည်းပါးတာနဲ့ အရင်းအနှီး တွေ တခြားနိုင်ငံကို ရွှေ့ပြောင်း၊ ငွေတန်ဖိုး တောက်လျှောက်ကျဆင်းခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ယန်းတန်ဖိုး တက်လာအောင် ဂျပန်နဲ့ အမေရိကန် အစိုးရကိုယ်တိုင် စျေးကွက်ထဲ ယန်းငွေများ အစိုးရကိုယ်တိုင်ဝယ်ယူခြင်း ဖြင့် ဝင်ရောက်စွက်ဖက်မှု လုပ်ခဲ့ရတာပါ။

၁၉၈၀ ကာလများတုန်းက အမေရိကန်ဟာ ဘရန်တန်ဝုဒ်နဲ့စခဲ့တဲ့ (ရွှေနဲ့ ဒေါ်လာ ချိတ်ဆက်တဲ့စနစ်) ဒေါ်လာနဲ့ ငွေလဲနှုန်းစနစ်ကြောင့် အမေရိကန်ကုန်စည်တွေ စျေးမြင့်ပြီး စျေးကွက်ပျောက်ခဲ့ရလို့ အဲဒီ ချိတ်ဆက်မှုစနစ် ဖျက်သိမ်းခဲ့တာလည်း အမေရိကန်အကျိုးစီးပွားပါ။ တစ်ခါတစ်ရံ ငွေမာရှိတဲ့ နိုင်ငံတွေတောင် နိုင်ငံခြားငွေလဲနှုန်းရဲ့ သက်ရောက်မှုကြောင့်  စျေးကွက်မှာ ဝင်ရောက်စွက်ဖက်တတ်ကြသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေလဲနှုန်းထိန်းကျောင်းခြင်းဖြင့် အမျိုးသားအကျိုးစီးပွားကို ကာကွယ်ကြတာကြောင့် နိုင်ငံတကာဘဏ္ဍာရေးနယ်ပယ်မှာ အငြင်းပွားဖွယ်ရာ ပေါ်လစီတစ်ရပ် အနေနှင့် အခုအထိ တည်ရှိနေသေးတာဖြစ်ပါတယ်။

 

Four Color

မကြာခင်ကဖြစ်ပျက်ခဲ့တဲ့ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေမှုကို ဖြစ်နိုင်ခြေရှိတဲ့ တွေးဆမှုလုပ်တဲ့အခါ ဖြစ်စဉ်လေးခုနဲ့ သမိုင်းအဖြေ ညှိဖို့ လိုအပ်ပါလိမ့်မယ်။

(၁) ပို့ကုန်/သွင်းကုန်နဲ့ဆိုင်တဲ့ Trade ကြောင့် ငွေလဲနှုန်းသက်ရောက်မှုဖြစ်လာတာလား (၁၉၈၀၊ ၉၀ ကာလများ အမေရိကန်၊ ဂျပန် အဖြစ်အပျက်များချိန်ငြိ)

(၂) အိမ်ရာစျေးကွက် ပူဖောင်းပေါက် (Bubbles Brust)  ခြင်း ကြောင့် ငွေတန်ဖိုးကျဆင်းခြင်း (၁၉၉၇ အာရှဘဏ္ဍာရေးအဖြစ်အပျက်၊ ဒီအပေါ် Wallstreet ဘဏ္ဍာရေးကုမ္ပဏီများ စျေးကစား အမြတ် ထုတ်ခဲ့ကြပါတယ်။)

(၃) ၁၉၇၃ ခုနှစ်တုန်းကလို လောင်စာဆီစျေးနှုန်း ထိုးတက်မှုကြောင့် ဖြစ်ပေါ်လာခြင်းမျိုးလား။ (ကမ္ဘာလုံး ဆိုင်ရာ အဖြစ်အပျက်)

(၄) စျေးကစားသူတို့ရဲ့ အမြတ် ထုတ်တိုက်ခိုက်ခြင်းကြောင့်လား (Speculative Attack) ကြောင့်လား (၁၉၉၇ အာရှအပေါ် ငွေကုန်သည် ဂျော့ဆိုးရော့အဖြစ်အပျက်) ဘာကြောင့်လဲ ခွဲခြမ်းစိတ်ဖြာဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအဖြစ်အပျက်လေးခုထဲက ဘဏ္ဍာရေးသမိုင်းမှာ အိမ်ရာ ပူပေါင်း ပေါက်ပြီးတဲ့နောက် ငွေတန်ဖိုး ဆက်တိုက်ကျဆင်း (အဲဒီကျဆင်းနေတဲ့ အခိုက်အတန့်မှာ ငွေကုန်ကူးသူတွေက စျေးကစား အမြတ်ထုတ်ကြတာ ဖြစ်ပါတယ်) လောင်စာဆီ အဆမတန် ထိုးတက်သွားလို့ ဒေါ်လာပြတ်/ရှား ပြီး ဒေါ်လာငွေလိုအပ်ချက်ကြောင့် ငွေတန်ဖိုးကျဆင်းခြင်း ဒီနှစ်ခုကသာ ထင်ထင်ရှားရှားဖြစ်ပြီး ကမ္ဘာလုံးချီ အကျပ်အတည်း ဆိုက်ခဲ့ကြ ဖူးပါတယ်။ 

အိမ်ရာပူဖောင်းပေါက်၊ ငွေ တန်ဖိုးကျ၊ ငွေတန်ဖိုးကျရိပ်သန်းချိန် ငွေကြေးအမြတ်ထုတ်သူတွေက စျေးကစား ဒီနည်းဖြစ်ပါတယ်။

 

၁၀၀/၂၀ လား ၂၀/၁၀၀ လား

ဖြစ်နိုင်ခြေရှိတဲ့ မြန်မာ့အခြေအနေကတော့ Trade Volume ကြောင့် ဒေါ်လာလိုအပ်မှုများပြီး တန်ဖိုးတက်နေခြင်းဟာ ပါသလောက်ပါပေမဲ့ ဒီထက်လေးနက်တဲ့ အကြောင်းအရာက Speculative Attack ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံစျေး တစ်ဟုန်ထိုး တက်နေတာက တစ်ပိုင်း၊ ရေနံစျေးနှုန်း မတည်ငြိမ်မှု၊ ဒေါ်လာရန်ပုံငွေ လိုအပ်ချက် ဒီအကြောင်းစုံမှု နှစ်ခုအပေါ် စျေးကစား အမြတ်ထုတ်တိုက်ခိုက်သူတွေက အမြတ်ရှာသွားကြတာ ဖြစ်ပုံရပါတယ်။

(ဒါကလည်း လောင်စာလိုအပ်ချက်ပမာဏ၊ တင်သွင်းမှုပမာဏ၊ ပို့ကုန်ပမာဏ၊ ငွေပမာဏ၊ သွင်းကုန် ပမာဏ၊ ငွေပမာဏသိရရင်တော့ အခုဖြစ်နေတဲ့ကျပ်တန်ဖိုး မတည်မ ငြိမ်ဖြစ်မှုဟာ Trade ကြောင့်လား၊ စျေးကစားအမြတ်ထုတ်သူတွေရဲ့ တိုက်ခိုက်မှုလား (Speculative Attack) ခွဲခြားပြနိုင်ပါလိမ့်မယ်)။

အခု ယူကရိန်း-ရုရှားစစ်ပွဲနှင့် အတူ ကမ္ဘာ့လောင်စာစျေးနှုန်းဟာ တက်လိုက်/ကျလိုက် အရှိန်ပြင်းပြင်း နဲ့ နိုင်ငံအားလုံးရဲ့ ငွေကြေးအပေါ်၊ ငွေလဲနှုန်းအပေါ် အကြီးအကျယ် သက်ရောက်မှုဖြစ်နေတာတော့ အမှန်ဖြစ်ပါတယ်။ များသောအားဖြင့် နိုင်ငံတကာကုန်သွယ်မှုမှာ ပို့ကုန်/သွင်းကုန် အမြတ်ဒေါ်လာ ၁၀၀ ရမယ်ဆိုရင် နိုင်ငံခြားငွေလဲနှုန်းကြောင့်ရတဲ့ အမြတ်က ဒေါ်လာ ၂၀ ဖြစ်တတ်ပါတယ်။ အဲဒီအမြတ်က ငွေကုန်ကူးသူတွေရတဲ့ အမြတ်ပါ။

အခုက ကုန်သွယ်မှုက အမြတ် ဒေါ်လာ ၂၀ ရပြီး ငွေလဲနှုန်းအပေါ် ငွေကုန်ကူးသူတို့ရဲ့ အမြတ်ထုတ် တိုက်ခိုက်သူတွေက ၁၀၀ ရနေတဲ့ ပုံစံ ဖြစ်နေပါလိမ့်မယ်။ ဒါကို ငွေကုန်ကူးသူတွေရဲ့ အမြတ်ထုတ်တိုက် ခိုက်ခြင်း (Speculative Attack) လို့ ခေါ်ပါတယ်။

ဘာကြောင့်လဲ နိုင်ငံခြားအရန် ငွေနည်းနေလို့၊ လောင်စာကြောင့် ဒေါ်လာလိုအပ်ချက်များနေလို့၊ ပို့ကုန်နည်းတော့ နိုင်ငံခြားငွေနည်း နေလို့ စတဲ့သတင်းအချက်အလက်မပြည့်စုံမှု Information Asymmetric ဖြစ်မှု၊ ငွေလဲနှုန်းစျေးကွက်က မိုနိုပိုလီ ဒါမှမဟုတ် အော်လီဂါချီ စျေးကွက်ဖြစ်နေလို့ Speculative Attack လုပ်ရတာ ပိုလွယ်သွားပုံရ ပါတယ်။ ငွေလဲနှုန်းဟာ တစ်ရက်ချင်း/တစ်ရက်ချင်းအလိုက်၊ မိနစ် အလိုက်/စက္ကန့်အလိုက် ပြောင်းလဲနေခြင်းဟာ သံသယဖြစ်ဖွယ်အချက် ဖြစ်နေလို့ပါ။

အမြတ်ထုတ် တိုက်ခိုက်မှု Speculative Attack

ဗဟိုဘဏ်မှာ ငွေလဲနှုန်းစျေးကွက်ထဲ ဝင်ရောက်ကိုင်တွယ်ထိန်းကျောင်းနိုင်လောက်တဲ့အထိ နိုင်ငံ သီးသန့်ငွေလက်ကျန် မရှိတော့ဘူး ဆိုရင် စျေးကစားအမြတ်ထုတ်လို သူတွေက နိုင်ငံခြားငွေကြေးစျေး ကွက်ထဲ ဝင်ရောက်လာတတ်ကြတယ်။ ငွေလဲနှုန်းအတက်အကျအပေါ်ကစားပြီး အမြတ်ထုတ်သူတွေ ဟာ တစ်ဦးချင်း၊ အုပ်စုဖွဲ့ထားတဲ့သူ (Speculative  Group)၊ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ Firms တွေ ဖြစ်တတ်ပါတယ်။ ငွေကြေးမတည်ငြိမ်မှုအပေါ်၊ စီးပွားရေးမတည်ငြိမ်မှုအပေါ် ငွေလဲနှုန်း အသွားအလာကို တွက်ပြီး လောင်းကစားပုံစံ လုပ်ကိုင် ခြင်းဖြစ်ပါတယ်။ ဂဏန်းနှင့် တွက်ချက်ကြည့်ရအောင်။

ဆိုပါစို့ ဒီနေ့ ၁၃.၄.၂၀၂၂ နေ့ မှာ တစ်ဒေါ်လာ ၄၀ ဘတ် ငွေလဲနှုန်းဖြစ်နေတယ်။ အခြေအနေအရ နောက်ရက် ထပ်ကျဖို့မြင်နေတယ်။ ဒီလိုဆိုရင် ဒီနေ့မှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံဖိုး ဘတ်ငွေ ဘီလျံ ၄၀ ပေးဝယ်လိုက်မယ်။

နောက်နေ့ ငွေလဲနှုန်းကြောင့် တစ်ဒေါ်လာကို ဘတ် ၅၀ ကျဆင်းသွားပြီဆိုပါစို့။ ဒီလိုဆိုရင် ငွေကုန် ကူးသူတွေဟာ ချက်ချင်း အချိန်မဆိုင်းဘဲ လက်ထဲ အမေရိကန်ဒေါ်လာ တစ်ဘီလျံ ရောင်းလိုက်မယ်၊ ဒါဆိုရင် ဘတ် ဘီလျံ ၅၀ ရသွားပါပြီ။ ဒါဆိုရင် ငွေကုန်ကူးတွေဟာ ၂၄ နာရီအတွင်း အမြတ် ဘတ် ၁၀ ဘီလျံ အမြတ်ထွက်သွားပြီ။ အမေရိကန် ဒေါ်လာ သန်း ၂၀၀ မြတ်သွားတဲ့သဘော။

ဒီသဘောအတိုင်း ငွေကုန်ကူးသူတွေဟာ နေ့တိုင်း ရောင်းလိုက်၊ ပြန်ဝယ်လိုက်နဲ့ အဲဒီကြားက ခြားနားချက်ကို အမြတ်ထုတ်ကြတာဖြစ် ပုံရပါတယ်။

တစ်ခါတစ်ရံ ရောင်းသူနဲ့ ဝယ်သူဟာ အုပ်စုလိုက် ပူးပေါင်းကြံစည် သူတွေလည်း ဖြစ်နေတတ်ပါတယ်။ ရောင်းသူ/ဝယ်သူ Rent Seeking တွေဟာ သူတို့လိုချင်တဲ့ အမြင့်စျေး ရပြီဆိုမှ ရောင်းထုတ်လိုက်ပြီး စျေးကွက်က ကြက်ပျောက်ငှက်ပျောက် နေလိုက်တာလည်းရှိပါတယ်။ ဒီသဘောတရားဟာ ဆောင်းပါးရဲ့ ဒုတိယအပိုဒ်မှာ ဖြစ်ပွားခဲ့တဲ့ ငွေကြေးပြိုလဲ မှုသမိုင်းကဖြစ်စဉ်နဲ့ အတူတူပါပဲ။

 

၁၉၀၀ မှ ၂၀၂၀ ပတ်ဝန်းကျင်အထိ

မကြာခင်က မြန်မာငွေလဲနှုန်း စျေးကွက်မှာ ကျပ်တန်ဖိုးတွေ ဆက်တိုက်ကျဆင်းနေတာ သတိထားမိ ကြမယ်ထင်ပါတယ်။ တစ်ဒေါ်လာ ၁၉၀၀ ကျပ်ပတ်ဝန်းကျင်ကနေ ၁၉၅၀၊ ၁၉၇၀၊၂၀၀၀၊ အဲဒီကနေ ကျပ် ၂၁၀၀ အထက်အထိ ရောက်ခဲ့ပါတယ်။ နောက် တစ်ဒေါ်လာ၂၁၀၀ ပတ်ဝန်းကျင်ကနေ ၂၂၀၀ နီးပါး အရှိန်သွက်သွက်နဲ့ ကျလိုက်တက်လိုက် ဖြစ်ခဲ့ကြတာ သတိထားမိသင့်ပါတယ်။

ဒါကြောင့် ရေနံလိုအပ်ချက် တစ်ခုတည်းကြောင့်လား၊ သွင်းကုန်ဒေါ်လာလိုအပ်ချက်ကြောင့်လား ဆိုတာ သက်ဆိုင်ရာကသာ သိပါလိမ့်မယ်။

သေချာတာကတော့ မြန်မာ ကျပ်ငွေလဲနှုန်းဟာ ခြောက်လတာ ကာလအတွင်းမှာ ကြောက်ခမန်း လိလိ ငွေစျေးအတက်နှုန်းမြန်ခဲ့ပြီး အရှိန်လည်း ပြင်းထန်လွန်းတာကော့ နောက်ဆုံး ပြည်သူတွေ ရင်စည်းခံရတဲ့ကိန်းပါ။ ကုန်စျေးနှုန်းတွေ ကြောက်ခမန်းလိလိ ထိုးတက်သွား လို့ဖြစ်ပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်း ခြင်းဟာ ကုန်သွယ်မှုမမျှမတ ဖြစ်နေတဲ့အခြေအနေကနေ တွန်းပို့နေတာလား။ ဆိုလိုတာက သွင်းကုန်တွေ တရစပ် တင်သွင်းနေရလို့ ဒေါ်လာ ပြတ်ပြီး တန်ဖိုးတက်နေတာလား။ နို့မဟုတ် နိုင်ငံတကာအခင်းအကျင်း ကြောင့်လား (လောင်စာဆီစျေးနှုန်း ဖြစ်ပါတယ်) လောင်စာဆီတက်တဲ့ နှုန်း (နိုင်ငံတကာစျေးနှုန်း)၊ ဒီဘက် ဒေါ်လာစျေးတက်တဲ့နှုန်း (နှုန်း/နှုန်းခြင်းဟာ ကွာဟချက် ခြားနားချက်ကြီးပါတယ်။

ပြောရရင် လောင်စာဆီတက်တဲ့ Rate နှင့် ဒေါ်လာတက်တဲ့ Rate ဟာ အရမ်းကွာဟလွန်းနေတာဖြစ်ပါတယ်။ ဒီကွာဟချက်နှုန်းဟာ စျေးကစားအမြတ်ထုတ်သူတွေရဲ့ (Speculative Attack) လုပ်ဆောင်ချက် လားဆိုတာကတော့ အာဏာပိုင်တွေသာ ဆက်လက်စုံစမ်းသင့်တဲ့ ကိစ္စဖြစ်ပါတယ်။

 

ပြည်ပျက်ကိန်း

စျေးကွက်ဝါဒီသမားတွေဟာ စျေးကွက်ကို ဒီအတိုင်းပဲ လွှတ်ထားတာကသာ အကောင်းဆုံးဆိုတဲ့ ဖြစ်ရပ်ကနေ ရပ်တည်ကြပါတယ်။ စာရေးသူလည်း စျေးကွက်ဝါဒီသမား တစ်ဦးပါပဲ။ နို့ပေမဲ့ စျေးကွက် ဟာမိုနိုပိုလီစျေးကွက်၊ အော်လီဂါ ချီစျေးကွက်၊ အင်ပါဖက်စျေးကွက်၊ စျေးကစားသူစျေးကွက်ဖြစ်နေရင်တော့ အချိန်ကာလတစ်ခုအထိ အစိုးရ Intervene လုပ်ရမယ့်အပိုင်း တော့ ရှိသင့်ပါတယ်။

အထူးသဖြင့် Soft Currency ဖြစ်တဲ့နိုင်ငံတွေဟာ နိုင်ငံခြားငွေလဲ နှုန်းပေါ်လစီနဲ့ပတ်သက်ပြီး အထူး သတိထားကိုင်တွယ်ထိန်းကျောင်း နေရလို့ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ငွေလဲနှုန်းကြောင့် ငွေတန် ဖိုးကျ၊ အင်ဖလေးရှင်းဖြစ်၊ ဝယ်လိုအားတွေနိမ့်၊ အလုပ်လက်မဲ့တွေပေါ်၊ ဒီလို ဒိုမီနိသက်ရောက်မှု ကြောင့် (သိရီလင်္ကာ၊ နီပေါနိုင်ငံတို့လို) တိုင်းပြည်ပျက်ကိန်းဆိုက်မှာကို မလိုလားခြင်းကြောင့်ဖြစ်ပါတယ်။

Most Read

Most Recent