ရုရှား-ယူကရိန်းစစ်ပွဲအပေါ် အမေရိကန်ပြည်သူတို့၏ သဘောထား

ရုရှား-ယူကရိန်းစစ်ပွဲအပေါ် အမေရိကန်ပြည်သူတို့၏ သဘောထား
ဧပြီ ၁၁ ရက်က ကိဗ်မြို့အနီး လစ်ပစ်ကာရွာရှိ ခရစ်ယာန်ဘုရားကျောင်းနောက်ခံ၌ ပျက်စီးနေသော ရုရှားစစ်ယာဉ်တစ်စီး၏ အပိုင်းအစများကို တွေ့ရစဉ် (Photo:AP)
ဧပြီ ၁၁ ရက်က ကိဗ်မြို့အနီး လစ်ပစ်ကာရွာရှိ ခရစ်ယာန်ဘုရားကျောင်းနောက်ခံ၌ ပျက်စီးနေသော ရုရှားစစ်ယာဉ်တစ်စီး၏ အပိုင်းအစများကို တွေ့ရစဉ် (Photo:AP)
Published 22 April 2022
နရီမင်း

အမေရိကန်သည် ခြေလှမ်းအများစုကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဖြစ်သည့်တိုင် အမေရိကန်နိုင်ငံသားများစွာတို့က သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ယူကရိန်းနိုင်ငံအပေါ် ရုရှားက စစ်ပွဲဆင်နွှဲမှုကို တုံ့ပြန်ရာ၌ လုံလောက်သည့်အင်အား ပြသနိုင်ပါသလား ဟူသည့်အပေါ် မေးခွန်းထုတ်နေဆဲဖြစ်သည်။ သို့သော် စစ်ပွဲတွင် အမေရိကန်တပ်ဖွဲ့ဝင်များကို ပါ‌ဝင်စေလိုသူမှာမူ အနည်းငယ်မျှသာ ရှိသည်။

AP သတင်းဌာန၏ ပြည်သူ့ရေးရာ သုတေသနဆိုင်ရာ NORC စင်တာက စစ်တမ်းတစ်ရပ် ကောက်ယူခဲ့ရာတွင် အမေရိကန် နိုင်ငံသား ၅၄ ရာခိုင်နှုန်းက သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ယူကရိန်းနိုင်ငံအပေါ် ရုရှားကစစ်ပွဲဆင်နွှဲမှုကို တုံ့ပြန်ရာ၌ လုံလောက်အောင် ခိုင်မာမှုမရှိဟု ထင်ကြောင်း ပြသနေသည်။ ၃၆ ရာခိုင်နှုန်းက ဘိုင်ဒင်၏ ချဉ်းကပ်ပုံကို မှန်ကန်သည်ဟု ယူဆပြီး ရှစ် ရာခိုင်နှုန်းက ဘိုင်ဒင်ကို ခိုင်မာအားကောင်း လွန်းသည်ဟုထင်၏။

သို့သော် စစ်ပွဲရှည်ကြာလာချိန်၌ စစ်ပွဲ၌ ပါဝင်လိုသော အမေရိကန်နိုင်ငံသားတို့၏ ဆန္ဒမှာ တစ်စုံတစ်ရာအတိုင်းအတာထိ ယုတ်လျော့လာခဲ့သည်။

အမေရိကန်နိုင်ငံသား ၃၂ ရာခိုင်နှုန်းက အမေရိကန်ပြည်ထောင်စုအနေဖြင့် စစ်ပွဲတွင် အဓိကအခန်းကဏ္ဍ၌ ရှိနေသင့်သည်ဟု ဆိုသည်။ ယင်းသည် လွန်ခဲ့သည့်လက ရာခိုင်နှုန်း ၄၀ ရှိနေရာမှ အနည်းငယ် ကျဆင်းသွားသော်လည်း ဖေဖော်ဝါရီလက ယင်းကဲ့ သို့ ပြောခဲ့သည့် ၂၆ ရာခိုင်နှုန်းထက် အနည်းငယ် မြင့်မားနေဆဲ ဖြစ်သည်။ ထပ်ဆောင်း အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် သာမန်အခန်းကဏ္ဍ၌သာ ရှိသင့်သည်ဟု ပြောဆိုသူ ၄၉ ရာခိုင်နှုန်း ရှိလာခြင်းပင် ဖြစ်သည်။

အိမ်ဖြူတော်အနေဖြင့်လည်း ဝေခွဲမရ ဖြစ်နေကြောင်းကို ယင်းရလဒ်များက မီးမောင်းထိုးပြနေသည်။ အရပ်သားများနှင့် ဆေးရုံများအား ရုရှားတို့က တိုက်ခိုက်ခဲ့သည့် ဓာတ်ပုံများကို ကမ္ဘာတစ်လွှား မျှဝေကြသည့်အခါ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ရပ်တန့်ရန်နှင့် သူတို့၏ နေရပ်နိုင်ငံအတွင်း ရှိ နေသည့် သို့မဟုတ် လုံခြုံရာသို့ ထွက်ပြေးနေသည့် တိုက်ခိုက်ခံနေရသော ယူကရိန်းနိုင်ငံသား သန်းနှင့်ချီလျက်ကို အကူအညီပေးရန် ဖိအားများ ဖြစ်ပေါ်လာသည်။

သို့သော် ရုရှား၏ နျူကလီးယားလက်နက်များ အသုံးပြုရေးနှင့်ပတ်သက်သည့် သတိပေးမှုအဆင့်ကို မြှင့်တင်ခဲ့ပြီး ပိုမိုကြီး မားကျယ်ပြန့်သည့် စစ်ပွဲတစ်ရပ်၌ အမေရိကန် ပါဝင်လာမည့်အရေးကို ကာကွယ်နေသည့် ပူတင်နှင့်အတူ ဘိုင်ဒင်ကလည်း ခြိမ်းခြောက်မှုမြှင့်တင်ရေးကို စီမံရမည်ဖြစ်သည်။

“သမ္မတပူတင်နဲ့ ရုရှားခေါင်းဆောင် ပိုင်းရဲ့ ကြံရာမရဖြစ်နေနိုင်ပုံကို စဉ်းစားရင်၊ သူတို့ ခုထိ စစ်ရေးအရ ရင်ဆိုင်နေရတဲ့ ဆုတ်ယုတ်မှုတွေကို စဉ်းစားရင် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်တွေ ဒါမှမဟုတ် အဆင့်နိမ့် နျူကလီးယားလက်နက်တွေ မလွှဲမရှောင်သာ သုံးရဖွယ်ရှိနေတယ်ဆိုတဲ့ ခြိမ်းခြောက်မှုတစ်ရပ်ကို ကျွန်တော်တို့ထဲက ဘယ်သူမှ ပေါ့ပေါ့တန်တန် သဘောမထားပါဘူး” ဟု စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘန်းက ဂျော်ဂျီယာနည်းပညာအင်စတီကျု၌ မကြာသေးမီက မိန့်ခွန်းပြောကြားခဲ့သည်။

ဘန်းက “ရုရှားက နျူကလီးယားမြှင့်တင်နေမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ခုထိ လက်တွေ့ကျတဲ့ အထောက်အထား များများစားစား မမြင်ရသေးပါဘူး”ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

အိမ်ဖြူတော်သည် လက်နက်ကိစ္စ၌ ဒေါ်လာနှစ်ဘီလျံကျော် သုံးစွဲခွင့်ရှိနေပြီး ရုရှားစီးပွားရေးကို ပျက်စီးစေသည့် အနောက်တိုင်း၏ စီးပွားရေးပိတ်ဆို့မှုများကို ဦးဆောင်ခဲ့သည်။ ဘိုင်ဒင်သည် အမေရိကန်တပ်ဖွဲ့ဝင်များ စေလွှတ်ရန်ကိစ္စကို ပယ်ချထားပြီး အမေရိကန်အများစုက ထောက်ခံသည့် ဆုံးဖြတ်ချက် ဖြစ်သည်။

အမေရိကန်သည် ယူကရိန်းက တောင်းခံထားသည့် လက်နက်များနှင့် ကာကွယ်ရေး စနစ်အချို့ကိုလည်း ဆိုင်းငံ့လိုက်ပြီး စစ်ပွဲတစ်လျှောက်လုံး လျော့ရဲခဲ့သည့် ထောက် လှမ်းရေးအချက်အလက်မျှဝေခြင်းကိုလည်း အစောပိုင်းအကန့်အသတ်များအတိုင်း ပြန် ထားလိုက်သည်။

စစ်တမ်းနှင့် ဖြေဆိုသူများကို နောက်ဆက်တွဲ အင်တာဗျူးခြင်းတို့က အမေရိကန် အများအပြားသည် ယူကရိန်းနိုင်ငံသားများ အသတ်ခံရသည့် ဓာတ်ပုံများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသော ရုရှားတပ်ဖွဲ့ဝင်များကို တုံ့ပြန်သည့်အနေဖြင့် ပူတင်ကို တားဆီးရန်အတွက် အရေးယူ ဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်သည်ကို မြင်လိုကြောင်း ညွှန်ပြနေသည်။ အများစု (၅၇ ရာခိုင်နှုန်း) က  ပူတင်သည် သူ၏ တပ်ဖွဲ့ဝင်များအား စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ညွှန်ကြားခဲ့သည်ဟု ယုံကြည်ကြသည်။ ခြောက် ရာခိုင်နှုန်းကသာ ပူတင်သည် ယင်းကဲ့သို့ လုပ်လိမ့်မည်မဟုတ်ဟု ယုံကြည်ကာ ၃၆ ရာ ခိုင်နှုန်းကမူ ၎င်းတို့အနေနှင့် မဝေခွဲနိုင်ဟု ဆိုကြသည်။

“ကျွန်မတို့အနေနဲ့ တိုက်ရိုက်တာဝန် မရှိဘူးဆိုတာ ကျွန်မသိတယ်”ဟု တင်နက် ဆီပြည်နယ် နက်ရှ်ဗယ်လီမှ ၃၅ နှစ် အရွယ်ရှိ ရာချယ်ရန်ဖရိုက ဆိုသည်။ “ဒါပေမဲ့ ကျွန်မတို့ ဟာ အမြဲတမ်း ကျွန်မတို့ကိုယ်ကိုယ် ကျွန်မတို့ အဲ့ဒီလိုအနေအထားမျိုးတွေထဲ ချိတ်တွယ်ပစ် လိုက်တတ်ကြတယ်။ အခု ကျွန်မတို့ ဘာကြောင့် ပိုကြီးတဲ့ အဆင့်တစ်ဆင့်ကို မသွားရ သလဲဆိုတာတော့ ကျွန်မ နားမလည်ပါဘူး”ဟုလည်း သူက ပြောသည်။

ရန်ဖရိုက အမေရိကန်အား ပိုမိုများပြားသည့် ဒုက္ခသည်အရေအတွက်ကို လက်ခံရန်နှင့် ယူကရိန်းသို့ ထောက်ပံ့ရေးပစ္စည်းများ ပိုမိုပေးအပ်ရန် လိုလားသည်။ “တပ်ဖွဲ့ဝင် တွေ စေလွှတ်တာကတော့ လုံးဝကို နောက်ဆုံးမှ မလွှဲမရှောင်သာ လုပ်သင့်တာမျိုးပါ”ဟု သူက ဆိုသည်။

အမေရိကန်အများစုသည် ကျူးကျော်မှုအတွက် ရုရှားအား စီးပွားရေးပိတ်ဆို့မှု ချမှတ်ရန်၊ ယူကရိန်းနိုင်ငံကို လက်နက် ထောက်ပံ့ရန်နှင့် ယူကရိန်းမှ အမေရိကန်သို့လာသည့် ဒုက္ခသည်များကို လက်ခံရန် ပိုမိုလိုလားကြသည်။ ပိုမိုများပြားသော အမေရိကန်နိုင်ငံသားတို့က ရုရှားကျူးကျော်မှုကို တုံ့ပြန်ရာ၌ အမေရိကန်-နေတိုး မဟာမိတ်များအား ထောက်ခံရန်အတွက် အရှေ့ဥရောပသို့ တပ် ဖွဲ့ဝင်များ ချထားခြင်းကို ကန့်ကွက်ရန်ထက် ထောက်ခံရန် ပိုမိုလိုလားကြပြီး သုံးပုံနှစ်ပုံခန့်က နေတိုးအဖွဲ့ဝင်ဖြစ်ခြင်းသည် အမေရိကန်အတွက် ကောင်းသည်ဟု ပြောဆိုကြသည်။

သို့သော် ရုရှားတပ်များကို တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံသို့ အမေရိကန်တပ်များ ချထားရေးကိစ္စ၌မူ လူထုထောက်ခံမှု လျော့နည်းနေသည်။ ၂၂ ရာခိုင်နှုန်းကသာ ရုရှားတပ်များကို တိုက်ခိုက်ရန် ယူကရိန်းနိုင်ငံသို့ အမေရိကန်တပ်များ ချထားရေးကို သဘောကျပြီး ၅၅ ရာခိုင်နှုန်းက ကန့်ကွက်ကာ ၂၃ ရာခိုင်နှုန်းက ၎င်းတို့အနေဖြင့် ထောက်လည်း မထောက်ခံ၊ ကန့်လည်း မကန့်ကွက်ဟု ဆိုကြ၏။

ကိုလိုရာဒိုပြည်နယ် ဖို့ကောလင်းမှ အသက် ၃၁ နှစ်အရွယ်ရှိ မိုက်ကယ်ဂွန်ဇာလက် က “ဘိုင်ဒင်ရဲ့ တုံ့ပြန်မှုက မှန်သလောက်နီးပါး ရှိပါတယ်”ဟု ရုရှားဘဏ်များ၊ ရုရှားခရိုနီ သူဌေးများ၊ ရုရှား အစိုးရအရာရှိများနှင့် သူတို့၏ မိသားစုဝင်များအပေါ် အတိုင်းအတာ ကျယ်ပြောသော ပိတ်ဆို့မှုများ ချမှတ်ခြင်းကို ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

“ပြီးပြည့်စုံတဲ့ ကမ္ဘာတစ်ခုမှာ တပ်ဖွဲ့ဝင်တွေနဲ့အတူ အဲဒီကို ထွက်သွားနိုင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်”ဟု သူ၏ ဖခင်က ကျူးဘားစစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သူ၏ ယောက္ခမက အာဖဂန်နစ္စတန်၌ အမေရိကန်စစ်ပွဲအတွင်း ပုဂ္ဂလိက ကန်ထရိုက်တာတစ်ဦးအဖြစ် အလုပ်လုပ်ခဲ့သူ ဂွန်ဇာလက်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ပုလိပ်ကြီးလုပ်ပြီး နေရာတိုင်းကို သွားနေဖို့ မသင့်ဘူးလို့ ကျွန်တော် ခံစားရတယ်။ သူတို့ကို ကျွန်တော်တို့ ကူညီနိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ နည်းနည်းဖြစ်ဖြစ်တော့ တိုက်နေရတာပါပဲ”ဟု ၎င်းက ဆိုသည်။

ဘိုင်ဒင်သည် အခြားအရေးပါသည့် နိုင်ငံရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရပြီး ဆယ်စုနှစ် လေးခုအတွင်း အမြင့်ဆုံး ငွေကြေးဖောင်းပွမှု၊ စစ်ပွဲကြောင့် ပိုမို ဆိုးရွားလာသည့် စွမ်းအင်စျေးနှုန်းမြင့်တက်မှုတို့နှင့်အတူ နှစ်လယ်ကာလသို့ ဦးတည်နေပြီဖြစ်သည်။

စစ်တမ်းက ရုရှားအပေါ် ပိတ်ဆို့မှုများနှင့် ရွေ့လျားပြောင်းလဲနိုင်ဖွယ်ရှိသော အမေ ရိကန်စီးပွားရေးတို့အကြား အတိုးအလျော့ ချိန်ခွင်ညှာကို အကြံပြုထားသည်။

ကျဉ်းမြောင်းသည့် အတိုင်းအတာတစ်ရပ်အနေဖြင့် အမေရိကန်နိုင်ငံသားများက နိုင်ငံ၏ ပိုမိုကြီးမားသော ဦးစားပေးလုပ်ငန်းမှာ အမေရိကန်စီးပွားရေးကို ထိခိုက်မှုအား ၅၅ ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်းကြား ကန့်သတ်လျက် ရုရှားအပေါ် ဖြစ်နိုင်သမျှ အထိရောက်ဆုံး ပိတ်ဆို့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အမေရိကန်စီးပွားရေးကို ထိခိုက်မှုအား ၅၅ ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်းကြား ကန့်သတ်လျက် ရုရှားအပေါ် ပိတ်ဆို့ရေးကို သူတို့ဦးစားပေးခဲ့သည်ဟု ပြောခဲ့သူများမှာ လွန်ခဲ့သည့်လက ပိုမိုများပြားခဲ့သည်။

၀ါရှင်တန်မြို့အခြေစိုက် Center for Strategic and International Studies အဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဌ အန်သိုနီကော် ဒက်စ်မန်က အိမ်ဖြူတော်က လုပ်ဆောင်ခဲ့ ပြီးဖြစ်သည့် လုပ်ရပ်များစွာတို့ကို အမေရိကန် နိုင်ငံသားတို့က အကျယ်အပြန့် ထောက်ခံကြသည်ဟု ဆိုသည်။

ယူကရိန်းနိုင်ငံ၏ လေကြောင်းကာကွယ်ရေးကို မြှင့်တင်တည်ဆောက်ခြင်း သို့မဟုတ် တင့်ကားများနှင့် လေယာဉ်များ ထပ်မံပေးပို့ခြင်းတို့အတွက်လည်း လူအများ မျှော်လင့်ထားမှုထက် များစွာဝေး ကွာနေဆဲဖြစ်သည့် ရေဒါနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ကိုင် နိုင်စွမ်းတို့အပါအဝင် ထောက်ပံ့အားဖြည့် ရေးကို ထူထောင်ရန် လိုအပ်သည်ဟု ကော်ဒက်စ်မန်က ပြောကြားခဲ့သည်။

လုပ်ဆောင်ချက်များကို ထပ်မံလိုလားကြသည့် ပြည်သူများကိစ္စကို ကိုင်တွယ်နေသည့် အိမ်ဖြူတော်အနေဖြင့် သူ၏ကိုယ်ပိုင် အန္တရာယ်အတွက်လည်း စွန့်စားရမည်ဖြစ်သည်။

“အမေရိကန်ပြည်သူတွေကို နှစ်သိမ့်နိုင်မလား မနိုင်ဘူးလားဆိုတာအတွက် ကျွန်တော်တို့ အသေးစိတ် လုပ်နိုင်တာတွေအပေါ် ကန့်သတ်ထားချက်တွေကို ခင်ဗျား ဆက်သွယ်ကြည့်ဖို့ စလိုက်တာနဲ့ ခင်ဗျားတို့ဟာ ရုရှားကို ခင်ဗျားတို့အနေနဲ့ ဆက်သွယ်ဖို့ လိုလားမှာမဟုတ်တဲ့ အချက်အလက်တွေ အများကြီး သွားထောက်ပံ့သလို ဖြစ်သွားမှာပဲ” ဟု ကော် ဒက်စ်မန်က ပြောကြားခဲ့သည်။

(အရွယ်ရောက်ပြီးသူ ၁,၀၈၅ ဦးကို စစ်တမ်းကောက်ယူခြင်းအား AP-NORC က ဧပြီ ၁၄ ရက်မှ ၁၈ ရက်အတွင်း ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး NORC ၏ ဖြစ်နိုင်စွမ်းအခြေပြုအဖွဲ့ဖြစ်သော အမေရိကန်လူဦးရေးအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန် ဒီဇိုင်းရေးဆွဲထားသည့် AmeriSpeak Panel ရယူသော နမူနာတစ်ရပ်ကို အသုံးပြုထားခြင်းဖြစ်သည်။ ဖြေဆိုသူအားလုံးအ တွက် နမူနာရယူခြင်းဆိုင်ရာ မှားယွင်းနိုင် ခြေအတိုင်းအတာသည် + သို့မဟုတ် - ၃ ဒသမ ၉ ရာခိုင်နှုန်း မှတ်များ ဖြစ်သည်။)

Ref:AP

Most Read

Most Recent