Unit-ID ကို တိုင်းဒေသကြီးသုံးခုမှ မြို့နယ် ၈၁ မြို့နယ်တွင် စတင်ဆောင်ရွက်ရန်လျာထားပြီး National-ID ခေါ် Smart Card ထုတ်ပေးရေးလုပ်ငန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

Unit-ID ကို တိုင်းဒေသကြီးသုံးခုမှ မြို့နယ် ၈၁ မြို့နယ်တွင် စတင်ဆောင်ရွက်ရန်လျာထားပြီး National-ID ခေါ် Smart Card ထုတ်ပေးရေးလုပ်ငန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 23 March 2022

Unit-ID ကို တိုင်းဒေသကြီးသုံးခုမှ မြို့ နယ် ၈၁ မြို့နယ်တွင် စတင်ဆောင်ရွက်ရန် လျာထားပြီး National-ID ခေါ် Smart Card ထုတ်ပေးရေးလုပ်ငန်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

နေပြည်တော်တွင် မတ် ၂၂ ရက်က ကျင်းပသည့် e-ID စနစ်လုပ်ငန်းကော်မတီ၊ ဒုတိယအကြိမ်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့သည့် ပထမအကြိမ် e-ID စနစ်လုပ်ငန်းကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအား နိုင်ငံတော်အကြီးအကဲထံ တင်ပြဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းနှင့် e-ID စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ e-ID စနစ်လုပ်ငန်းသည် ယခင်အစိုးရကာလအတွင်း ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သော်လည်း လုပ်ငန်းများရပ်တန့်နေပြီး ယခုအစိုးရကာလတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် e-Government  စနစ်၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ပြောကြားသည်။

ယခုနိုင်ငံတော်အစိုးရကာလအတွင်း e-ID စနစ်အကောင်အထည်ဖော်ရာတွင် Uint-ID  ကောက်ယူခြင်းနှင့် National-ID ဆောင်ရွက်ခြင်းဆိုသည့် အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ယခုကာလအတွင်း Unit-ID ကို စတင်ဆောင်ရွက်ရန် လျာထားရာတွင်လည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသည့် တိုင်းဒေသကြီးသုံးခုမှ မြို့နယ် ၈၁ မြို့နယ်ကို ဦးစွာဆောင်ရွက်ရန် လျာထားကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

Unit-ID ကောက်ယူရာတွင် နိုင်ငံအတွင်းရှိ အသက် ၁၀ နှစ်နှင့်အထက်ရှိသူအားလုံးကို အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic Data) ခြောက်ချက်ကောက်ယူခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) သုံးမျိုးကောက်ယူခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ ယင်းလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး National-ID  ခေါ် Smart Card ထုတ်ပေးရေးလုပ်ငန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုအောက်တွင် လုပ်ငန်းအလိုက် အကောင်အထည်ဖော်ရန် ဆပ်ကော်မတီ ခြောက်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ e-ID စနစ်လုပ်ငန်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အလေးထားစဉ်းစားသုံးသပ်ဆောင် ရွက်ကြရန်ဖြစ်ကြောင်း၊ ယခုကော်မတီဝင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဆင်ပြေအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသုံးသပ်အကြံပြုပေးစေလိုကြောင်း ၎င်းက ဆိုသည်။

ထို့နောက် e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် လူမွန်နှင့် လုပ်ငန်းကော်မတီဝင်များက e-ID စနစ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်းအကြံပေး ပညာရှင်အဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် အဖွဲ့ဝင်များ ထည့်သွင်းဖွဲ့စည်းမှု ၊ ယင်းအဖွဲ့၏ အကြံပြုသုံးသပ်ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအခြေအနေ၊ ဆပ်ကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ နည်းပညာဆိုင်ရာနှင့်ပတ်သက်၍ စဉ်းစားဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပညာရှင်များ လိုအပ်မှု၊ အသုံးပြုမည့် နည်းပညာဆိုင်ရာ စက်ကိရိယာပစ္စည်းများလိုအပ်မှုနှင့် လုပ်ငန်းစဉ်အဆင့်အလိုက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ တွေ့ကြုံနိုင်သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဖြည့်စွက် ဆွေးနွေးတင်ပြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         

 

Most Read

Most Recent