အစ္စရေးနှင့် ဟားမာ့စ်ကြားက မပြီးဆုံးနိုင်သည့် ပြဿနာ

အစ္စရေးနှင့် ဟားမာ့စ်ကြားက မပြီးဆုံးနိုင်သည့် ပြဿနာ
Photo:AP
Photo:AP
Published 21 April 2022
ရာဇ

ဂျေရုဆလင်တွင် နေ့ပေါင်းများစွာကြာ ဆူပူအုံကြွမှုများနှင့် ဂါဇာဒေသတွင် ညလုံးပေါက် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အစ္စရေးနှင့်ဂါဇာကို အုပ်ချုပ်သည့် ဟားမာ့စ်အဖွဲ့တို့အကြား စစ်ပွဲ နောက်တစ်ကြိမ်ဖြစ်ပွားလာနိုင်ခြေကို ပိုမိုမြင့်တက်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခင်နှစ်ကလည်း အစ္စရေးနှင့် ဟားမာ့စ်အကြား ယခုလိုအခြေအနေများမှတစ်ဆင့် ထိပ်တိုက်တွေ့သည့် စစ်ပွဲဖြစ်ပွားခဲ့သောကြောင့် ဖြစ်သည်။

ယခုအချိန်တွင်မူ အစ္စရေးနှင့်ဟားမာ့စ်တို့သည် အလုံးစုံစစ်ပွဲ ဖြစ်ပွားမည့်အရေးကို ရှောင်လွှဲဖွယ်ရှိနေသည်။ သို့သော်လည်း ရာစုနှစ်ချီဖြစ်ပွားလာခဲ့သည့် အရှေ့အလယ်ပိုင်း ပဋိပက္ခ၏ အဓိကအကြောင်းရင်းဖြစ်သည့် ဂျေရုဆလင်မြို့ကို အစ္စရေးရော ဟားမာ့စ်ပါ လက်လွတ်အဆုံးရှုံးခံမည် မဟုတ်ပေ။ ထို့ကြောင့် နောက်ထပ်တစ်ကြိမ် တိုက်ခိုက်မှုများ ဖြစ်လာနိုင်ခြေရှိမှုကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

“ဒီအချိန်မှာတော့ နှစ်ဘက်စလုံးက နိုင်ငံရေးဒရာမာတွေ ချိုးနေကြမှာပါ။ ဒါပေမယ့် အဆုံးသတ်မှာတော့ ပစ်ခတ်တိုက်ခိုက် မှုတွေလည်း ဖြစ်လာနိုင်ပါတယ်”ဟု အစ္စရေး ဒီမိုကရေစီအင်စတီကျုမှ ပညာရှင်တစ်ဦးဖြစ်သူ ဂီဒီယွန်ရာဟတ်က ပြောသည်။

ဟားမာ့စ်ဘက်မှ ကြည့်မည်ဆိုလျှင် နောက်ထပ်တစ်ကြိမ် စစ်ပွဲဖြစ်ပွားမည်ဆိုပါက ပြီးခဲ့သည့်နှစ်ကဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ပြန်လည်ထူထောင်ရေးများကို ပင်ပန်းခက်ခဲစွာ လုပ်ဆောင်နေရသည့် ဂါဇာဒေသကို ဖွတ်ဖွတ်ညက်ညက် ကြေသွားစေမည်ဖြစ်သည်။ ထို့ပြင် အစ္စရေးဘက်ကလည်း လက်နက်အသစ်တစ်မျိုး ထုတ်သုံးဖွယ်ရှိလာနိုင်သည်။

ယင်းလက်နက်မှာ ပိတ်ဆို့ခံထားရသည့် ဂါဇာဒေသအတွင်းမှ ပါလက်စတိုင်းများ၏ စီးပွားရေးအသက်သွေးကြောဟု ပြောနိုင်သည့် ထောင်နှင့်ချီသည့် အလုပ်လုပ်ကိုင်ခွင့် ပါမစ်များကို ပြန်လည်ရုပ်သိမ်းနိုင်စွမ်းဆိုသည် ့လက်နက်ဖြစ်သည်။

အစ္စရေးဘက်မှကြည့်မည်ဆိုလျှင်လည်း နောက်တစ်ကြိမ်စစ်ပွဲဖြစ်ပွားခြင်းသည် အာရပ်နိုင်ငံများနှင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည့် ဆက်ဆံရေးများကို ထိခိုက်စေနိုင်ပြီး ပဋိပက္ခကို ရှောင်လွှဲရန် အားထုတ်ကြိုးပမ်းမှုများကို နောက်ကြောင်းပြန်လှည့်သွား စေနိုင်သည်။ ထို့ပြင် ယခုလအတွင်း နေရာအများစုဆုံးရှုံးခဲ့ရသည့် လက်ရှိ အစ္စရေးညွန့်ပေါင်းအစိုးရအဖွဲ့သည်လည်း လာမည့်ရွေး ကောက်ပွဲတွင် အာရပ်အုပ်စုများ၏ ထောက်ခံမှုကို ဆုံးရှုံးမည့်အခြေအနေနှင့် ကြုံတွေ့ရဖွယ် ရှိနေသည်။

ယင်းအချက်များကြောင့် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့တို့သည် လက်ရှိအချိန်အထိ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေကြခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပါလက်စတိုင်းများနှင့် အစ္စရေးရဲတပ်ဖွဲ့အကြား အဓိကရုဏ်းဖြစ်ခဲ့သည့် အရှေ့ဂျေရုဆလင်ရှိ ဘာသာရေးအရ အထွတ်အမြတ်ထားသည့် နေရာအများစုကို ပိုင်ဆိုင်မှုအငြင်းပွားနေသည့် အခြေအနေတွင် အစ္စရေးရော ဟားမာ့စ်ကပါ အလျှော့ပေးမည်မဟုတ်ပေ။

AL-Aqsa ဗလီသည် အစ္စလာမ်တို့အတွက် တတိယမြောက် အထွတ်အမြတ်အထားဆုံး ဘာသာရေးနေရာတစ်ခုဖြစ်သည်။ ယင်းဗလီသည် အစ္စရေးတို့၏ သိမ်းပိုက်ခြင်းမခံရမီ အချိန်က ၎င်းတို့၏ ဇာတိမြေပေါ်တွင် တည်ရှိခဲ့သည်ဟု ပါလက်စတိုင်းတို့က သတ်မှတ်ထားသည်။ (အစ္စရေးသည် ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း အရှေ့ဂျေရုဆလင်၊ အနောက်ဘက်ကမ်းနှင့် ဂါဇာဒေသတို့ကို သိမ်းယူခဲ့ခြင်းဖြစ်သည်။)

ပြီးခဲ့သည့်နှစ်က ဟားမာ့စ်အဖွဲ့သည် ဂါဇာဒေသအတွင်းရှိ ပါလက်စတိုင်းများသေဆုံးခဲ့ရသည့်တိုင် အဆိုပါဗလီကို ကာကွယ်ခဲ့သည့်အဖွဲ့အဖြစ် ရှုမြင်ခံခဲ့ရပြီး ၎င်းအဖွဲ့အပေါ် လူကြိုက်များမှုသည် တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။ ယင်းအချိန်က နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကိုရရှိထားသည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကမူ အစ္စရေးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သဖြင့် ပါလက်စတိုင်း တို့အကြား ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။

ယင်းဗလီတည်ဆောက်ထားသည့် တောင်ထိပ်မှာမူ ဂျူးများ၏ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သည်။ ယင်းတောင်ထိပ်တွင် ရှေးပဝေသဏီကတည်းက ဂျူးဘုရားကျောင်းများတည်ရှိသည့် Temple Mount တောင်ကုန်းအဖြစ် ဂျူးတို့က သတ်မှတ်ထားသည်။ ယင်းနေရာတွင် ဖြစ်ပွားနေသည့် ပိုင်ဆိုင်မှုအငြင်းပွားမှုနှင့် ပတ်သက်ပြီး  ကာလကြာရှည်လုပ်ဆောင်ခဲ့သည့် စီမံဆောင်ရွက်ချက်များအရ ဂျူးများသည် ယင်းနေရာသို့ လာရောက်လည် ပတ်ခွင့်ရှိသော်လည်း ဝတ်ပြုဆုတောင်းခွင့် မရှိပေ။

သို့သော်လည်း မကြာသေးမီနှစ်များအတွင်းက ဂျူးမျိုးချစ်များနှင့် ဘာသာရေးကိုင်းရှိုင်းသည့် ဂျူးများသည် ယင်းနေရာသို့ ပုံမှန် လာရောက်ခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့၏ အကာအကွယ်အောက်တွင် ဝတ်ပြုဆုတောင်းမှုများကို မသိမသာပြုလုပ်ခဲ့ကြသည်။

ယင်းလုပ်ဆောင်မှုများကို ရန်စသည့် လုပ်ရပ်များအဖြစ် ပါလက်စတိုင်းတို့နှင့် အိမ်နီးချင်း ဂျော်ဒန်နိုင်ငံတို့က ရှုမြင်ခဲ့ကြသည်။ ဂျော်ဒန်သည် အနောက်အုပ်စု၏ မဟာမိတ်ဖြစ်ပြီး ယင်းနေရာကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ် တာဝန်ယူထားသူဖြစ်သည်။

သို့သော်လည်း ယင်းတောင်ကုန်းသို့ ဂျူးများသွားရောက်နေကို အစ္စရေးအစိုးရက ကန့်သတ်ရန် အားထုတ်ကြိုးပမ်းသည့်အချိန်တိုင်းတွင် အစ္စရေး၏ သြဇာကြီးမားသည့်  လက်ယာယိမ်းပါတီများ၏ ပြင်းထန်သည့် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

ယင်းပြဿနာသည် ယခုအခါတွင် ပိုမိုရှုပ်ထွေးလာဖွယ်ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ယခုလ ၁၅ ရက်မှ ၂၃ ရက်အထိ ကျရောက်သည့် ဂျူးတို့၏ Passover အား လပ်ရက်သီတင်းပတ်သည် မွတ်ဆလင်တို့၏ ရာမဒန်ဥပုပ်လနှင့် တိုက်ဆိုင်နေသောကြောင့်ဖြစ်သည်။

အစ္စရေးအာဏာပိုင်များကမူ ဂျူး၊ ခရစ်ယာန်နှင့် မွတ်ဆလင်များကို လွတ်လပ်စွာ ဝတ်ပြုဆုတောင်းခွင့်ရရှိစေမည်ဟု ပြောကြားခဲ့ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့်  အဓိက ရုဏ်းများသည် ဟားမာ့စ်အဖွဲ့က ဦးဆောင်သည့် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘန်းနက်က ဝေဖန်ခဲ့သည်။ သို့သော်လည်း အစ္စရေးအနေဖြင့် ပြီးခဲ့သည့်နှစ်က ဟားမာ့စ်နှင့်ဖြစ်ပွားခဲ့သည့် ၁၁ ရက်ကြာ ဂါဇာစစ်ပွဲကဲ့သို့ နောက်တစ်ကြိမ် စစ်ပွဲဖြစ်ပွားမည့်အရေးကို ရှောင်လွှဲရန် ဆန္ဒရှိနေသည်။

မကြာသေးမီလများအတွင်းက အစ္စရေးသည် အီဂျစ်နှင့်အတူ ပိတ်ဆို့ထားသည့် ဂါဇာဒေသအတွင်းရှိ ပါလက်စတိုင်းများကို အလုပ်လုပ်ကိုင်ခွင့် ပါမစ်များချပေးခဲ့သည်။ထို့ ပြင် အနောက်ဘက်ကမ်းတွင်နေထိုင်သည့် သောင်းနှင့်ချီသည့် ပါလက်စတိုင်းများကိုလည်း အစ္စရေးတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် အောက်ခြေအလုပ်များ လုပ်ကိုင်ခွင့်ပေးခဲ့သည်။

သို့သော် ယင်းအလုပ်လုပ်ကိုင်ခွင့်ပါမစ်များသည်  အချိန်မရွေးဖျက်သိမ်းခံရနိုင်ပြီး အစ္စရေးအနေဖြင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် ပါလက်စတိုင်းတို့ကို ပုံစံမျိုးစုံဖြင့် တားမြစ်ပိတ်ပင်နိုင်သည်။ ထို့ကြောင့် ဟားမာ့စ်ဘက်က ကြည့်မည်ဆိုလျှင် အလုပ်လုပ်ကိုင်ခွင့် ဆိုင်းငံ့ခံရမှု သို့မဟုတ် ပယ်ဖျက်ခံရ မှုများသည် ဆင်းရဲမွဲတေသည့် ဂါဇာဒေသတွင်နေထိုင်သည့် ပါလက်စတိုင်းတို့၏ လူနေမှုဘဝကို ပိုမိုဆိုးရွားစေနိုင်ပြီး ဂါဇာ၏စီးပွား ရေးအတွင်းသို့ သန်းနှင့်ချီသည့် ဒေါ်လာများ စီးဝင်နေမှုကို ရပ်တည်စေမည့်အခြေအနေကို ရင်ဆိုင်ရမည်ဖြစ်သည်။

အစ္စရေးဘက်တွင်လည်း သူ့ပြဿနာနှင့်သူရှိနေသည်။ ဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်၏ အစိုးရအဖွဲ့သည် အိမ်နီးချင်း ဂျော်ဒန်၊ အီဂျစ်နှင့် ဆက်ဆံရေးကို တိုးတက် ကောင်းမွန်စေရန် လုပ်ဆောင်နေသည်။ ယင်းအာရပ်နိုင်ငံများသည် ပြီးခဲ့သည့်ဆယ်စုနှစ်များကတည်းက အစ္စရေးနှင့် ငြိမ်းချမ်း ရေးယူခဲ့သော်လည်း ပါလက်စတိုင်းဘက်က ထောက်ခံသည့် နိုင်ငံများဖြစ်သည်။

ယူအေအီးနိုင်ငံသည်လည်း ပြီးခဲ့သည့် ရက်ပိုင်းက AL-Aqsa ဗလီတွင် ပါလက်စတိုင်းများနှင့် အစ္စရေးရဲတပ်ဖွဲ့တို့ အဓိကရုဏ်း ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး အစ္စရေးသံအမတ်ကြီးကို ဆင့်ခေါ်မေးမြန်းခဲ့သည်။ ယူအေးအီးသည် ၂၀၂၀ ပြည့်နှစ်က အစ္စရေးနှင့် ဆက်ဆံရေးပုံမှန်ပြန်လည်ထူထောင်သည့် အေဘရာဟင် သဘောတူညီချက်တွင် ပါဝင်သည့် အာရပ်လေးနိုင်ငံတွင် ပထမဆုံးပါဝင်ခဲ့သည့် နိုင်ငံဖြစ်သည်။

အစ္စရေး၏မဟာမိတ် အမေရိကန်ကမူ ဘက်ပေါင်းစုံကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် တိုက်တွန်းနေသည်။ ထို့ကြောင့် ယခုအကြိမ်တွင် ဟားမာ့စ်နှင့် အစ္စရေးတို့အနေဖြင့် နှစ်ဘက်စလုံးအတွက် အန္တရာယ်ရှိစေနိုင်သည့် ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားပြီး ဟန်ချက်ညီသည့် လုပ်ဆောင်ချက်များဖြင့် ချဉ်းကပ်သင့်သည်ဟု အစ္စရေး နိုင်ငံရေးသိပ္ပံပညာရှင် ရာဟတ်က ပြောကြားခဲ့သည်။

Ref:AP

Most Read

Most Recent