သတ္တိရှိရှိ သတ်ဖြတ်နေမည်ဆိုလျှင် ပန်းတိုင်ရောက်မည်မဟုတ်ဘဲ ဆန္ဒရှိမည်ဆိုပါက စားပွဲပေါ်၌ မျက်နှာချင်းဆိုင် အပြန်အလှန်ဆွေးနွေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ပြောကြား

သတ္တိရှိရှိ သတ်ဖြတ်နေမည်ဆိုလျှင် ပန်းတိုင်ရောက်မည်မဟုတ်ဘဲ ဆန္ဒရှိမည်ဆိုပါက စားပွဲပေါ်၌ မျက်နှာချင်းဆိုင် အပြန်အလှန်ဆွေးနွေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ပြောကြား
Published 29 March 2022

သတ္တိရှိရှိ သတ်ဖြတ်နေမည်ဆိုလျှင် ပန်းတိုင်ရောက်မည်မဟုတ်ဘဲ ဆန္ဒရှိမည်ဆိုပါက စားပွဲပေါ်၌ မျက်နှာချင်းဆိုင် အပြန်အလှန်ဆွေးနွေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၂၂ ခုနှစ် မတ် ၂၉ ရက်မှစတင်၍ ကျင်းပနေသည့်  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ(ဒုတိယပိုင်း)တွင် အဖွင့်အမှာစကားပြောကြားရာ၌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “ကျွန်တော့်ခံယူချက်အနေနဲ့က ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာက ကျွန်တော်တို့ စားပွဲပေါ်မှာပဲ သွားရမှာဖြစ်ပါတယ်။ အားမနာတမ်း ကျွန်တော်တို့ သတ္တိရှိရှိသတ်ဖြတ်နေကြမယ်ဆိုရင် ကျွန်တော်တို့ ပန်းတိုင်ကို ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆန္ဒရှိမယ်ဆိုရင် မျက်နှာချင်းဆိုင် စားပွဲပေါ်မှာ ဆွေးနွေးရမှာပဲဖြစ်ပါတယ်” ဟု ပြောကြားသည်။ ထို့အတူ ယနေ့တိုင်းပြည်တွင် ဖြစ်ပွားနေသော ပဋိပက္ခများမှာ ယခုလိုပွဲမျိုးနှင့် ဆက်၍လှုပ်ရှားသွားရန် မဖြစ်နိုင်ကြောင်း ယခုအတိုင်းသွားမည်ဆိုပါက ရည်မှန်းထားသော ငြိမ်းချမ်းရေးနှင့် လူမျိုးချင်းမတူသော်လည်း ၎င်းတို့ရည်မှန်း ထားသော ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေးမှာ ဖြစ်လာမည်မဟုတ်ကြောင်း  ယခုကာလသည် အားလုံးက အပြန်အလှန် သတ်ဖြတ်နေကြပြီး ရှုပ်ထွေးနေသည့် အချိန်ကာလဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

ထို့ပြင် ၎င်းက “အခုဖြစ်နေတဲ့ ပြဿနာက အပြန်အလှန် သတ်ချင်နေတဲ့ သတ်နေကြတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ရပ်တန်းက မရပ်နိုင်ဘဲ ဒီအတိုင်းသာ သွားနေကြမယ်ဆိုရင် ကျွန်တော် ပြောရဲပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးက ကျွန်တော်တို့ သက်တမ်းမှာ မမီတော့ပါဘူး။ ကျွန်တော်တို့ ကွဲကွဲပြားပြားနဲ့ပဲ နိဂုံးချုပ်သွားရမှာ။ အဲဒီတော့ NCA လက်မှတ်ထိုးတုန်းက ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ အားမနာတမ်း ရဲရဲတောက်တောက် သတ်ဖြတ်ခဲ့သလို  ယခုငြိမ်းချမ်းရေးယူတဲ့နေရာမှာလည်း ကျွန်တော်တို့ သတ္တိရှိရှိသွားရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆက်လက်ပြီး လာမည့်နှစ်တွင် ၎င်းကြည့်ချင်သည့်ပွဲမှာ ငြိမ်းချမ်းရေးပွဲပင်ဖြစ်ကြောင်း ယခုပြောကြားခဲ့သော ၎င်း၏စကားများကို တစ်ဖက်က  ခေါင်းဆောင်များအနေဖြင့်  ကြားမည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့်လက်ရှိဖြစ်နေသည့် ပြဿနာများကို စားပွဲပေါ်၌ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းသွားရန်ဖြစ်ကြောင်း၊ အာဃာတတရား အမုန်းတရားများကို အခြေခံ၍ ဖြေရှင်းသွား၍မရကြောင်း၊  လက်ရှိပြဿနာများကို လူသတ်ပွဲများနှင့် ဖြေရှင်းသွား၍မရကြောင်းနှင့် စားပွဲပေါ်၌ နည်းလမ်းရှာပြီး ဖြေရှင်းသွားရန် ပြောကြားလိုကြောင်း ၎င်းက ဆိုသည်။