စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမစတင်မီနှင့် စတင်ပြီးနောက်ပိုင်း အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု DOSo စနစ် စတင်ဆောင်ရွက်

စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမစတင်မီနှင့် စတင်ပြီးနောက်ပိုင်း အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှု DOSo စနစ် စတင်ဆောင်ရွက်
ဧပြီ ၁ ရက်က ပြုလုပ်သည့် Unboxing Investment Facilitation Toolkit 2022 အခမ်းအနားအားတွေ့ရစဉ်
ဧပြီ ၁ ရက်က ပြုလုပ်သည့် Unboxing Investment Facilitation Toolkit 2022 အခမ်းအနားအားတွေ့ရစဉ်
Published 1 April 2022

စီးပွားရေးလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမစတင်မီနှင့် စတင်ပြီးနောက်ပိုင်း  အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံဆွေးခြင်း ဝန်ဆောင်မှု DOSo စနစ်ကို စတင်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ဧပြီ ၁ ရက်က ပြုလုပ်သည့် Unboxing Investment Facilitation Toolkit 2022 အခမ်းအနားမှ သိရသည်။

“DICA Online Solution (DOSo)ဟာဆိုရင် လုပ်ငန်းရှင်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မစတင်ခင်မှာ ဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစတင်ပြီး နောက်ပိုင်းမှာဖြစ်စေ DICA သို့ စုံစမ်းမေးမြန်းမှုတွေ ဆောင်ရွက်လိုပါက လွယ်ကူလျင် မြန်စွာ တွေ့ဆုံ ဆွေးနွေးနိုင်မယ့် Online  ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

ထို့ပြင် အဆိုပါစနစ်တွင် DICA ဝန်ထမ်းများသာမက သက်ဆိုင်ရာဝန်ကြီးဌာန အစိုးရအဖွဲ့အစည်း ၁၄ ခုမှ သက်ဆိုင်ရာ တာဝန်ရှိ ကျွမ်းကျင်သူများပါ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံသူများက တောင်းခံသည့်  တွေ့ဆုံဆွေးနွေးမှု၏ လိုအပ်ချက်အပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ဦးစီးဌာနများမှ တာဝန်ရှိသူများကိုပါ ဆွေးနွေးပွဲသို့ ဖိတ်ကြားသွားမည်ဖြစ်ကာ သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း ပါဝင်ကူ ညီဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားအလာရှိသော ရင်းနှီးမြှုပ်နှံသူများနှင့် ယခင်ရှိရင်းစွဲ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် COVID-19 ကန့်သတ်ချက်များ ကြောင့် DICA နှင့် တွေ့ဆုံဆွေးနွေးရန် အခက်အခဲရှိခဲ့ရာမှာ လက်ရှိတွင် အဆိုပါ  DOSo စနစ်မှတစ်ဆင့် ထိရောက်သည့်တွေ့ ဆုံဆွေးနွေးမှုများကို ဖော်ဆောင်သွားနိုင်မည် ဖြစ်ကြောင်းသိရသည်။

ရင်းနှီီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေ ရေးနှင့် သတင်းအချက်အလက်များ လွယ်ကူစွာရရှိနိုင်ရန် ရည်ရွယ်၍ Myanmar Companies-MyCo ကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ Myanmar Online Investment Directory-MyInDy ကို ၂၀၂၀ ပြည့်နှစ် တွင်လည်းကောင်း၊ Auto Reply for Facebook (Messenger) Auto Reply စနစ်ကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊ Online VISA  ကို ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍ ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းကဏ္ဍ၊ သတ္တုတွင်းထွက်လုပ်ငန်း၊  မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊  စက်မှုဇုန်ဖော်ဆောင်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ စသည်တို့၌ နိုင်ငံခြားရင်းနှီ းမြှုပ်နှံမှုများ အဓိက ခွင့်ပြုပေးနေခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ (Mini Budget) ငါးလအတွင်း နိုင်ငံအလိုက် ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၇၇ ဒသမ ၇၁၄ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၇ ဒသမ ၂၀၈ သန်း၊ပြင်သစ်နိုင်ငံကဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ဟောင်ကောင်က ဒေါ် လာ ၆၃ ဒသမ ၅၅၉ သန်း၊အိန္ဒိယက ဒေါ် ၀ ဒသမ ၅၅၀ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၃၁၀ သန်း၊ မလေးရှားနိုင်ငံက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် ဒေါ်လာ ၄၄ ဒသမ ၇၁၀ သန်း၊ Samo ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ နှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်း၊ U.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊ နီပေါနိုင်ငံကဒေါ်လာ ၁ ဒသမ ၅ သန်း၊ ပြင်သစ်က ဒေါ်လာဝ ဒသမ ၄၉၇ သန်းဖြင့် စုစုပေါင်း ဒေါ်လာ၅၃၀ ဒသမ ၇၇၅ သန်း ဝင်ရောက်ထားကြောင်း ထုတ် ပြန်ထားသည်။

Most Read

Most Recent