ပခုက္ကူသီးနှံစျေးကွက်အတွင်း သီးနှံမျိုးစုံစျေးနှုန်း တစ်တင်း ကျပ် ၂၀၀၀ ခန့်အထိ ကျဆင်း

ပခုက္ကူသီးနှံစျေးကွက်အတွင်း သီးနှံမျိုးစုံစျေးနှုန်း တစ်တင်း ကျပ် ၂၀၀၀ ခန့်အထိ ကျဆင်း
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူအချို့ လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်
မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲစိုက်တောင်သူအချို့ လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရစဉ်
Published 4 April 2022
သက်ထိန်ဝင်း

ပခုက္ကူသီးနှံစျေးကွက်အတွင်း ဧပြီလဆန်းပိုင်းမှစ၍ ကျွန်းသီးနှံများအပါအဝင် သီးနှံမျိုးစုံစျေးနှုန်းကျဆင်းနေပြီး တစ်တင်းလျှင် ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ကျဆင်းခဲ့ကြောင်း စျေးကွက်မှတ်တမ်းများအရ သိရသည်။

အချို့သောသီးနှံများမှာ ဝယ်လက်ပြန်လည်နည်းပါးသွားသည့်အတွက် စျေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်းသိရပြီး အချို့သီးနှံများ မှာ အရည်အသွေးပိုင်း လိုအပ်ချက်ရှိခြင်းကြောင့် စျေးနှုန်းကျဆင်းခြင်းဖြစ်ကြောင်း  သိရသည်။

ပြီးခဲ့သည့် မတ်ကုန်ပိုင်းတွင် စွန်တာနီတစ်တင်း ကျပ် ၄၁၀၀၀၊ ပဲဇီးကွက်တစ်တင်း ကျပ် ၄၂၁၀၀၊ ကျွန်းထောဖြူတစ်တင်း ကျပ် ၄၂၁၀၀ ရှိရာမှ ဧပြီ ၄ ရက် စျေးကွက်တွင် စွန်တာနီတစ်တင်း ကျပ် ၃၈၀၀၀၊ ပဲဇီးကွက်တစ်တင်း ကျပ် ၃၉၅၀၀ နှင့် ကျွန်းထောဖြူတစ်တင်း ကျပ် ၃၅၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။ 

“ကျွန်းသီးနှံစျေးတွေကတော့ ကျသွားတယ်။ အဓိကကတော့ ပဲအရည်အသွေးကျသွားတာပါ။ ပြီးခဲ့တဲ့ မတ်လတတိယပတ်မှာ ရွာတဲ့မိုးက သိမ်းဖို့ကျန်တဲ့ပဲတွေ ရေစိုကုန်တယ်။ ပဲတွေကလည်း အပျော့စိလို့ခေါ်တဲ့ဘက်ပါသွားတယ်။ အရောင်းအဝယ်ကတော့ သူစျေးနဲ့သူ အဆင်ပြေသလို ရောင်းကြဝယ်ကြတာပေါ့။ အရင်လထိ ပဲစျေးက အကောင်းဘက်မှာ ဒီလမှ စကျသွားတာ” ဟု သီးနှံရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ပခုက္ကူသီးနှံစျေးကွက်အတွင်း မတ်လကုန်တွင် 929 ပဲတစ်တင်း ကျပ် ၄၂၀၀၀၊ v6 တစ်တင်း ကျပ် ၄၃၅၀၀၊  V2 တစ်တင်း ကျပ် ၄၄၀၀၀ ပေါက်စျေးရှိရာမှ ဧပြီ ၄ ရက်တွင် 929 ပဲတစ်တင်း ကျပ် ၄၀၀၀၀၊ V6 တစ်တင်း ကျပ် ၄၁၅၀၀၊ V2 တစ်တင်းလျှင် ကျပ် ၄၂၀၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

အချိန်အခါမဲ့မိုးရွာသွန်းမှုကြောင့် ကျွန်းမြေစိုက်တောင်သူများ ပဲအရည်အသွေးကျဆင်းမှုကြုံတွေ့ရပြီး ပဲစျေးကျဆင်းသည့်အတွက် အကျိုးအမြတ်သိသာစွာလျော့ကျသွားကြောင်း တောင်သူများထံမှ သိရသည်။

ပခုက္ကူဒေသတစ်ဝိုက်ကုန်းမြေများမှ ထွက်ရှိသည့် ပဲစင်းငုံမှာ ပြီးခဲ့သည့်မတ်လကုန်တွင် တစ်တင်းကျပ် ၄၄၅၀၀ ပေါက်စျေးရှိရာမှ ဧပြီ ၄ ရက် ပခုက္ကူသီးနှံစျေးကွက်တွင် တစ်တင်းကျပ် ၄၂၃၀၀ ပေါက်စျေးရှိကြောင်း သိရသည်။

 

Most Read

Most Recent