ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်လာဖွယ်ရှိသည့် ဆီးရီးယားတိုက်ခိုက်ရေးသမားများ

ယူကရိန်းစစ်ပွဲတွင် ရုရှားဘက်မှ ပါဝင်လာဖွယ်ရှိသည့် ဆီးရီးယားတိုက်ခိုက်ရေးသမားများ
Photo: Reuters
Photo: Reuters
Published 19 April 2022
ဇင်မျိုး

၂၀၁၇ ခုနှစ်က ဆီးရီးယားခရီးစဉ် အတွင်းတွင် ဗလာဒီမာပူတင်က ဆီးရီးယား ဗိုလ်ချုပ်တစ်ဦးကို အလွန်အမင်း ချီးကျူးခဲ့သည်။ ဆီးရီးယား၏ ကာလရှည် ပြည်တွင်းစစ်တွင် သူပုန်များကို အောင်နိုင်ခဲ့ရာ၌ ထိုဗိုလ်ချုပ်၏ တပ်မ,က အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့သည်။ ရုရှားတပ်ဖွဲ့များနှင့် ဆီးရီးယားဗိုလ်ချုပ်၏ ပူးပေါင်းဆောင်ရွက် မှုက နောင်တွင် ကြီးမားသောအောင်မြင်မှုကို ဦးတည်စေလိမ့်မည်ဟု ရုရှားသမ္မတက ယင်းဗိုလ်ချုပ်ကို ပြောခဲ့သည်။

ယခုအခါ ဗိုလ်မှူးချုပ် ဆူဟေးအယ်လ်ဟူစိန်၏ တပ်မထဲမှ တပ်ဖွဲ့ဝင်များသည် ရုရှားက လေ့ကျင့်ပေးထားသော ဆီးရီးယား တိုက်ခိုက်ရေးသမား ရာဂဏန်းတွင် ပါဝင်လျက်ရှိပြီး သူတို့သည် ယူကရိန်းရောက် ရုရှားတပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ခိုက်ရန် စာရင်းပေးထားကြသည်ဟု ဆိုသည်။ ရုရှား စစ်သားများနှင့်အတူ တိုက်ခိုက်ပေးမည့်သူများတွင် ဆီးရီးယားစစ်သားများ၊ ဆီးရီးယား သူပုန်ဟောင်းများနှင့် ဆီးရီးယားကန္တာရတွင် IS အုပ်စုကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည့် ၀ါရင့်တိုက်ခိုက်ရေးသမားများလည်း ပါဝင်ကြမည်ဟု ဆိုသည်။

ရှေ့တန်း၌ ဖြန့်ကြက်ခြင်းမပြုမီ လက်ရှိ အချိန်ထိ စစ်သင်တန်းတက်ရန် ရုရှားသို့ ဆီးရီးယားတိုက်ခိုက်ရေးသမား အနည်းငယ် ရောက်လာပုံပေါ်သည်။ အရှေ့အလယ်ပိုင်းမှ လျှောက်လွှာ ၁၆,၀၀၀ ကျော် ရရှိထားသည်ဟု ယူကရိန်းစစ်ပွဲ အစောပိုင်းကာလတွင် ရုရှားတာဝန်ရှိသူများက လေလုံးထွားခဲ့ သော်လည်း ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် အရှေ့အလယ်ပိုင်းမှ တိုက်ခိုက်ရေးသမား ထူးခြားသိသာသည့် အရေအတွက် ရှိမနေ သေးဟု အမေရိကန်တာဝန်ရှိသူများနှင့် ဆီးရီးယားစောင့်ကြည့်ရေး တက်ကြွလှုပ်ရှား သူများက ပြောသည်။

သို့ရာတွင် ရုရှားက ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ အင်ပြည့်အားပြည့် ထိုးစစ်ဖြင့် တိုက်ပွဲ၏ နောက်တစ်ဆင့်အတွက် ပြင်ဆင်လျက်ရှိသောကြောင့် နိုင်ငံခြားသားတိုက်ခိုက်ရေးသမားအရေအတွက်သည် ပြောင်းလဲသွား နိုင်သည်ဟု လေ့လာဆန်းစစ်သူများက ပြောသည်။ ပူတင်က ဆီးရီးယားတွင် ရုရှားစစ်တပ်ကို ကွပ်ကဲခဲ့သော ဗိုလ်ချုပ်အလက်ဇန်ဒါဒီဘရောနီကော့ကို ယူကရိန်းစစ်ပွဲအတွက် တပ်မှူးသစ်အဖြစ် ခန့်အပ်လိုက်ပြီး နောက်လာမည့်သီတင်းပတ်များတွင် ဆီးရီးယားမှ တိုက်ခိုက်ရေးသမားများကို ဖြန့်ကြက်ရန် အလားအလာ ပိုများလာသည်ဟု ယုံကြရသည်။ ယူကရိန်းတွင် ဆီးရီးယားတိုက်ခိုက် ရေးသမားများ မည်မျှထိရောက်မှုရှိမည်ဆိုသည်နှင့် ပတ်သက်၍ မေးခွန်းအချို့ရှိနေသည့်တိုင် မြို့ကြီးများကို သိမ်းပိုက်ရန်အတွက်သော်လည်းကောင်း၊ ထိခိုက်ကျဆုံးမှုမြင့်တက်လာသည်ကို ကာမိစေရန်သော်လည်းကောင်း ၎င်းတို့ကို ခေါ်သွင်းလာနိုင်စရာ ရှိနေသည်။ ဒီဘရောနီကော့သည် ဆီးရီးယားတွင် ရုရှားလေ့ကျင့်ပေးထားသော တပ်အသွင် ဖွဲ့စည်းထားသည့်လက်နက်တပ်ဆင်ပေးထားသော အင်အားစုများ (Paramilitary) နှင့်ပတ်သက်၍ ကောင်းစွာ အကျွမ်းဝင်သူဖြစ်သည်။ ထို့အပြင် ပြိုင်ဘက်က ထိန်းချုပ်ထားသော ဆီးရီးယားမြို့ကြီးများ အညံ့ခံသွားစေရန် အညှာတာမဲ့စွာ စစ်တပ်ဖြင့် ၀ိုင်းထားခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခွင်းခြင်း မဟာဗျူဟာများကို ဗိုလ်ချုပ်ဒီဘရောနီကော့က လုပ်ဆောင်ခဲ့သည်။

“ရုရှားဟာ ယူကရိန်းမှာ ပိုမိုကြီးကျယ်တဲ့ တိုက်ပွဲအတွက် ပြင်ဆင်နေတယ်။ ဆီးရီးယား တိုက်ခိုက်ရေးသမားတွေ ပါဝင်လာနိုင်ပါတယ်” ဟု ယခုအခါ တူရကီနိုင်ငံတွင် အခြေချကာ စစ်ရေးလေ့လာဆန်းစစ်သူတစ်ဦးအဖြစ် ရပ်တည်နေသည့် ဆီးရီးယားစစ်တပ်မှ ဘက်ပြောင်းလာသူ အာမက်ဟာမာဒါက ပြောကြားသည်။

ရုရှားနိုင်ငံသားများသည် ယူကရိန်းစစ်ပွဲအတွက် ဆီးရီးယားတွင် စစ်သားစုဆောင်းခြင်းကို တက်တက် ကြွကြွလုပ်ဆောင်နေသည်ဟု ဆီးရီးယားစောင့်ကြည့်လေ့လာသူများ နှင့် ဆီးရီးယားတက်ကြွလှုပ်ရှားသူများက ပြောသည်။ အထူးသဖြင့် ရုရှားက သင်တန်း ပေးထားသော တိုက်ခိုက်ရေးသမားများကို စုဆောင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့် အရေးစောင့်ကြည့်မှုအဖွဲ့ကို ဦးဆောင်သူလည်းဖြစ်၊ အတိုက်အခံဘက်မှ စစ်ပွဲစောင့် ကြည့်သူလည်းဖြစ်သော ရာမီအဗ္ဗဒါရာမန်က မူလက်ရှိအချိန်ထိ လူပေါင်း ၄၀,၀၀၀ စာရင်း ပေးထားပြီးဖြစ်သည်ဟု ဆိုသည်။ လူပေါင်း ၂,၂ဝဝဝသည် ရုရှားစစ်တပ်နှင့်အတူ စာရင်းပေးထားခြင်းဖြစ်ပြီး လူပေါင်း ၁၈,၀၀၀ ခန့်မှာ ရုရှားပုဂ္ဂလိကကန်ထရိုက်လုပ်ငန်း Wagner Group နှင့်အတူ စာရင်းပေးထား ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆီးရီးယားတွင် ကျားတပ်ဖွဲ့ဟု လူသိများသည့် အယ်လ်ဟာဆန်၏ အမှတ် ၂၅ အထူးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၇၀၀ ဝန်းကျင် သည် ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ပေးရန် လွန်ခဲ့သော သီတင်းပတ်များတွင် ဆီးရီးယားနိုင်ငံမှ ထွက်ခွာသွားခဲ့သည်ဟု အဗ္ဗဒါရာမန်က ပြောသည်။ အဆိုပါအရေ အတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အစိုးရလိုလားသော တက်ကြွလှုပ်ရှားသူများက လွန်ခဲ့သော သီတင်းနှစ်ပတ်အတွင်းတွင် ကျားတပ်ဖွဲ့ဝင်များ၏ စစ်ရေးလေ့ကျင့်မှုများကို ပြသထားသော ဗီဒီယိုများအား လူမှုမီဒီယာတွင် တင်ခဲ့ကြသည်။ ဆီးရီးယားကျား တပ်ဖွဲ့များ ရဟတ်ယာဉ်များပေါ်မှ လေထီးဖြင့် ခုန်ချကြသည့် လေ့ကျင့်မှုများလည်း ပါဝင်ခဲ့သည်။ အဆိုပါဗီဒီယိုတစ်ခုတွင် ရုရှားစစ်တပ်က အရာရှိများကို တွေ့ရပြီး အဆိုပါအရာရှိများက ရဟတ်ယာဉ်အတွင်းပိုင်း မှတစ်ဆင့် အကြံပေးနေပုံကို မြင်ရသည်။ အယ်လ်ဟာဆန်ကလည်း လူငယ်များကို ခေါင်းပုတ်၍ ချီးကျူးနေပုံကို တွေ့ရသည်။ သို့ရာတွင် အဆိုပါဗီဒီယိုများက အသစ်လား ဟူသည်ကို ယခုထိ ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိသေးပေ။

ရုရှားက သင်တန်းပေးထားသော အမှတ် ၅ တပ်မမှ ဆန္ဒအလျောက် စစ်ထဲဝင် လာသူများလည်း ရှိသည်ဟု အဗ္ဗဒါရာမန်က ပြောသည်။ အမှတ် ၅ တပ်မမှာ Baath တပ်မဟာဖြစ်ကာ အာဆက်၏ အာဏာရ Baath ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ထို့အပြင် ဆီးရီးယားရှိ ပါလက်စတိုင်းဒုက္ခသည်များနှင့် ဖွဲ့စည်းထားသော ပါလက်စတိုင်း ကွပ်တပ်မဟာမှ ဆန္ဒအလျောက် စစ်ထဲဝင် လာသူများလည်း ရှိသည်ဟု ဆိုသည်။ အဆို ပါတပ်မဟာများမှ စစ်တပ်ထဲဝင်လာသူအားလုံးသည် ဆီးရီးယားစစ်ပွဲတွင် ရုရှားစစ်တပ် နှင့်အတူ တိုက်ခိုက်ခဲ့ကြသူများဖြစ်သည်။

“ရုရှားတွေက အတွေ့အကြုံရင့် တိုက်ခိုက်ရေးသမားတွေကို ရှာဖွေနေတာပါ။ ရုရှား လေ့ကျင့်ပေးထားတာမဟုတ်သူတွေကို သူတို့ မလိုချင်ပါဘူး” ဟု အဗ္ဗဒါရာမန်က ပြောသည်။

၁၁ နှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်အတွင်း အစိုးရဘက်က ကြီးမားသည့် အောင်ပွဲ အချို့ရရှိအောင် တိုက်ခိုက်ပေးခဲ့သည့်အတွက် ကျားတပ်ဖွဲ့သည် ချီးကျူးခံခဲ့ရသည်။ ထိုအောင်ပွဲများထဲက အောင်ပွဲတစ်ခုမှာ အ နောက်မြောက်ပိုင်းပြည်နယ် အီဒလစ်တွင် တည်ရှိသည့် သူပုန်၏ နောက်ဆုံးနယ်မြေထဲသို့ လချီကြာမြင့်သည့် ရုရှား ကျောထောက် နောက်ခံပြုစစ်ဆင်ရေးလည်း ပါဝင်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးသည် ၂၀၂၀ ခုနှစ် မတ်လ ထဲတွင် ပြီးဆုံးခဲ့သည်။ ဆီးရီးယားအစိုးရတပ်များက အရေးပါသော တောင်-မြောက် အဝေးပြေးကားလမ်းကို သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် သူပုန်များက နယ်မြေစုကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

“အယ်လ်ဟာဆန်ဟာ ရုရှားလူ ဖြစ်ပါတယ်။ ရုရှားဟာ သူ့ကို အားကိုးပါလိမ့်မယ်” ဟု ဆီးရီးယားစစ်ပွဲ စောင့်ကြည့်ရေးအုပ်စု DierEzzor24 ကို ဦးစီးနေသော ဥရောပ အခြေစိုက်တက်ကြွလှုပ်ရှားသူ အိုမာအဘူ လေလာက ပြောကြားသည်။

အမှတ် ၅ တပ်မနှင့် ကွပ်တပ်ရင်းတို့မှ တိုက်ခိုက်ရေးသမား ရာပေါင်းများစွာသည် စစ်သားစုဆောင်ရေးလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသော Hmeimeem အခြေစိုက်စခန်းတွင် စာရင်းပေးထားကြသည် ဟု ၎င်းက ပြောသည်။ Hmeimeem အခြေစိုက်စခန်းသည် ဆီးရီးယားအနောက် ပိုင်းတွင် တည်ရှိသည်။ စာရင်းပေးထားသော တိုက်ခိုက်ရေးသမားများသည် အမိန့်ကို စောင့်နေကြသည်ဟု ဆိုသည်။

IS တို့ကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့်ISIS Hunters  (IS မုဆိုးများ) အဖွဲ့ဟုခေါ်သော ရုရှားက လေ့ကျင့်ပေးထားသည့် အဖွဲ့က မတ်လနှောင်းပိုင်းတွင် အသက် ၂၃ နှစ်မှ ၄၈ နှစ်အရွယ် အမျိုးသားများ စစ်ဆေးမှုခံယူရန် ဆော်သြဆိုထားသည့် ကြော်ငြာကို တင်ခဲ့သည်။ စစ်ဆေးမှု အောင်မြင်သူများနှင့် အဆင်ပြေသူများကို နောက်ပိုင်းတွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း ကြော်ငြာတွင် ဖော်ပြခဲ့သည်။

လက်ရှိအချိန်ထိ ဆီးရီးယားတောင်ပိုင်း ပြည်နယ် Sweida တွင် အမျိုးသား ၁၀၀ ခန့် စာရင်းပေးထားသည်ဟု Suwayda24 အဖွဲ့မှ ရာယန်မားရွတ်ဖ်က ပြောသည်။ Suwayda24 အဖွဲ့သည် တက်ကြွလှုပ်ရှားသူများဖြင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကာ  ဆီးရီးယားကန္တာရတွင် IS လှုပ်ရှားမှုများကို သတင်းပေးနေသော အဖွဲ့ ဖြစ်သည်။ အဆိုပါ အမျိုးသားများကို အမေရိကန်ဒေါ်လာ ၆၀၀ ထက်မနည်း လစဉ်ဝင်ငွေ ရရှိစေမည်ဟု ကတိပေးထားကြောင်း ရာယန်မားရွတ်ဖ်က ပြောသည်။ အလုပ်လက်မဲ့ဖြစ်မှု အကြီးအကျယ် ဖြစ်ပေါ်နေပြီး ဆီးရီးယား ငွေတန်ဖိုး ထိုးကျနေသော အနေအထားတွင် အဆိုပါငွေ ပမာဏသည် များပြားလွန်းသည်။

Wagner Group သည် ယူကရိန်းအရှေ့ပိုင်းရှိ ဒွန်းဘက်စ်ဒေသတွင် ဖြန့်ကြက်ရေးအတွက် အထူးသဖြင့် အရှေ့အလယ်ပိုင်းမှ တိုက်ခိုက်ရေးသမားများကို စုဆောင်းရန် ကြိုးစားနေသည်ဆိုသော အချက်အလက် များကို အမေရိကန်ကရရှိထားကြောင်း ယခုလအစောပိုင်းတွင် ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြောကြားခဲ့သည်။

စုဆောင်းထားသည့် တိုက်ခိုက်ရေးသမားအရေအတွက်ကို တိတိကျကျ မသိရဟု ၎င်းက ပြောကြားခဲ့သည်။ “အင်အားဖြည့် တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ တကယ် အထင်အရှားပြနိုင်တဲ့အရာမရှိသေးပါဘူး” ဟု ဂျွန်ကာဘီက ဖြည့် စွက်ပြောကြားခဲ့သည်။

လက်ရှိတွင် ဆီးရီးယားမှ ယူကရိန်းသို့ သွားရန်ကြိုးစားနေသော အုပ်စုအနည်းငယ်သာ ရှိရာ ဖြိုးဖြိုးဖြောက်ဖြောက်သာရှိသည် ဟု မတ်လအစောပိုင်းတွင် ဗိုလ်ချုပ်ဖရန့်မက် ကင်ဇီက ဆီးနိတ်လက်နက်ကိုင်တပ်ဖွဲ့များကော်မတီကို ပြောကြားခဲ့သည်။ ဗိုလ်ချုပ် မက်ကင်ဇီသည် အမေရိကန်ဗဟိုကွပ်ကဲရေး ဌာန၏ အကြီးအကဲဖြစ်သည်။

ဆီးရီးယားစစ်ပွဲကို အနီးကပ်စောင့် ကြည့်လျက်ရှိသော လက်ဘနွန်အငြိမ်းစားဗိုလ်ချုပ်နာဂျီမာလက်က ဆီးရီးယားတိုက်ခိုက်ရေးသမားများ ရုရှားသို့ သွားနေသည်ဆိုသည့် ညွှန်းဆိုမှု ယခုထိ မရှိသေးဟု ပြောကြား ခဲ့ သော်လည်း စစ်ပွဲ အချိန်ကြာလာသည့်အခါ ထိုအရာသည် ပြောင်းလဲသွားနိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်ရေးသမားများ ယူကရိန်းသို့ ထွက်ခွာသည်ဆိုသော သတင်းများကို ဆီးရီး ယားနိုင်ငံရှိ ဆီးရီးယားနှင့် ပါလက်စတိုင်း တာဝန်ရှိသူများက ပယ်ချခဲ့ကြသည်။ဆီးရီးယားတိုက်ခိုက်ရေးသမားများ ယူကရိန်းကို သွားကြမည်ကို ဆီးရီးယားအစိုးရက သတိထားနေပုံရသည်။ တိုက်ခိုက်ရေးသမားများ ယူကရိန်း ကိုသွားမည်ဆိုပါက ဆီးရီးယားရှေ့တန်းတွင် အခွင့်အလမ်းများ ပေါ်ပေါက်လာနိုင်ပြီး ထိုအခွင့်အလမ်းများကို ပြိုင်ဘက်များက အသုံးချသွားမည်ကို ဆီးရီးယားအစိုးရက စိုးရိမ်နေသည်။ ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီး နောက်ပိုင်း ရုရှားက ဆီးရီးယားတွင် စစ်ဆင်ရေးများ သိသိသာသာ လျှော့ချလိုက်ခြင်းသည် ဆီးရီးယားအစိုးရအတွက် စိုးရိမ်ဖွယ်ရာ အနေအထားပင်ဖြစ်သည်။ ထို့ကြောင့် ဆီးရီးယားအကူအညီမလိုဘဲ ယူကရိန်းစစ်ပွဲတွင် ရုရှားအနိုင်ရစေရန် ဆီးရီးယားအစိုးရက မျှော်လင့်နေပါလိမ့်မည်။

Most Read

Most Recent