ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်းနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား

ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်းနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပြောကြား
Published 19 April 2022

ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်းနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်းဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဧပြီ ၁၈ ရက်က ပြင်ဦးလွင်တပ်နယ်အတွင်းရှိ တပ်မတော်အုပ်ချုပ်မှုကျောင်းအတွင်း ဥပဒေဒီပလိုမာသင်တန်းသားအရာရှိများနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်သားများအနေဖြင့် ဥပဒေကို သိရှိနားလည် လိုက်နာရန်လိုအပ်သည့်အတွက် ဥပဒေသင်တန်းများကို ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့သည် ပါတီစုံဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေးကို ဖော်ဆောင်နေခြင်း ဖြစ်သည့်အတွက် ဥပဒေကို ပိုမိုသိရှိလိုက်နာရမည်ဖြစ်ကြောင်း၊ ဥပဒေသည် စည်းကမ်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စည်းကမ်းသည် ကျင့်ဝတ်နှင့်အညီ နေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့်ဥပဒေ၏ အနှစ်သာရနှင့် အခြေခံကို သိရှိမှသာလျှင် ဥပဒေအတိုင်း လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် သင်ကြားပေးသည့် ဥပဒေပိုင်းဆိုင်ရာ ပညာရပ်များကို အမှန်တကယ်သိရှိတတ်မြောက်အောင် သင်ယူကြစေလိုကြောင်း၊ နိုင်ငံတကာတွင်လည်း မည်သည့်ကိစ္စမဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ကြခြင်းဖြစ်သည့်အတွက် ဥပဒေပညာရပ်သည် မဖြစ်မနေသိသင့်သိထိုက်သည့် ပညာရပ်တစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။         

ထို့ပြင် ဥပဒေပညာရပ်သည် မိမိတို့၏ အုပ်ချုပ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ပေးနိုင်စေမည်ဖြစ်ပြီး တပ်ရင်း၊ တပ်ဖွဲ့များသို့ ပြန်လည်ရောက်ရှိပြီး တစ်ဆင့်မြင့်ရာထူးတာဝန်များကို ထမ်းဆောင်မည်ဆိုပါက အထောက်အကူများစွာ ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း သင်ကြားပေးသည်များကို ကြိုးစားသင်ယူခြင်းသာမက ဥပဒေ၏အနှစ်သာရကိုလည်း ဖတ်မှတ်လေ့လာရန်လိုကြောင်း၊ သင်တန်းပြီးစီးပါကလည်း မိမိတို့၏ရဲဘော်ရဲဘက်များ၊ စစ်သည်များကို ဥပဒေနှင့် ပတ်သက်သည့် အသိပညာများကို မျှဝေပေးရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် သင်တန်းအထောက်အကူပြုဆိုင်ရာ ဥပဒေစာအုပ်စာတမ်းများ၊ စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။