ယူကရိန်းနှင့် အီရတ်စစ်ပွဲ နှိုင်းယှဉ်ချက်

ယူကရိန်းနှင့် အီရတ်စစ်ပွဲ နှိုင်းယှဉ်ချက်
၂၀၀၃ ခုနှစ် သြဂုတ် ၂၄ ရက်က ယူကရိန်းစစ်သားများအား အီရတ်နိုင်ငံ အီရန်နှင့်နယ်စပ်၌ သံချပ်ကာကားနှင့်အတူ တွေ့ရစဉ် (Photo-Wikimedia)
၂၀၀၃ ခုနှစ် သြဂုတ် ၂၄ ရက်က ယူကရိန်းစစ်သားများအား အီရတ်နိုင်ငံ အီရန်နှင့်နယ်စပ်၌ သံချပ်ကာကားနှင့်အတူ တွေ့ရစဉ် (Photo-Wikimedia)
Published 7 April 2022
မိုးဧအောင်

(ASIA TIMES ၌ ယခု “Ukraine and Iraq: a critical assessemnt” ဆောင်းပါးရေးသားသူ Lorenzo Kamel သည် တူရင်တက္ကသိုလ်မှ သမိုင်းပါမောက္ခ၊ အီတာလျံဉာဏ်ကြီးရှင်အဖွဲ့Istituto Affari Internazionali ၏ သုတေသန ဒါရိုက်တာ၊  New-Med Research Network ၏ သိပ္ပံဆိုင်ရာ ဒါရိုက်တာ ဖြစ်သည်။

သူသည် အရှေ့အလယ်ပိုင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတက္ကသိုလ်များ၌ လှည့်လည်ကာ သင်ကြားပို့ချလျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ သမိုင်း၊ အရှေ့အလယ်ပိုင်း နှင့် မြေထဲပင်လယ်ဒေသရေးရာများကို စာအုပ် ၁၄ အုပ်ထိ ရေးသားထုတ် ဝေခဲ့ပြီးဖြစ်သည်။ “Imperial Perceptions of Palestine: British Influence and Power in Late Ottoman Times” စာအုပ်မှာ ပါလက်စတိုင်းစာပေဆု ချီးမြှင့်ခံခဲ့ရပြီး ပညာရှင်များအကြား ကျယ်ကျယ်ပြန့်ပြန့် ညွှန်းဆိုခံရသည်။ လတ်တလော ထုတ်ဝေထားသည့်  “The Middle East From Empire to Sealed Identities” မှာ အင်ပါရာမှသည် တိုင်းနိုင်ငံများအဖြစ် ရွေ့လျောပြောင်းလဲသွားပုံကို နက်နက်ရှိုင်းရှိုင်း ခြေရာကောက်ထားသော စာအုပ်ဖြစ်ပါသည်။

ယခုဆောင်းပါးမှာမူ အနောက်တိုင်း မီဒီယာတို့၏စိတ်ကြိုက် အုံလိုက်ကျင်းလိုက် ပုံဖော်နေကြသော ယူကရိန်းစစ်ပွဲနှင့် ယူကရိန်းသမ္မတအပေါ်  ငြင်းဆို၍မရနိုင်သော သမိုင်းမှန်ကူကွက်အချို့ကို ရှုထောင့်အသစ်မှ စာဖတ်သူတို့ မြင်နိုင်စေခြင်းငှာ အချက်အလက် ခိုင်ခိုင်မာမာ ကိုင်ဆုပ်လျက် ရှင်းလင်းတိကျစွာ ဖော်ထုတ်ထားပါသည်။)

၂၀၂၂ ခု၊ ဖေဖော်ဝါရီလ အနှောင်းပိုင်းတွင် ယူကရိန်းကို ရုရှားက ကျူးကျော်၍ ၂၀၀၃ ခု၊ မတ်လအတွင်း အီရတ်ကို အမေရိကန်က ကျူးကျော်ခဲ့၏။ ကျူးကျော်သိမ်းပိုက် ခြင်းတည်းဟူသော ဝေါဟာရအစား ရုရှားက ‘အထူးစစ်ဆင်ရေး’Special Militray Operation ) ဟု သုံးစွဲပြီး အမေရိကန်က ‘အီရတ်လွတ်မြောက်ရေးစစ်ပွဲ’ Operation  ဟု သုံးနှုန်းခဲ့သည်။

 

အီရတ်-အမေရိကန်စစ်ပွဲ

အမေရိကန်ပြည်ထောင်စုက ဦးဆောင်ဆင်နွှဲခဲ့သော အီရတ်စစ်ပွဲအတွင်းနှင့် စစ်ပွဲ နောက်ပိုင်းကာလ၌ ယူကရိန်းသည် ပူးပေါင်းစစ်ဆင်ရေး မဟာမိတ်တပ်ဖွဲ့အင်အား တတိယအများဆုံး ပို့ခဲ့သောနိုင်ငံဖြစ်သည်။ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ အီရတ် စစ်ပွဲဆိုင်ရာ တာဝန်ထမ်းဆောင်မှုမှာ ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် အဆုံးသတ်ခဲ့၏။

အမေရိကန်ပြည်ထောင်စု လက်နက်ကိုင်တပ်ဖွဲ့များက ထုတ်ပြန်ခဲ့သော စာရင်း အချက်အလက်များအရ “စုစုပေါင်း အင်အား ၅,၀၀၀ ကျော်သည့် ယူကရိန်းတပ်ဖွဲ့များသည် ... အီရတ်လွတ်မြောက်ရေးစစ်ပွဲအတွက် အီရတ်နိုင်ငံ၌ ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း” ဖော်ပြခဲ့သည်။

အီရတ်စစ်ပွဲ၌ အိုက်ဆိုတုပ်လျှော့ထားသော ယူရေနီယံနှင့် မီးစုန်းဖြူဗုံးများကို အသုံးပြုခဲ့ပြီး လူတစ်သန်းခန့် အသက်ဆုံးရှုံးခဲ့၏။ အီရတ်ကို ကျူးကျော်သိမ်းပိုက်မှုနှင့် ပတ်သက်၍  မည်သူတစ်ဦးတစ်ယောက်ကမှ တာဝန်ခံမှုမရှိခဲ့သလို၊ မည်သူမျှလည်း စစ်ရာဇဝတ်မှုကို ရင်မဆိုင်ခဲ့ရပါ။ ကျူးကျော်ခံရသော အီရတ်နိုင်ငံအတွင်းသို့ မည်သည့်ပြင်ပ နိုင်ငံကမှလက်နက်များ မပေးပို့သကဲ့သို့ စစ်ရပ်စဲရန် သို့မဟုတ် ကျူးကျော်မှုကိုရှုတ်ချရန် ရည်ရွယ်လျက် မည်သူကမျှ တားဆီးပိတ်ဆို့မှု ဆန်ရှင်လည်း မပြုခဲ့ကြပါ။

အတိတ်ဖြစ်ရပ်တစ်ခုအား ပြန်လည် ဖော်ထုတ်ကြည့်ရန် အချိန်တန်ပြီ ထင်ပါသည်။ ၂၀၀၉ ခုနှစ်တွင် ထိုအချိန်က ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း ဖွဲ့စည်းပေးခဲ့ သည့် ဆာဂျွန်ချီလ်ကော့၏ စုံစမ်းရေးကော်မရှင် အစီရင်ခံစာအရ အီရတ်ကို ဝင်ရောက် ကျူးကျော်ခြင်းသည် “လိုအပ်ချက်တစ်ရပ် မဟုတ်ကြောင်း”၊ စစ်ဆင်ရေးလှုပ်ရှားမှုများ ၏ ဥပဒေရေးရာ ညီညွတ်မှုမှာ ‘ကျေနပ်ဖွယ်ရာ အနေအထားနှင့် ကင်းကွာလျက်ရှိ ကြောင်း’နှင့် တိုက်ခိုက်မှုပြုရခြင်း၏ အဓိက အကြောင်းပြချက် (အီရတ်တွင် အဖျက်စွမ်း အား ကြီးမားသည့် လက်နက်များ ပိုင်ဆိုင်ခြင်း) မှာ မှားယွင်းသော ထင်မြင်ချက်နှင့် သတင်းအချက်အလက်များသာ ဖြစ်ကြောင်း ဖော်ထုတ်ခဲ့လေသည်။

ထိုအချိန်က အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ ဂျိုးဘိုင်ဒင်အပါအဝင် ဆီနိတ်တာ ၇၇ ဦးသည် အီရတ်နိုင်ငံ အတွင်းသို့ အမေရိကန်တပ်ဖွဲ့များဝင်ရောက် ရန်အတွက် သမ္မတဂျော့ဒဗလျူဘုရှ်ကို ခွင့်ပြုခဲ့ကြသူများဖြစ်သည်။ ဘိုင်ဒင်သည် အထက် လွှတ်တော်၏ အီရတ်နှင့်ပတ်သက်သော အဓိကကြားနာပွဲများ၌ ၁၈ ကြိမ်တိုင်အောင် ရွေးချယ်ခံခဲ့ရပြီး ထိုအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်လျက် ပြည်သူအများကို စစ်’ကြိုချင်’လာစေရန် တွန်းအားပေး အသုံးချခဲ့လေသည်။

အခါလွန် အသိသညာတစ်ရပ်အနေနှင့် ဤသို့သော မူဝါဒများသည် အကျိုးရလဒ် တစ်စုံတစ်ရာကို ဆောင်ကြဉ်းခဲ့သလော သို့မဟုတ် အာရှဒေသတွင် အကန့်အသတ်နှင့် တည်ငြိမ်မှုကို ရယူစေနိုင်သလော စသည်တို့ ကို မေးခွန်းထုတ်ကြည့်နိုင်ပါသည်။ ပေါ်ထွက်လာနိုင်သော အဖြေများစွာအနက် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ ၂၀၀၁ မှ ၂၀၁၄ ခုနှစ်အတွင်း ‘အကြမ်းဖက် ထိတွေ့ဖြစ်ရပ်’စုစုပေါင်းမှာ ၃၈၀၀ ရာခိုင်နှုန်း (၃၈ ဆ) အထိ တိုးလာခဲ့ကြောင်းပင်ဖြစ်၏။ ၂၀၀၁ ခုနှစ်တွင် ၃၅၅ ခု ရှိခဲ့သော်ငြား ၂၀၁၄ ခုနှစ်တွင် အကြမ်းဖက်ဖြစ်စဉ်ပေါင်း ၁၃,၅၀၀ ထိ မြင့်မားသွားခဲ့သည်။

၂၀၀၁ မှ ၂၀၁၄ ခုနှစ်အတွင်း အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ဒေသတွင်း သေဆုံး မှုများမှာ ခြောက်ဆအထိ တိုးလာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မှာ အာဖဂန်နစ္စတန်နှင့် အီရတ်၌ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

 

ရုရှား-ယူကရိန်း ပဋိပက္ခ

ပကတိဖြစ်ရပ်ကို မြင်အောင်ကြည့်ပါက ‘မရယ်နိုင်’လောက်သော ‘မောစရာ’အမှန် တရားအဖြစ် ပူတင်၏စစ်ပွဲအား ‘အကာအကွယ်’ယူ၍ နာမည်ဆိုးထွက်အောင် ကြံစည် ကြိုးပမ်းနေကြသူများမှာ အရှေ့အလယ်ပိုင်းဒေသ၌ သန်းပေါင်းများစွာသော ပြည်သူတို့ သေကြေထိခိုက်ခဲ့ရသည်ကို အရေးမကြီးလေဟန် ပြဿနာကို ‘လျှော်ပစ်’ခဲ့သူများ ဖြစ်နေပြန်သည်။

ရုရှား၏ ယူကရိန်းအပေါ် ပြစ်မှုမြောက်သော ကျူးကျော်မှုအဖြစ် သံယောင်လိုက်နေ ကြသော အချေအတင်ဆွေးနွေးချက်များ၌ အများစုသည် ယူကရိန်း၏ အခန်းကဏ္ဍနှင့် သူ့နိုင်ငံ၏ ခေါင်းဆောင်မှုကို ဖယ်ထုတ်ထားကြောင်း တွေ့မြင်နေရသည်။ အမေရိကန် သမ္မတ ဘိုင်ဒင်ကိုယ်တိုင်ပင် ယူကရိန်းပစ္စက္ခ သမိုင်း၏ ပြဿနာအကြီးဆုံး အခန်းစဉ်များကို ချန်လှပ်ပစ်ခဲ့သည်။

ဤသည်ကို အတိုင်းအတာတစ်ခုအထိ နားလည်ပေးနိုင်သည်။ အပြင်းအထန်တိုက် ခိုက်ခံရသဖြင့် ‘မိုးထဲရေထဲ’ရောက်နေသော ယူကရိန်းပြည်သူများကို ကြံ့ကြံ့ခံနိုင်စွမ်း ရရှိစေရန် ပြတ်ပြတ်သားသား အကူအညီပေးဖို့ လိုအပ်ပါသည်။ သို့မဟုတ်ပါက အီရတ်၌ ပျက်သုဉ်းခဲ့ပုံမျိုး၊ လက်ရှိ ယီမင်၌ ပျက်ယွင်း နေပုံမျိုး ဆိုက်ရောက်သွားနိုင်သည်။

၂၀၂၁ နှစ်ကုန်ကာနီးအထိ အမေရိကန် ပြည်ထောင်စုနှင့် NATO နိုင်ငံများ၏ ကျေးဇူး တင်ဖွယ်ရာ စစ်ရေးနှင့်ထောက်ပ့ံပို့ဆောင် ရေးအကူအညီများကြားမှ ယီမင်တွင် ဖြစ်ပွား နေသော စစ်ပွဲကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သေဆုံးရသူ ပြည်သူ စုစု ပေါင်းမှာ ၃၇၇,၀၀၀ ဦး ရှိခဲ့ပြီဖြစ်သည်။ သေဆုံးသူ၏ ရာခိုင်နှုန်း ၇၀ ခန့်မှာ အသက်ငါးနှစ်အောက် ကလေးသူငယ်များ ဖြစ်ကြသည်။

ဤသို့ ရှုပ်ထွေးလှသော အခြေခံမူဘောင် ဆောင်ရွက်ချက်များအကြား ပူပူနွေးနွေး ငြင်းခုံဖွယ်ရာ ဖြစ်လာသည်မှာ ယူက ရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ပတ် သက်နေသည်။ လေ့လာသူအတော်များများ က သူ့ကို ‘မျိုးဆက်သစ် လူငယ်များအတွက် စံပြုပုံရိပ်’အဖြစ် ပွဲထုတ်နေကြခြင်းဖြစ်သည်။ ဤအချက်ကိုလည်း စစ်တိုက်ခံနေရသော တိုင်းပြည်တစ်ပြည်၏ ခေါင်းဆောင်ကို စွဲမြဲ ကြံ့ခိုင်ခြင်း၊ ဒူပေနာပေခံနိုင်ခြင်း သင်္ကေတတစ်ရပ်အဖြစ် ဆွဲတင်နေသည်ဟု နားလည် ပေးလိုက်ပါဦးမည်။

ဇယ်လန်းစကီးကို  ‘သူရဲကောင်းအဖြစ်’ သွတ်သွင်းနေကြသောဖြစ်စဉ်၌ အရပ်ရပ်နှင့် အနယ်နယ် ကြား၍မတော်သော ကိစ္စတစ်ရပ်ကိုတော့ ဖော်ပြရပါလိမ့်မည်။ သူသည် သိက္ခာကို ရိက္ခာနှင့် လဲခဲ့သော နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အထင်ရှားဆုံး သာဓကတင်ရသော် Pondora လျှို့ဝှက်စာတမ်းများအရ သူနှင့်သူ့အတွင်းစည်းက လူများသည် အခွန်ရှောင်လိုသော ပြည်ပကုမ္ပဏီများနှင့် အချိတ်အဆက်ပြုကာ ငွေကြေးအကျိုးအမြတ်များစွာကို ‘အပျောက်ရိုက်’ခဲ့ကြခြင်း ဖြစ်၏။

ကိုယ်ကျင့်တရားဆိုင်ရာ ရှုထောင့်မှ ကြည့်သော် ‘သူရဲကောင်း’တို့မည်သည် ‘အ လျားအနံရော၊ အသွားအပြန်ပါ’ ဒေါင်ဒေါင်မြည် မှတ်ကျောက်အတင် ခံနိုင်ရပါမည်။ ကျင့်ဝတ်ဆိုင်ရာ နောက်ထပ်ပြဿနာတစ်ရပ်မှာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်၌ ကုလသမဂ္ဂ၊ ပါလက်စတိုင်းတို့၏ မူလအခွင့်အရေးများ ပြန်လည်ပြဋ္ဌာန်းရေးဆိုင်ရာ ကော်မတီဝင် ယူကရိန်းနိုင်ငံကို ဇယ်လန်းစကီးက အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စေခဲ့ခြင်း ဖြစ်သည်။

တစ်နှစ်နှင့်ငါးလအကြာ၊ ၂၀၂၁ ခုနှစ်၌ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း (ကလေးနှစ်ဦးအပါအဝင်) အစ္စရေးလူမျိုး ဂျူးကိုးဦးနှင့် (ကလေး ၆၆ ဦးအပါအဝင်) ပါလက်စတိုင်းလူမျိုး ၂၅၆ ဦး အသက်ဆုံးရှုံးခဲ့ကြသည်။ အဆိုပါ စစ်ပွဲအတွင်းမှ  ကြေကွဲ ဖွယ်ဖြစ်ရပ်ကို အစ္စရေးတို့၏ တစ်ဘက်တည်းမှ ခံစားစာနာကာ ဇယ်လန်းစကီးက အစ္စရေး ကောင်းကင်ယံ၌ ‘ဒုံးကျည်များ ပြန့်ကျဲ လျက်’ရှိကြောင်း တွစ်တာပေါ်၌ ရေးတင်ခဲ့၏။

ပါလက်စတိုင်းသားတို့ ခံစားရသော မြင်ကွင်းတစ်ကွက် မပါရှိသကဲ့သို့ ဂါဇာကမ်းမြှောင် သို့မဟုတ် ဂျော်ဒန်မြစ်နှင့် မြေထဲပင်လယ်အကြားရှိ မည်သည့်ဒေသ၏ ဒုက္ခဆင်း ရဲတစ်လုံးတစ်ပါဒကိုမျှ ယူကရိန်းသမ္မတကြီး က ‘မတွိ’ခဲ့ပါ။

Most Read

Most Recent