ရုရှား-ယူကရိန်းစစ်ပွဲ ပဥ္စမသီတင်းပတ် မှတ်စု-၁

ရုရှား-ယူကရိန်းစစ်ပွဲ ပဥ္စမသီတင်းပတ် မှတ်စု-၁
ယူကရိန်းနိုင်ငံ ဘူခါမြို့တွင် ဧပြီ ၃ ရက်က ရုရှား သံချပ်ကာကားအပျက်အစီးများအကြား ခွေးတစ်ကောင် ရေသောက်နေစဉ် (Photo:AP)
ယူကရိန်းနိုင်ငံ ဘူခါမြို့တွင် ဧပြီ ၃ ရက်က ရုရှား သံချပ်ကာကားအပျက်အစီးများအကြား ခွေးတစ်ကောင် ရေသောက်နေစဉ် (Photo:AP)
Published 4 April 2022
မိုးဧအောင်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်၌ စတင်ခဲ့သော ရုရှား-ယူကရိန်းစစ်ပွဲသည် ယခုအခါ ပဥ္စမမြောက် သီတင်းပတ်ကို ကျော်လွန်ခဲ့ပေပြီ။ တိုက်ခိုက်မှုအရှိန်အဟုန် သိသိသာသာ လျော့ကျမသွားသည့်တိုင် ရုရှားတို့၏ စစ်ဆင်ရေးရည်မှန်းချက်ကို ဖွင့်ဟပြောဆို လာမှု၊ ယူကရိန်းသမ္မတ၏ နေ့စဉ်နှင့်အမျှ လူလုံးပြအသံထွက်ဆဲ အခြေအနေများ၊ စွမ်းအင်ကို ရူဘယ်နှင့် ငွေပေးငွေယူလုပ်မည့်ကိစ္စ၊  အမေရိကန်သမ္မတ၏ ဘုရားသခင်ကို တိုင်တည်သော မိန့်ခွန်း လျှာချော်မှုများနှင့်အတူ  နှစ်နိုင်ငံကိုယ်စားလှယ်များ မျက်နှာချင်းဆိုင် ဆွေးနွေးမှုလည်း ပြုလုပ်နိုင်ခဲ့သော ရက်သတ္တပတ် ဖြစ်ပါသည်။

 

စစ်မြေပြင်အခြေအနေများ

ဖေဖော်ဝါရီ ၂၄ ရက်၊ ညပိုင်း၌ ကိယက်ဗ်မြို့အနီးရှိ ယူကရိန်းနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အကြီးဆုံး လောင်စာဆီ သိုလှောင်ရာ နေရာကို ပင်လယ်ပြင်မှ ပစ်လွှတ်သော မစ်ဆိုင်းဒုံးကျည်များဖြင့် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားဘက်က ပြောခဲ့သည်။ ထို အခြေစိုက်စခန်းသည် အဓိကအားဖြင့် ယူကရိန်းအလယ်ပိုင်းဒေသရှိ စစ်ဘက်ဆိုင်ရာဌာနများသို့ လောင်စာဆီ ထောက်ပံ့ပေးနေခြင်းဖြစ်သည်။

မတ် ၂၅ ရက်ညနေတွင် ရုရှားတပ်များသည် ဗင်နီဆီယားတွင် တည်ရှိသော ယူကရိန်း လေတပ်စခန်းဌာနချုပ်သို့ ခရုဇ်ဒုံးကျည်ခြောက်လုံးဖြင့် ပစ်ခတ်ခဲ့သည်။ ဒုံးကျည်အချို့အား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ပြီး ကျန်ရှိနေသော ဒုံးကျည်များသည် ယူကရိန်းလေတပ်စခန်းဌာနချုပ် အဆောက် အအုံသုံးလေးခုကို ထိမှန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၅ ရက်၊ နံနက်တွင် ဒုတိယ အကြီးဆုံးမြို့ ခါကိဗ်ရှိ လူသားချင်းစာနာမှု ကယ်ဆယ်ရေး အထောက်အပံ့များ ပေးဝေရာအဖြစ် ဆေးခန်းတစ်ခုကို ရုရှားအမြောက်ဆန်များ ထိမှန်ခဲ့၍ လူလေးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲများက ပြောဆိုသည်။ ဒီနီပရိုမြို့အနီး စစ်တပ်စခန်း တစ်ခုကိုလည်း ရုရှား မစ်ဆိုင်းဒုံးကျည်နှစ်ခု ထိမှန်ခဲ့သည်။

ယူကရိန်းကို ရုရှားတို့ စတင်ကျူးကျော် တိုက်ခိုက်ခဲ့ချိန်မှ တစ်လအတွင်း ရုရှားစစ်သား ၁၆,၀၀၀ ကျော် ကျဆုံးခဲ့ကြောင်း ယူကရိန်းဘက်က ပြောဆိုသည်။ သို့သော် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ယူကရိန်းစစ်ပွဲကာလတစ်လျှောက် ရုရှားတပ်ဖွဲ့ဝင် သေဆုံးသူ ၁,၃၅၁ ဦး၊ ဒဏ်ရာရသူ ၃,၈၂၅ ဦးဟု ဆိုသည်။

ရုရှား၏ အထူးစစ်ဆင်ရေး စတင်ပြီးနောက် ကလေးသူငယ် ၈၈ယ၃၇၃ ဦး အပါအဝင် လူပေါင်း ၄၁၉,၇၃၆ ဦးအား အန္တရာယ်ရှိသောနေရာများမှ ရုရှားနိုင်ငံသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ရုရှားအမျိုးသား ကာကွယ်ရေး ကွပ်ကဲမှုဌာနအကြီးအကဲ မီခေးလ်မီဇန် ဆက်ဗ်က ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ မတ်၂၅ ရက်၊ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရုရှားသည် ဒွန်ဘတ်စ် ဒေသ၊ ကိယက်ဗ်၊ ခါကိဗ် ၊ ချာနီဟစ်ဗ်၊ ဆူးမီ၊ ဇာပိုရေဇီးယားနှင့် ကရှာဆွန်တို့တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှု ၆၁၇ ကြိမ် ဆောင်ရွက်လျက် တန်ချိန် ၅,၀၄၃ ရှိ နေ့စဉ်သုံးပစ္စည်းများ၊ အစားအစာ၊ ဆေးဝါး များထောက်ပံ့ပေးခဲ့သည့်အပြင် မတ်လ ၄ ရက်မှစ၍ ကိယက်ဗ်၊ ချာနီဟစ်ဗ်၊ ဆူးမီ၊ ခါ ကိဗ် နှင့် မေရီယူပိုးလ်တို့တွင် လူသားချင်းစာနာထောက်ထားမှု လမ်းကြောင်းများကို နေ့စဉ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဘိုင်ဒင်၏ ပိုလန် ခရီးစဉ်၌ ယူကရိန်းနိုင်ငံအနောက်ပိုင်း၊ ပိုလန် နယ်စပ်အနီး လဗိဗ်မြို့ကို မတ် ၂၆ ရက်တွင် ရုရှားတို့ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့သည်။ မြို့တော် ၀ါဆော၌ ဘိုင်ဒင် မိန့်ခွန်းမပြောမီအချိန်ပိုင်း အတွင်း ရော့ကက်ဒုံးကျည်လေးစင်း ထိမှန်ကျရောက်ပြီး လူငါးဦး ဒဏ်ရာရခဲ့သည်။ လာရောက်ခိုလှုံသည့် ဒုက္ခသည်များအပါအဝင် လူဦးရေ ခုနစ်သိန်းခန့်ရှိသော လဗိဗ်မြို့မှာ ပိုလန်နယ်စပ်နှင့် ကီလိုမီတာ ၆၀ ခန့်သာ ကွာဝေးပြီး တိုက်ခိုက်မှုကြောင့် မြို့၏ အခြေခံအဆောက်အအုံများ ပျက်စီးကာ မြို့အရှေ့ မြောက်ရှိ ရေနံသိုလှောင်ရေးစခန်းတစ်ခု မီးလောင်ခဲ့၏။

သမ္မတ ဘိုင်ဒင်သည် တပ်မဟာ ၈၂ တပ်ဖွဲ့ဝင်များနှင့် ပိုလန်နိုင်ငံ ရက်ဇိုးမြို့တွင် မတ်လ ၂၅ ရက်က သွားရောက်တွေ့ဆုံခဲ့ သည်။ အဆိုပါ အမေရိကန်တပ်ဖွဲ့များသည် ပိုလန်၊ လစ်သူယေးနီးယား၊ လတ်ဗီးယား၊ အက်စတိုးနီးယား၊ ဘူဂေးရီးယားနှင့် ရိုမေး နီးယားအပါအဝင် အရှေ့ဥရောပရှိ NATO မဟာမိတ်နိုင်ငံများတွင် ရောက်ရှိနေသည့် ထောင်နှင့်ချီသော NATO မဟာမိတ်တပ်များကို အကူညီပေးရန် ရောက်ရှိနေခြင်း ဖြစ်သည်။ ဘိုင်ဒင်က “ရဲဘော်တို့ဟာ ဒီမိုကရေစီ နိုင်ငံတွေနဲ့ လူနည်းစုက အာဏာချုပ်ကိုင်ထားတဲ့ နိုင်ငံတွေကြားက တိုက်ပွဲတစ်ခုထဲမှာ ရောက်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ ယခု စစ်ပွဲကာလ ပဥ္စမပတ်အထိ ယူကရိန်းနိုင်ငံအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၆.၅ သန်းကျော် ရှိပြီး အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးသူ ၃.၇ သန်းခန့်ရှိသည်။ အန္တရာယ်ကြောင့် ထွက်ပြေး၍မရဘဲ ပဋိပက္ခဒေသများ၌ ပိတ်မိနေသူ နောက်ထပ် ၁၃ သန်းခန့်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

“စက္ကန့်နဲ့အမျှ ကြီးထွားလာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး ရဲ့ တကယ့် အခက်အခဲတွေနဲ့ ဒီနေ့ ကြုံတွေ့နေရတာပါ။ ယူကရိန်းနိုင်ငံတွင်းက စိုးရိမ်စရာ အတိုင်းအတာကို လျစ်လျူရှုလို့ မရပါဘူး။ ညတွင်းချင်းမှာပဲ လူတွေရဲ့ဘဝတွေ ပြောင်းလဲသွားကြသလို မိသားစုတွေလည်း အစိတ် စိတ်အမွှာမွှာ ဖြစ်ကုန်ကြတယ်။ အခုအချိန်မှာတော့ ယူကရိန်းနိုင်ငံတွင်းက သန်းနဲ့ချီတဲ့ ဒီလူတွေဟာ လက်နက်ကြီးနဲ့ အရမ်းကာရော ပစ်ခတ်မှုတွေ၊ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက် ခိုက်မှုတွေကြားမှာ အချိန်ပြည့် စိုးရိမ်ထိတ် လန့်မှုနဲ့နေထိုင်နေကြရပါတယ်”ဟု UNHCR ၏ ယူကရိန်းတာဝန်ခံ ကယ်ရိုလင်းလင်ဟွန်း ဘီလင်းက ပြောပြသည်။

စစ်ပွဲကြောင့် နိုင်ငံမှထွက်ပြေးရသူ ကလေး နှစ်သန်းခန့်ရှိနေပြီး နိုင်ငံအတွင်း၌ပင် နေရပ်စွန့်ခွာ နေထိုင်နေရသူ ကလေး ပေါင်း ၂.၅ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မတ်လ ၂၈ ရက်၌ ပြောကြားသည်။ ယူကရိန်းတွင် စစ်ကြောင့် ထွက်ပြေးရသူ ဒုက္ခသည်များ၏ ထက်ဝက်ခန့်မှာ ကလေးများဖြစ်ကြောင်း UNICEF နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNCHR) တို့က မတ်လ ၃၀ ရက်၌ ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အိမ်နီးချင်း ပိုလန်နိုင်ငံသို့ ထွက်ပြေးသူ ကလေး ၁.၁ သန်း၊ ရိုမေးနီးယား၊ မိုလ်ဒိုဗာ၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနှင့် ချက်သမ္မတနိုင်ငံများသို့ ထွက်ပြေးသူ ထောင်သောင်းချီ၍ရှိကြောင်း၊ စစ်ပွဲကြောင့် သေဆုံးရသူ ကလေး ၁၀၀ ကျော်၊ ဒဏ်ရာရသူ ၁၃၄ ဦးရှိကြောင်း UNICEF ကပြောသည်။

ကလေးများ၊လူငယ်များ ရင်ဆိုင်ရနိုင်သော လူမှောင်ခိုမှု၊ ခေါင်းပုံဖြတ်ခံရမှု အန္တရာယ်များ လျော့ပါးစေရန် မိုလ်ဒိုဗာ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယား အပါအဝင် ဒုက္ခသည်များကို ခိုလှုံခွင့်ပေးနေသော နိုင်ငံများတွင် အကူအညီပေးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများက တိုက်တွန်းခဲ့ကြသည်။

မတ်လ ၂၉ ရက်၌ မိုင်ကိုလိုင်မြို့ရှိ ဒေသန္တရ အစိုးရအဆောက်အအုံကို ရုရှားတို့၏ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် ၁၂ ဦး သေဆုံးကာ ၃၄ ဦး ဒဏ်ရာရခဲ့သည်။ မတ်လ ၃၀ ရက် ညနေအထိ ကိယက်ဗ်မြို့တော် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဒေသများသို့ ရုရှားဒုံးကျည်များ ပစ်ခတ်ဆဲဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

လက်ရှိဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲတွင် ရုရှားက နျူကလီးယားလက်နက် သုံးစွဲမည်မဟုတ်ကြောင်း၊ မိမိတို့၏ တိကျပြတ်သားသော နိုင်ငံခြားရေးမူဝါဒအရ ရုရှားနိုင်ငံ တည်မြဲရေးကို ခြိမ်းခြောက်လာသည့်အခါမှ သာ နျူကလီးယားလက်နက်ကို သုံးစွဲမည်ဖြစ်ကြောင်း ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့က မတ်လ ၂၉ ရက်၌ PBS သတင်းဌာနသို့ ပြောကြားခဲ့၏။

မတ်လ ၃ဝရက်၌ ရုရှားသမ္မတ ပူတင်သည် နည်းပညာဆိုင်ရာ သီးခြားလွတ်လပ်မှုကို ထိန်းသိမ်းကာကွယ်ရေးဟူသော သမ္မတ အမိန့်ကို လက်မှတ်ရေးထိုးခဲ့ပြီး မတ် ၃၁ ရက်မှစ၍ နိုင်ငံတော်အဆင့် ပစ္စည်းများ ဝယ်ယူရာတွင် သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက် မရှိဘဲ နိုင်ငံခြား ဆော့ဖ်ဝဲများကို ဝယ်ယူခြင်း မပြုရန် တောင်းဆိုကြောင်း၊ ၂၀၂၅ ခုနှစ်မှစ၍ နိုင်ငံတော်၏ အရေးကြီး အခြေခံ အဆောက်အအုံများတွင် နိုင်ငံခြားဆော့ဖ်ဝဲကို လုံးဝ အသုံးမပြုရန်ဖြစ်ကြောင်း အမိန့်တွင် ပါရှိသည်။

အဆိုးများကြားမှ ကောင်းသတင်းအဖြစ် မတ်လ ၃၀ ရက်၌ အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA) မှ အာကာသ ယာဉ်မှူး မာ့ခ်ဗန်ဒီဟိုင်သည် ရုရှား၏ ဆိုယုဇ်အာကာသယာဉ်ဖြင့် ကမ္ဘာမြေပေါ် ပြန် လည်ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

ရုရှား၏ ယူကရိန်းစစ်ဆင်ရေး ရည်မှန်းချက်

မတ်လ ၂၅ ရက်၌ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီးသုံးဦးက တွေ့ဆုံရှင်းလင်းပွဲပြုလုပ်ရာ တစ်ဦးအပါအဝင် ဖြစ်သော ဗိုလ်ချုပ်ကြီး မီခေးလ် မီဇင်ဆက်ဗ် က ယခုကဲ့သို့ စစ်ပွဲသည် ရည်မှန်းချက်ကို အောင်မြင်စွာရယူနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် “စစ်ဆင်ရေးရဲ့ ပထမဆင့် လုပ်ငန်းတာဝန်တွေ ပြီးမြောက်ခဲ့ပြီဖြစ်ပါတယ်” ဟု ကြေညာခဲ့ ခြင်းဖြစ်သည်။ သို့သော် လက်တွေ့မြေပြင်အနေအထားမှာမူ ၀ိ၀ါဒကွဲဖွယ်ရာ တွေ့ရှိရ၏။ ကိယက်ဗ်သည် သူတို့၏ စစ်ရေးရည်မှန်းချက် မဟုတ်ကြောင်း အခိုင်အမာ ဆိုပြန်သည်။ စစ်ဆင်ရေးသည် အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကို ယူကရိန်းထံမှ ကာကွယ်ရန်အတွက်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရုရှားတို့သည် ၂၀၁၄ ခုနှစ်၌ ဒွန်ဘတ်စ်ဒေသကို ပထမအကြိမ် ကျူးကျော်သိမ်းပိုက်ပြီးနောက် သူတို့အခေါ် “ပြည်သူ့ သမ္မတနိုင်ငံ” နှစ်နိုင်ငံ (ဒိုးနက်နှင့် လူဟန့်)ကို ထူထောင်စေပြီး ယခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်တွင် လွတ်လပ်သောနိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့၏။ “ကျွန်ုပ်တို့၏ အဓိက ရည်မှန်းချက်”သည် “ဒွန်ဘတ်စ်ဒေသ လွတ်မြောက်ရေး” ဟု ဗိုလ်ချုပ်ကြီးများ ပြောဆိုလာသည်။ မတ်လ ၂၉ ရက်၌ ရုရှားနှင့် ယူကရိန်းမှ စေ့စပ်ဆွေးနွေးကြသူများ တူရကီတွင် တွေ့ဆုံ နေချိန်အတွင်း ရုရှားကာကွယ်ရေးဒုဝန်ကြီး က ကိယက်ဗ်၊ ချာနီဟစ်ဗ်နှင့် ယူကရိန်းနိုင်ငံ မြောက်ပိုင်းရှိ အခြားမြို့ကြီးများတစ်ဝိုက်တွင် “အပြင်းအထန် ထိုးစစ်ဆင်မှုကို လျှော့ချမည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent