ကမ္ဘာသိ စီးပွားရေးလုပ်ငန်းရှင်မှသည် နိုင်ငံတကာဝရမ်းပြေးဘဝသို့

ကမ္ဘာသိ စီးပွားရေးလုပ်ငန်းရှင်မှသည် နိုင်ငံတကာဝရမ်းပြေးဘဝသို့
Photo:Reuters
Photo:Reuters
Published 24 April 2022
ရွှေရည်

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်များထဲမှ တစ်ဦးအဖြစ် ထင်ရှားခဲ့ရာမှ အမှတ်မထင် အဖမ်းအဆီးနှင့် ကြုံရပြီး ဂျပန်နိုင်ငံအတွင်းမှ ရုပ်ရှင်ဇာတ်လမ်းဆန်ဆန် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် နစ်ဆန်းကား ကုမ္ပဏီအကြီးအကဲဟောင်း ကားလို့စ်ဂွန်း၏အနိမ့်အမြင့် ဘဝအခိုက်အတန့်များသည် နိုင်ငံတကာတွင် စိတ်ဝင်တစားဖော်ပြစရာ ဖြစ်ခဲ့ရသည်။ယခုလည်း ငွေကြေးမသမာမှု ဖြင့် ပြင်သစ်နိုင်ငံက ကားလို့စ်ဂွန်းကို နိုင်ငံတကာဖမ်းဝရမ်းထုတ်လိုက်သည့် အဆင့်ပင် ရောက်ခဲ့လေပြီ။ ကားလောက၏ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင် သူဌေးကြီး ကားလို့စ်ဂွန်း မည်သို့ကျရှုံးခဲ့ပါသနည်း။

ငွေကြေးမသမာမှုဖြင့် ကားလို့စ်ဂွန်းနှင့် သူ့လက်ထောက် ဂရတ်ကယ်လီတို့ ၂၀၁၈  ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်က တိုကျိုတွင် ဖမ်းဆီးခံလိုက်ရသည်။ မစ္စတာဂွန်း (ထိုစဉ်က နစ်ဆန်းအကြီးအကဲတာဝန်နှင့် ပြင်သစ်ကား ကုမ္ပဏီ ရေးနော့၊ နစ်ဆန်းနှင့် မစ်ဆူဘီရှီတို့ ပူးပေါင်းမှုစီမံချက် ခေါင်းဆောင်တာဝန်ကိုယူထား)၏ လစာကို လျှော့ဖော်ပြရန် နှစ်ဦးသားကြံစည်ခဲ့ကြသည်ဟု အာဏာပိုင်များက သူတို့ကို စွပ်စွဲခဲ့သည်။

မည်သည့်အပြစ်မှ မလုပ်ထားကြောင်း ငြင်းခဲ့သော်လည်း ကားလို့စ်ဂွန်းသည် ကုမ္ပဏီ သုံးခုစလုံးတွင် ရာထူးမှ ဖယ်ရှားခံရကာ ကမ္ဘာ့အထင်ရှားဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ်မှ သိက္ခာကျဆင်းခဲ့ရသည်။

 ထိုနှစ်ဒီဇင်ဘာတွင် မစ္စတာဂွန်းသည် ကိုယ်ပိုင်ငွေကြေးရင်းနှီးမြှုပ်နှံမှုမှ နစ်နာဆုံးရှုံးမှုများကို နစ်ဆန်းသို့ လွှဲထားသည်ဆိုသည့်စွပ်စွဲချက်များဖြင့်  ထပ်မံဖမ်းဆီးခံရရန် အကြောင်းပေါ်လာကာ အချုပ်အနှောင်ကာလ တိုးသွားခဲ့သည်။

 ၂၀၁၉ ခုနှစ်တွင် အာမခံရခဲ့သော်လည်း  ဧပြီတစ်မနက်တွင် သူ့တိုကျိုတိုက်ခန်းဝင်စီးခံရပြီး သူ့ကို ဖမ်းသွားကြပြန်သည်။ ယခုတစ်ကြိမ်တွင် ကိုယ်ကျိုးအတွက် နစ်ဆန်းမှ လွှဲထားသည့်ငွေများကို အိုမန်ရှိအရောင်းအဝယ် ကုမ္ပဏီတစ်ခုထံ ရွှေ့ထားသည့်ကိစ္စကြောင့်ဖြစ်သည်။ ထိုအကြိမ်တွင်လည်း အာမခံထပ်ရပြန်သည်။သို့သော် ဂျပန်မှထွက်ခွာခွင့် အပိတ်ခံရပြီး ဇနီးသည်နှင့်တွေ့လိုလျှင် တရား ရုံးခွင့်ပြုချက်ကို ယူရသည်။

 စက်တင်ဘာတွင် အမေရိကန်က ကားလို့စ်ဂွန်းနှင့် နစ်ဆန်းကုမ္ပဏီကို ကားလို့စ်ဂွန်း ၏ပင်စင်လစာထဲ အမေရိကန်ဒေါ်လာသန်း ၁၄၀ ကျော်ဝှက်ထားမှုဖြင့် စွဲချက်တင်ခဲ့ပြန်သည်။

ထိုသို့ ငွေကြေးမသမာမှုစွဲချက်လေးခုအတွက်  အမှုရင်ဆိုင်ရန်စောင့်ဆိုင်းရင်း ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ကားလို့စ်ဂွန်းသည် ဂျပန်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ သူသည် သီးသန့်ဂျက်လေယာဉ် တစ်ခုပေါ်ရောက်မည့် တူရိယာပစ္စည်းထည့်သည့် အိတ်ထဲဝင်ကာ စွန့်စွန့်စားစားလိုက်သွားခဲ့ ခြင်းဖြစ်သည်။

 ထို့နောက် ပြင်သစ်၊ လက်ဘနွန်နှင့် ဘရာဇီးနိုင်ငံကူးလက်မှတ်များ ကိုင်ဆောင်သူ မစ္စတာဂွန်းသည် လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တွင် ဆင်းသက်ခဲ့သည်။ လက်ဘနွန်သည် ဂျပန်နှင့် ရာဇဝတ်သားလွှဲပြောင်းပေးရေး သဘောတူထားသည့်နိုင်ငံလည်း မဟုတ်ပေ။

တစ်ပတ်အကြာတွင် ကားလို့စ်ဂွန်းက သူ့ကို ဖမ်းဆီးရန် နစ်ဆန်းနှင့်အစိုးရရှေ့နေများ ခေါင်းချင်းရိုက်ပေါင်းကြံလိုက်ကြခြင်းဖြစ်ပြီး အကြောင်းရင်းက နစ်ဆန်းနှင့် ရေးနော့ကုမ္ပဏီတို့ ပူးပေါင်းမှု  ပိုနက်ရှိုင်းလာအောင် သူက ရည်ရွယ်ထားသည့်အတွက်ကြောင့်ဟု ထုတ်ပြောခဲ့သည်။

လက်ဘနွန်သို့ ထွက်ပြေးလာရသည်မှာလည်း တိုကျိုတွင် မျှတသည့်တရားစီရင်မှုကို သူ ရလိမ့်မည်မထင်သောကြောင့်ဟု အကြောင်းပြချက်ပေးခဲ့သည်။

ကားလို့စ်ဂွန်းထွက်ပြေးနိုင်အောင် ကူညီခဲ့သူအဖြစ် သတ်မှတ်ခံထားရသည့်  အမေရိ ကန်အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးနှင့် သားဖြစ်သူတို့ကို ၂၀၂၀  ခုနှစ်၊ မေတွင် အမေရိ ကန်မှာပင် ဖမ်းမိခဲ့ပြီး နောက်ပိုင်းဂျပန်သို့ လွှဲပေးလိုက်သည်။ ထိုနှစ်စက်တင်ဘာတွင် မစ္စတာဂွန်း၏လက်ထောက် ဂရတ်ကယ်လီကို တိုကျိုတွင် ရုံးတင်စစ်ဆေးမှု စတင်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ မေတွင် ပြင်သစ်စုံစမ်းစစ်ဆေးသူများက လက်ဘနွန်ရှိ ကားလို့စ်ဂွန်းကို လာရောက်စစ်ဆေးလိုက်ကြသေးသည်။ သို့သော်တရားဝင်စွဲချက်တင်မှုဖြစ်လာရန်မှာ ကားလို့စ်ဂွန်းက ပြင်သစ်တွင် ရှိနေရန် လိုအပ်သည်။

 ထိုနှစ်ဇူလိုင်တွင် ကားလို့စ်ဂွန်းထွက်ပြေးမှု၏ကြံရာပါ သားအဖမိုက်ကယ်တေလာနှင့် ပီတာတေလာတို့နှစ်ဦး ထောင်ဒဏ်လ ၂၀ မှ နှစ်နှစ်ကြားချမှတ်ခံရသည်။

ထို့ပြင်တူရကီတွင်လည်း ပုဂ္ဂလိကအသေးစားလေကြောင်းလိုင်းတစ်ခုမှ ပိုင်းလော့ သုံးဦးနှင့် ဝန်ထမ်းတစ်ဦးတို့ ထောင်ကျသွားခဲ့ သည်။ သူတို့က ကားလို့စ်ဂွန်းကို တူရကီနိုင်ငံ၊ အစ္စတန်ဘူမှတစ်ဆင့် လက်ဘနွန်သို့ ကူညီပို့ပေးခဲ့သူများဖြစ်သည်။

 ၂၀၂၂ ခုနှစ်၊ မတ်တွင် ဂျပန်အစိုးရက ကားလို့စ်ဂွန်း၏ညာလက်ရုံး အသက် ၆၅ နှစ် အရွယ်အမေရိကန်နိုင်ငံသား ကယ်လီကို ခြောက်လဆိုင်းငံ့ထောင်ဒဏ်ချကာ နစ်ဆန်း ကုမ္ပဏီကိုလည်း ယန်းသန်း ၂၀၀ ဒဏ်ကြေး ပေးဆောင်ရန် စီရင်ချက်ချလိုက်သည်။ အ စိုးရရှေ့နေများကမူ မစ္စတာကယ်လီကို ၂၀၁၀ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကားလို့စ် ဂွန်း၏လစာကိုလျှော့ဖော်ပြမှုဖြင့် စွပ်စွဲကာ ထောင်ဒဏ်နှစ်နှစ်ကျစေရန် ကြိုးပမ်းခဲ့သော်လည်း ရုံးတော်က ၂၀၁၇ ဘဏ္ဍာနှစ်တစ်နှစ်တည်းအတွက်သာ သူ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့်ဧပြီ ၂၁ ရက်တွင်မူ ပြင်သစ်က နစ်ဆန်းဥက္ကဌဟောင်းကားလို့စ်ဂွန်းကို နိုင်ငံ တကာဖမ်းဝရမ်း ထုတ်ပြန်လိုက်သည်။ တစ်ချိန်က သူ ဦးဆောင်ခဲ့သည့် ရေးနော့-နစ်ဆန်း မဟာမိတ်အုပ်စုနှင့် အိုမန်ရှိ SBA အမည်ရ ကုမ္ပဏီတို့အကြား ယူရို ၁၅ သန်း ပေးချေထား မှုကိစ္စနှင့်ပတ်သက်နေပြီး ကားလို့စ်ဂွန်းကိုလည်း ကုမ္ပဏီပိုင်ဆိုင်မှုများကို အလွဲသုံးစားလုပ်မှု၊ ငွေမည်းခဝါချမှု၊ အကျင့်ပျက်ခြစားမှု တို့ဖြင့် စွပ်စွဲထားသည်။

ပြင်သစ်က ထိုသို့ဖမ်းဝရမ်းထုတ်လိုက်ခြင်းသည် လက်ဘနွန်အတွက် ပြင်းထန်သည့် အသိပေးချက်လည်း ဖြစ်သည်။ လက်ဘနွန်သည် ၎င်းနိုင်ငံသားများအား လွှဲပြောင်းပေးလေ့မရှိဘဲ ကားလို့စ်ဂွန်းကိုလည်း နိုင်ငံမှထွက်ခွာခွင့် ပိတ်ထားသည်။ သို့သော် ဖမ်းဝရမ်းထုတ်လိုက်ပြီဆိုပါက ကားလို့စ်ဂွန်းသည် ဝရမ်းထုတ်လိုက်သည့် ပြင်သစ်ရုံးတော်မှ တရားသူကြီးရှေ့မှောက်သို့ ဆင့်ခေါ်ခံရပြီး တရားဝင်စွဲချက်တင်ခံရမည်ဖြစ်သည်။

ထို့ပြင် အဆိုပါရုံးတော်က SBA ကုမ္ပဏီ တည်ထောင်သူ၊ သူ့သားနှစ်ဦးနှင့် လက်ရှိညွှန်ချုပ် အပါအဝင် လူလေးဦးကိုလည်း  ဖမ်းဝရမ်းများ ထုတ်ထားသည်ဟု ယင်းဖြစ်စဉ်နှင့် နီးစပ်သူများက AFP သတင်းဌာနသို့ ပြောသည်။ လေးဦးစလုံးကို အဂတိလိုက်စားမှု၊ ငွေမည်းခဝါချမှုတို့ဖြင့် သံသယရှိနေသည်။ 

၂၀၂၀ ခုနှစ်တွင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက အနီရောင်ဖမ်းဝရမ်း (Red Notice) ထုတ်ပြန်ကာ မစ္စတာဂွန်းသည် တိုကျို အာဏာပိုင်များက အရေးယူရန် အလိုရှိနေသည့် ဝရမ်းပြေးတစ်ဦးဟု လက်ဘနွန်နိုင်ငံအား သတိပေးလိုက်သေးသည်။ ကားလို့စ်ဂွန်းသည် စီးပွားရေးရာကျွမ်းကျင်မှုများကြောင့်  လက်ဘနွန်တွင် ရိုသေလေးစားခံရသူဖြစ်ပြီး ဘေရွတ်မြို့အနီးရှိ ပုဂ္ဂလိကတက္ကသိုလ်တစ် ခုတွင်လည်း ဟောပြောပို့ချပေးတတ်သည်။သို့သော် လက်ဘနွန်၏နိုင်ငံရေးနှင့်စီးပွားရေး ကစဉ့်ကလျားအခြေအနေများနှင့်ပတ်သက်လျှင်မူ ဝင်ရောက်မှတ်ချက်ပေးခြင်းမရှိဘဲ သိုသိပ်စွာပင် နေထိုင်လျက်ရှိသည်။

၂၀၂၁ ခုနှစ်အတွင်း  ပြင်သစ်အာဏာပိုင်များက  ဘေရွတ်သို့  နှစ်ကြိမ်လာရောက်ပြီး ကားလို့စ်ဂွန်းကို တွေ့ကာ စစ်ဆေးမေးမြန်း ခြင်းများလည်းရှိခဲ့သည်။  

 ယခု ဖမ်းဝရမ်းထုတ်ပြန်ခြင်းအပေါ် ကားလို့စ်ဂွန်းကိုယ်တိုင်လည်း အ့ံအားသင့်နေသည်ဟု ဆိုသည်။ “အံ့သြဖို့ကောင်းပါတယ်။ ဂွန်းဟာ ပြင်သစ်အာဏာပိုင်တွေနဲ့ အမြဲတမ်း ပူးပေါင်းပေးခဲ့သူပါ”ဟု ပြင်သစ်ရှိ ကားလို့စ် ဂွန်း၏ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီ ၂၂ ရက်တွင် ရိုက်တာသတင်းဌာနသို့ ပြောသည်။ ဂျပန်တရားရေးစနစ်နှင့် ပတ်သက်၍လည်း ပြင်သစ် ရုပ်သံ BFMTV နှင့်အင်တာဗျူးတွင် မစ္စတာ ဂွန်းက ထပ်မံဝေဖန်ထားပြီး တစ်နေ့နေ့ ကမ္ဘာကို လွတ်လပ်စွာ သူလည်ပတ်ခွင့်ပြန်ရပါစေ ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။

ဂျပန်အစိုးရ၏စုံစမ်းစစ်ဆေးမှု စတင်ချိန်မှသည် ပါရီ၊ ရီယိုဒီဂျနေးရိုးနှင့် ဘေရွတ်တွင် ပိုင်ဆိုင်မှုများ ရှိပြီး ကျော့ကျော့မော့ မော့ဖြင့် ဘဝကို အထက်တန်းကျကျ ဖြတ် သန်းခဲ့သည့်  ကားလို့စ်ဂွန်းမှာ ကံကြမ္မာ ရဟတ်၏အတက်အကျကြောင့်  နိုင်ငံတကာ ဝရမ်းပြေးကားလို့စ်ဂွန်းအဖြစ်သို့  မတတ်သာ ဘဲ ရောက်ခဲ့ရသည်။

Most Read

Most Recent