ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်  အမှုအတွက် တရားလိုဖြစ်သူအား ဆက်လက်စစ်​ဆေး

ရဟတ်ယာဉ် ဝယ်ယူခြင်းနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ​ဒေါ်​အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့်  အမှုအတွက် တရားလိုဖြစ်သူအား ဆက်လက်စစ်​ဆေး
Published 20 April 2022

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများတွင် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြု၍ ခွင့်ပြုပေးခဲ့သဖြင့် ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ခြင်းကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀ တို့အနက် ရဟတ်ယာဉ်ဝယ်ယူခြင်းနှင့် ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ ဦးအောင်ခန့်အား ဆက်လက်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ဧပြီ ၁၉ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်​​ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့​​ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ယင်းနေ့ရုံးချိန်းတွင် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ဥပဒေများဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ ၅၀ တို့အနက် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ အတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC)မှ ဦးအောင်ခန့်အား စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် စစ်ဆေးနေစဉ်အတွင်း တရားလိုဘက်မှ တင်သွင်းသည့် သက်သေခံ စာရွက်စာတမ်းများအား စွပ်စွဲခံရသူများ၏ ရှေ့နေများက ကန့် ကွက်ခဲ့ကြကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါကဲ့သို့ သက်သေခံစာရွက်စာတမ်းများ တင်သွင်းခြင်းအား ကန့်ကွက်မှုအ​​ပေါ် ဧပြီ ၂၆ ရက် ရုံးချိန်းတွင် အမိန့်ချရန် ချိန်းဆိုထားကြောင်းနှင့် ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်းများနှင့်ပတ်သက်၍ တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၅၀ ကိုလည်း ယင်းနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

ရုံးချိန်းသို့ ရောက်ရှိလာသည့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်ကြောင်းနှင့် အမှုများအား ဧပြီ ၂၆ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဒေါက်တာဝင်းမြတ်အေးနှင့်ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး​​နောက် ထပ်မံစစ်ဆေးပေါ်ပေါက်ချက်များအရ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစု ကြည်တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး ကိစ္စရပ်များတွင် ၎င်းတို့၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့်ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး၊ ပိုင်ဆိုင်မှုကို ထိခိုက်နစ်နာဆုံးရှုံးခဲ့ခြင်းကြောင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း နိုင်ငံ​​​ပိုင်သတင်းစာတွင်  ကြေညာထားသည်။