သောင်ရင်းမြစ်နံဘေး စစ်ရှောင်စခန်းတွေက ကလေးတွေရဲ့ ပညာရေး

သောင်ရင်းမြစ်နံဘေး စစ်ရှောင်စခန်းတွေက ကလေးတွေရဲ့ ပညာရေး
ထိုင်းဘက်ကမ်းမှ စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်စဉ် သွားရောက်သယ်ဆောင်နေသော မြန်မာကလေးငယ်များကို ၂၀၂၂ ခုနှစ် မတ်လကုန်ခန့်က တွေ့ရစဉ်  (Photo :CJ)
ထိုင်းဘက်ကမ်းမှ စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်စဉ် သွားရောက်သယ်ဆောင်နေသော မြန်မာကလေးငယ်များကို ၂၀၂၂ ခုနှစ် မတ်လကုန်ခန့်က တွေ့ရစဉ်  (Photo :CJ)
Published 24 April 2022
ကိုရွှေသိန်း (မြဝတီ)

“ပျော်ရွှင်စွာပညာသင်နေရမယ့် ကလေးတွေ မိဘတွေနဲ့အတူ ဒုက္ခခံနေရတယ်။ကလေးရဲ့သဘာဝအရ လွတ်လပ်စွာ ပျော်ရွှင်ခွင့်မရသလို လွတ်လပ်စွာ ပညာသင်ခွင့် မရကြဘဲ လူ့အခွင့်အရေး၊ ကလေးအခွင့်အ ရေးတွေဆုံးရှုံးနေရတာကို စိတ်မချမ်းမြေ့စွာတွေ့ရတယ်”လို့ Arakan Worker Organization မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သောင်ရင်းမြစ်ဘေး မြန်မာဘက်ကမ်းစပ်မှာရှိနေတဲ့ စစ်ဘေးရှောင်စခန်းနှစ်ခုသို့ စားသောက်ဖွယ်ရာတွေ သွားလှူတဲ့ AWO အလုပ်သမားအဖွဲ့က တာဝန်ရှိသူတစ်ဦးက လူမမယ်ကလေးငယ်တွေကို ငေးကြည့်ရင်း ပြောဆိုလိုက်တာပါ။

အထူးသဖြင့် အရွယ်မရောက်သေးသည့် ကလေးငယ်တွေလည်း မိဘနဲ့အတူစစ် ဘေးရှောင်နေရကြောင်းနဲ့ ကလေးအခွင့်အရေး၊ လူ့အခွင့်အရေးဆုံးရှုံးနေရတာကို ရင်နင့်စွာခံစားရတယ်လို့ ဆိုပါတယ်။

နွေရာသီကျောင်းပိတ်ရက်မို့ စာသင်ကျောင်းမှာမရှိကြတာ အဆန်းမဟုတ်ပေမဲ့ လာမယ့်ပညာသင်နှစ်မှာ ကျောင်းတော်ကို တက်ခွင့်ရပါ့မလားလို့သူက ဆိုပါတယ်။

AWO အဖွဲ့သားတွေနဲ့ အလှူရှင်တွေ စုပေါင်းပြီး သွားရောက်လှူဒါန်းကြတဲ့နောက်ပိုင်းမှာ အသွားအလာကို ထိုင်းဘက်က ကန့်သတ်လိုက်သလို မြန်မာနိုင်ငံဘက်ကလည်း ကန့်သတ်လိုက်တဲ့အတွက် သောင်ရင်းမြစ် နှုတ်ခမ်းစပ်က စစ်ဘေးရှောင်တွေ စားသောက်ရေးခက်ခဲနေတယ်လို့လည်း ဆိုပါတယ်။

မြဝတီမြို့တောင်ဘက် ငြိမ်းချမ်းရေး သင်္ကေတမြို့တော် လေးကေ့ကော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်ကစတင်ကာ နှစ်ဖက် တိုက်ခိုက်ပစ်ခတ် မှုတွေဖြစ်တော့ ဒေသခံပြည်သူတွေဟာ အိုး အိမ်စွန့်ခွာ ထွက်ပြေးကြရပါတယ်။

လေကြောင်းပစ်ကူသံတွေ၊ လက်နက်ကြီးကျည် ပေါက်ကွဲသံတွေ ညံစီလာတော့ လေးကေ့ကော်၊ ပဟိကလော်၊ ရသေ့ဂူ၊ မယ့်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပန်၊ ဖလူးလေး၊ ဖလူးကြီးနဲ့ သေ့ဘောပိုးစတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတစ်သောင်းကျော်ဟာ သောက်ရင်းမြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံဘက်သို့ အသက်လုပြေးခဲ့ကြရတယ်။

ပစ္စည်းဥစ္စာထက် အသက်ရှင်ဖို့အရေး အိုးအိမ်စွန့်ခွာ ပြေးခဲ့ရခြင်းရဲ့နောက်ကွယ်မှာ အိမ်ခြံဝင်းအတွင်းမှာကျန်ခဲ့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ အိမ်တွင်းပစ္စည်းတွေ ပျောက် ဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလဆန်းပိုင်းလောက်မှာတော့ ယမ်းငွေ့မပြယ်သေးပေမဲ့ ထိုင်းဘက်မှာ တာဝန်ယူလက်ခံထားတဲ့  စစ်ဘေးရှောင်တွေကို မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်ခဲ့ကြတယ်။

သို့ပေမဲ့ မြဝတီတောင်ဘက် လေးကေ့ ကော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ တိုက်ပွဲ တွေဆက်လက် ဖြစ်ပွားနေဆဲဖြစ်တာကြောင့်  အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေဟာ စားသောက်ရေးနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့ အရေး အလှူရှင်တွေကို မျှော်နေရဆဲဖြစ်ပါတယ်။ သောင်ရင်းမြစ်ကမ်းစပ် ထိုင်းဘက် ကမ်းမှာ အလှူရှင်တွေလာပို့တဲ့ စားသောက်စရာ၊ အသုံးအဆောင်တွေကို မြန်မာဘက်  မြစ်ကမ်းစပ်က စစ်ဘေးရှောင်ကလေးတွေဟာ မြစ်ရေပြင်ကိုလက်ပစ်ကူးပြီး သွားယူနေ ကြပါတယ်။

“စားသောက်စရာအတွက် မြစ်ရေပြင်ကို ဖြတ်ကူးလာတဲ့ကလေးတွေကိုကြည့်ရင်း  ရင်ထဲမကောင်းပါဘူး။ နွေရာသီမို့လို့ ရေကတော့ ဒူးအထက်လောက်ပါပဲ။ တစ်ခါတစ်ရံ တော့လှေနဲ့ လာယူကြပါတယ်”လို့ စစ်ဘေး ရှောင်တွေအတွက် စားသောက်ဖွယ်ရာတွေ သွားရောက်ကူညီပေးနေသူတစ်ဦးကဆိုပါတယ်။

ထိုင်းဘက်ကနေ မြန်မာနိုင်ငံဘက်သို့ ပြန်ခဲ့ကြရပေမဲ့ နေအိမ်ပြန်ခွင့်မရဘဲ မြန်မာဘက်ကမ်း သောင်ရင်းမြစ်ကမ်းစပ်ရှိ ကျူဝါးရုံပင်တွေကြားမှာ တဲထိုးနေရတဲ့  စစ်ဘေးရှောင်တွေဟာ ထောင်နှင့်ချီ၍ရှိနေဆဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် မတ် ၁၂ ရက်မှ ဧပြီ ၂၀ ရက်အထိ ယမ်းငွေ့မပြယ်သေးတဲ့ လေးကေ့ကော်ဒေသမှာ တစ်ကျော့ပြန်ဖြစ်လာခဲ့တဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကြတဲ့ တိုက်ပွဲကြောင့် လေးကေ့ကော်၊ ဖလူးနဲ့ ရသေ့ဂူဒေသခံတွေက စစ်ဘေးလွတ်ရာ သောင်ရင်းကမ်းစပ်ရှိ စစ်ရှောင်စခန်းသို့ ထပ်မံပြေးကြရပြန်ပါတယ်။

မြဝတီ ဝေါလေမြိုင်လမ်းမပေါ်ရှိ မယ့်ထော်သလေး၊ အင်ကြင်းမြိုင်၊ မင်းလက်ပန်၊ ဖလူးလေး၊ ဖလူးကြီး၊ မေတ္တာလေးမြိုင် ကျေး ရွာတွေက စစ်ဘေးရှောင်အချို့ နေအိမ်ပြန်လာလို့ရကြပေမဲ့လည်း လေးကေ့ကော်မြို့ သစ်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ တို့မှ ဒေသခံတွေဟာ သောင်ရင်းမြစ်ကမ်းစပ်၊ အင်ကြင်းမြိုင်ဘုန်းတော်ကြီးကျောင်းနဲ့  မင်းလက်ပန်ကျေးရွာဘုန်းတော်ကြီးကျောင်းစစ် ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

အထူးသဖြင့်သောင်မြစ်ကမ်းစပ် ဖလူးလေးမှ ကျောက်ခတ်အထိ မစစ်ဘေးရှောင် စခန်း ခုနစ်ခုရှိတယ်။ စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ဟာ အလှူရှင်တွေ စေတ နာရှင်တွေ လာရောက်လှူဒါန်းတဲ့ စား သောက်ဖွယ်ရာတွေကို မျှော်နေရတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ကမ်း သောင်ရင်းမြစ်နံ ဘေးရှိ စစ်ရှောင်စခန်းသို့ မတ်လအတွင်းက စားသောက်ရေးရိက္ခာနှင့် အသုံးအဆောင်တွေ သွားရောက်လှူဒါန်းပေးခဲ့တဲ့ Arakan Workers Organization မှဒါရိုက်တာ ကို အောင်အောင်က “ကျွန်တော်တို့က သူငယ်ချင်းတွေနဲ့စုပေါင်းပြီးတော့ မြန်မာဘက်ကမ်း  သောင်ရင်းမြစ်ကမ်းဘေးမှာ တဲထိုးပြီး စစ်ဘေးရှောင်နေရတဲ့ ကိုယ့်နိုင်ငံသားတွေကို အသားနဲ့အစာခြောက်တွေ၊ အသုံးအဆောင်တွေ သွားရောက်လှူဒါန်းကြတာပါ။ ယခင် ကတည်းက နေရပ်မပြန်နိုင်သေးတဲ့သူတွေနဲ့ ဆက်လက်ဖြစ်နေတဲ့ တိုက်ပွဲကြောင့် ထပ်မံပြေးလာရတဲ့သူတွေပါတယ်။ သူတို့ရဲ့စားသောက်ရေး၊ နေထိုင်ရေးအခက်အခဲကို ၀ိုင်းဝန်းလှူဒါန်းပေးကြသူတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ သူတို့တွေက အလှူရှင် မျှော်နေရတဲ့သူတွေမို့လို့ပါ” ဟု ဆိုပါတယ်။

တာလပတ်လေး မလုံ့တလုံနဲ့ နေထိုင် စားသောက်နေရတဲ့ စစ်ရှောင်တွေဟာ ဆိုင် ကလုန်းမုန်တိုင်းငယ်အရှိန်ကြောင့် ငြိုးမာန် ဖွဲ့ခဲ့တဲ့ မိုးရေအောက်မှာ စွတ်စွတ်စိုစိုနဲ့ နေ ကြရတာပဲမဟုတ်ပါလား။ ပရဟိတ လူငယ်တွေ၊ အလှူရှင်တွေက ၀ါးတွေ၊ အင်ဖက်တွေ ချက်ချင်းရှာဖွေ လှူဒါန်းပြီး တဲအိမ်လေးတွေကို တက်သုတ်ရိုက်ဆောက်ပေးလိုက်ကြလို့ အခုတော့ အမိုးအကာလေးနဲ့ နေတယ်လို့ ဆိုပါတယ်။

နွေပူပူ မိုးစိုစိုအောက်မှာ မြွေတွေ၊ ကင်းတွေ ရန်ကလည်းရှိနေတော့ အသ်ိမကြွယ် လူမမယ် ကလေးငယ်တွေအရေး တွေးရင်း စိုးတထင့်ထင့်နဲ့ပေါ့။ နှစ်ဖက်တိုက်ပွဲတွေရဲ့ အခြေအနေ မြဝတီမြို့နဲ့ ပို၍ နီးကပ်စွာ ဖြစ်လာနေတာကြောင့် ကျောက်ထုတ်လုပ်ရေး စခန်းငါးခုနဲ့ ကျေးရွာနှစ်ရွာက ဒေသခံပြည် သူ ၂၅၀ ကျော်မှာ မြဝတီအဝေးပြေးကားဝင်းကြီးအနီးက တုံးတံတား (ခ) ပွင့်လင်းအေး မြိုင်ဘုန်းတော်ကြီးကျောင်းမှာ လာရောက်ခို လှုံကြရပါတယ်။

 ကျောက်ထုတ်လုပ်ရေးစခန်းက မတ် ၁၅ ရက်က နေရပ်စွန့်ခွာလာသူ စစ်ဘေးရှောင်ပြည်သူတစ်ဦးက “ရောက်နေတာကတော့ ကြာပြီ။ ရွာနားမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်နေတော့ ကြောက်ပြီး ပြေးလာကြတာပါ၊၊ မိသားစုတွေ လယ်ယာလုပ်ကိုင် စားသောက်ကြပါတယ်။ အခုတော့ ထားခဲ့ရတာပေါ့လေ” လို့ဆိုတယ်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အဒေါ် ဖာပွန်မှာ တိုက်ပွဲတွေဖြစ်နေတော့  မြဝတီမြို့အနီးက ကျောက်မိုင်းမှာ အလုပ်လုပ်နေတဲ့သမီးဆီ စစ်ဘေးရှောင်လာတာပါ။ ဖာပွန်မှာနေတုန်းက တောထဲမှာ ဟင်းသီး ဟင်းရွက်သွားခူးတဲ့ သားတစ်ယောက် မိုင်းထိ၊ သွေးလွန်ပြီး သေဆုံးသွားတယ်။ ဖာပွန် ကနေ မြဝတီကိုပြေးလာတာ။ အခုမြဝတီ ကျောက်မိုင်းက သမီးဆီရောက်တော့လည်း  တိုက်ပွဲတွေဖြစ်နေတာကြောင့် ထပ်ပြေးရပြန်တယ်။ ပြည်သူတွေ ပြေးရလွှားရ၊ သောကဖြစ် ရတာပေါ့။ တိုင်းပြည်မှာ အမြန်ငြိမ်ချမ်းစေ ချင်ပါပြီ” လို့ ဆိုပါတယ်။

ပွင့်လင်းအေးမြိုင်ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တဓမ္မရက္ခိတက “စစ်ဘေးရှောင် ပြည်သူတွေ စားသောက်ရေးအတွက် လတ်တလော ဆန်လုံလောက်နေတယ်ဆိုပေမဲ့ ဟင်းသီးဟင်းရွက်၊ သားငါး၊ အချိုမှုန်နဲ့ ကျန်း မာရေးအထောက်အကူပြု ဆေးဝါးတွေတော့ လိုအပ်နေဆဲဖြစ်ပါတယ်။ ဒီလိုပြည်သူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတာ စိတ်မကောင်းပါဘူး။ အမြန်ဆုံး အေးချမ်းစေချင် ပါပြီ။ လူကြီးတွေနဲ့အတူ ကလေးတွေပါ ပါ နေတယ်။ ကိုဗစ်ကတစ်မျိုး၊ စစ်ဘေးကတစ် မျိုးနဲ့ သူတို့တွေရဲ့အနာဂတ်အတွက် စိတ်မချမ်းမြေ့ပါဘူး။ အမြန်ဆုံးငြိမ်းချမ်းချင်ပါပြီ” လို့ မိန့်ကြားပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်အတွင်းက စစ်မီးဟာ ၂၀၁၅ ခုနှစ် NCA ထိုးပြီးချိန်မှစလို့ ငြိမ်းအေးစပြုလာကာ စီးပွားရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေတိုးတက်၊ နယ်စပ်ကုန်သွယ်မှုတွေ မြင့်တက်လာခဲ့ပေမဲ့ ယခုအခါ တစ်ကျော့ပြန် ပြည်တွင်းစစ်မီးနဲ့ ယမ်းငွေတွေဝေ နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး လူနေမှုဘဝ၊ ပညာရေးနဲ့ လူမမယ်စစ်ဘေး ရှောင်တွေရဲ့ အနာဂတ်၊ ကလေးအခွင့်အရေး မည်ရွေ့မည်မျှ ပျောက်ဆုံးနေဦးမှာလဲ။ နွေရာသီကျောင်းပိတ်ရက်တွေပြည့်လို့ လာမယ့် ပညာသင်နှစ် ကျောင်းတော်ကြီးဖွင့်ချိန်မှာ ပညာရည်နို့သောက်စို့နိုင်ဖို့ မျှော်လင့်ရင်း ဖြင့်သာ။ 

Most Read

Most Recent