တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်မည့် အမည်စာရင်းကို မေ ၉ ရက် နောက်ဆုံးအကြောင်းပြန်ပေးရန် နစကဥက္ကဋ္ဌ ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်မည့် အမည်စာရင်းကို မေ ၉ ရက် နောက်ဆုံးအကြောင်းပြန်ပေးရန် နစကဥက္ကဋ္ဌ ဖိတ်ခေါ်
Published 22 April 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ခေါင်းဆောင်များကို ၎င်းကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲတက်ရောက်မည့် အမည်စာရင်းကို မေ ၉ ရက် နောက်ဆုံး အကြောင်းပြန်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြား သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဧပြီ ၂၂ ရက်) မွန်းလွဲပိုင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပြီး ထိုသို့ဖိတ်ခေါ်ခဲ့ ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  “နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက်တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာအာမခံထားပြီးဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။ ၇၅ နှစ်ကာလ ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးအနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝမခံစားရသေးတာကိုလည်း လက်ရှိပကတိဖြစ်ရပ်များက ပြဆိုနေပါတယ်။

အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများပေါ်မှာ အခြေခံပြီးဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကိုကျွန်တော်တို့ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့အနှစ်သာရ လွတ်လပ်ရေး ရဲ့အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါကိုလက်တွေ့ကျကျ ထိထိရောက် ရောက်အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကိုတွေ့ဆုံ ဆွေးနွေးဖို့အတွက်ဖိတ်ခေါ်ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင်တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်းထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။ ဒီဆွေးနွေးပွဲကိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင်နှစ်ဦးစီတက်ရောက်ပေးကြပါ။

တက်ရောက်မယ့်သူ၊ ပုဂ္ဂိုလ်များရဲ့အမည်ကို ၂၀၂၂ ခုနှစ် မေ ၉ ရက်နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုပါတယ်။ နှစ်ဖက်ညှိနှိုင်းပြီးတော့ ရက်သတ်မှတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ အရသာကို ခံစားနိုင်ရေး ကျွန်တော်တို့အားလုံးလက်တွဲ ပြီး ရိုးသားပွင့်လင်းစွာဆွေးနွေးသွားပါမယ်။ ပြည်ထောင်စုသားအားလုံးရဲ့ အကျိုးကိုရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့တိုက်တွန်း လိုပါတယ်”ဟု ပြောကြားသည်။