စွန့်ခွာရသော ယူကရိန်းနေ့ညများ - ၁

စွန့်ခွာရသော ယူကရိန်းနေ့ညများ - ၁
 ဖေဖော်ဝါရီ ၂၆ ရက်တွင် ပိုလန်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးက ပိုလန်နိုင်ငံ ကော်ဇိုဝါနယ်ခြားဒေသသို့ ရောက်ရှိလာသော ယူကရိန်းဒုက္ခသည်များကို ကူညီနေစဉ် Photo : AP
ဖေဖော်ဝါရီ ၂၆ ရက်တွင် ပိုလန်နယ်ခြားစောင့် တပ်ဖွဲ့ဝင်တစ်ဦးက ပိုလန်နိုင်ငံ ကော်ဇိုဝါနယ်ခြားဒေသသို့ ရောက်ရှိလာသော ယူကရိန်းဒုက္ခသည်များကို ကူညီနေစဉ် Photo : AP
Published 17 March 2022
မိုးဧအောင်

၂၀၂၂ ခု၊ ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ခဲ့သော ရုရှားသမ္မတ ဗလာဒီမာပူတင်၏ “အ ထူးစစ်ဆင်ရေး” အရ ယူကရိန်းနိုင်ငံအတွင်းသို့ ရုရှားတပ်ဖွဲ့များ ဝင်ရောက်ခဲ့ရာ စစ်တို့၏ သဘောသဘာဝအတိုင်း နှစ်နိုင်ငံတပ်ဖွဲ့များသည် ရှေ့တန်းစစ်မျက်နှာ၌ အသေအကြေ တိုက်ပွဲဝင်ကြသည့်နည်းတူ၊ ယူကရိန်းနိုင်ငံတစ်ဝန်း မြို့ကြီးအချို့ကို ပစ်မှတ်ထားကာ ကြည်း၊ ရေ၊ လေစစ်ဆင်ရေးများပါ ပြုလုပ်ခဲ့ သည်။ သို့ဖြစ်၍ အဆိုပါမြို့ကြီးများရှိ သာမန် အရပ်သူ၊ အရပ်သားများမှာ ကျည်ကွယ်မျက်ကွယ်သို့ ထွက်ပြေးခဲ့ကြရသည်။ နိုင်ငံအတွင်း ဘေးလွတ်မည်ထင်သော စစ်ဆင်ရေးနှင့်ဝေးရာ ဒေသများသို့ ပြေးလွှားပုန်းရှောင်ရသူများ ရှိသကဲ့သို့၊ နိုင်ငံကိုစွန့်ခွာလျက် အိမ်နီးချင်းနိုင်ငံများသို့ ပြေးလွှားကြရသော ဒုက္ခသည်ဦးရေမှာ တစ်နေ့တစ်ခြား မြင့်တက်လျက်ရှိသည်။

၂၀၂၂ ခု၊ မတ် ၁၅ ရက်အထိ စာရင်းအရ ယူကရိန်းမှ ထွက်ပြေးခဲ့ကြသော စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်မှာ သုံးသန်းကျော်ရှိပြီး တိုင်းပြည်အတွင်း ရွှေ့ပြောင်းနေ ထိုင်သူအရေအတွက်မှာမူ တိကျစွာကောက် ယူနိုင်ခြင်းမရှိသေးပါ။ ရုရှား၏ကျူးကျော်မှုသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှစတင် ကာ ဥရောပတိုက်အတွက် အကြီးမားဆုံးဒုက္ခ သည်အကျပ်အတည်း ဖြစ်လာသည်။ ၁၉၉၀ ပြည့်နှစ်များက ယူဂိုဆလပ်စစ်ပွဲများအတွင်း ဤသို့သော ဒုက္ခသည်ပြဿနာကို ဥရောပအနေနှင့် ရင်ဆိုင်ခဲ့ရဖူးပြီး ယခုတစ်ကြိမ် ယူကရိန်းဒုက္ခသည်အရေးမှာ ကမ္ဘာတစ်ခုလုံးအနေနှင့်ပါ ၂၁ ရာစုအတွင်း အကြီးမားဆုံးနှင့် ရွှေ့ပြောင်းဝင်ရောက်မှုနှုန်း အမြင့်ဆုံးဒုက္ခ သည်အကျပ်အတည်း ဖြစ်လာသည်။

■ ဒုက္ခသည် (Refugee) ဝေါဟာရရင်းမြစ်နှင့် လက်တွေ့ကျင့်သုံးမှု

၁၉၅၁ ခုနှစ်၌ ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းက “ဒုက္ခသည် (Refugee) ဆိုသည်မှာ ဒုတိယကမ္ဘာစစ်ကြောင့် ဥရောပအတွင်း ပြောင်းရွှေ့ခဲ့သူများ” ကိုသာ ခေါ်ဆိုခြင်းဖြစ်ပြီး အာရှ နှင့် အာဖရိကတိုက်မှ ဇာတိစွန့်ခွာကာ ထွက်ပြေးရခဲ့ရသော သန်းနှင့်ချီသည့် ပြည်သူများ မပါဝင်ခဲ့ပါ။

စစ်အေးခေတ်ရောက်သော် ဆိုဗီယက် သြဇာအောက်မှ လွတ်မြောက်လိုဇောဖြင့် ထွက်ပြေးလာကြသော အရှေ့ဥရောပတိုက်သားများကို အနောက်အုပ်စုက လက်ခံလိုသည့်အခါ ဒုက္ခသည် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “မူနှင့်ဆန့်ကျင်သည့်တိုင်၊ လူညီ၍ အလုပ်ဖြစ်စေရေး” အတွက် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်လာခဲ့သည်။ နောင်နှစ်ကာလ အတန်ကြာသည့်အခါ ဥရောပတိုက်သား မဟုတ်သော ဒုက္ခသည်များကိုပါ “ ဒုက္ခသည်အဖြစ်”အသိအမှတ်ပြုခဲ့သည်။

သို့သော်လည်း ဥရောပတိုက်သားဒုက္ခ သည်များအတွက် ခိုင်မာပြည့်ဝစွာ အကာအကွယ်ပေးထားပြီး ဥရောပတိုက်သားမဟုတ် သူများအတွက် တံခါးပိတ်ထားသော မူဝါဒမျိုးဖြင့် စံနှုန်းနှစ်ရပ်ကို တစ်ပြိုင်နက် ကျင့်သုံးနေဆဲ ဖြစ်ပါသည်။ ဤကျင့်သုံးပုံဓလေ့မှာ ယခုအခါ ဘွားခနဲ ပြန်ပေါ်လာသည်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းနိုင်ငံသားတို့ကို ဥပဒေရေးရာ၊ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးအချို့ ရှိနေသည့် တိုင် လက်ကမ်းလျက် ကြိုဆိုနေပါသည်။ ဥရောပတိုက်သား မဟုတ်သော ဒုက္ခသည်အချို့မှာမူ EU နယ်စပ်တစ်လျှောက်၌ ထိုနိုင်ငံများအတွင်းသို့ ဝင်ရောက်ခွင့်ရရေးကို ခိုက်ခိုက်တုန် အချမ်းခံလျက် ပင်ပန်းကြီးစွာ စောင့်ဆိုင်းနေရဆဲဖြစ်သည်။ သာဓကပြရသော် ပိုလန်နိုင်ငံ၌ အာဏာပိုင်များသည် နယ်စပ်တံတိုင်းများ တည်ဆောက်ကာ လုံခြုံရေးအစောင့် အရှောက်များစွာ အလှည့်ကျကြပ်မတ်စေပြီး အရှေ့အလယ်ပိုင်းမှ ဒုက္ခသည်များကို တိုင်းပြည်တွင်း ခြေချမလာနိုင်စေရန် ကာဆီးနှင်ထုတ်လျက်ရှိသည်။ ဥရောပတောင်ပိုင်း၌ အာဏာပိုင်တို့သည် ဒုက္ခသည်များကို လစ်ဗျားသို့ အတင်းအဓမ္မ ပြန်လွှတ်နေကြသည်။ ပြည်သူ့စစ်အုပ်စုများ ကြီးကြပ်နေသော ထောင်များမှ လွတ်မြောက်သူအများစု ပါဝင်သော ထိုဒုက္ခသည်များကို ဥရောပသံတမန်များအနေနှင့် စစ်အကျဉ်းသားများထားရှိရာ စခန်း၌သာ နေစေလိုသည်။ ယခင်သီတင်းပတ်က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက တရားဥပဒေနှင့် ညီညွတ်မှုမရှိသော ဒုက္ခသည် ပြန်လည်နှင်ထုတ်ခြင်းများ နှင့် အခြားသော အလွဲသုံးစား ဆောင်ရွက်ချက်များသည် ဥရောပတစ်လွှား၌ “ထုံးစံအတိုင်း ဖြစ်နေကျ” အပြုအမူများဟု သတိပေးထားသည်။

ယခု ယူကရိန်းမှထွက်ခွာလာသော ဒုက္ခသည်များအကြား အိန္ဒိယနှင့် အာဖရိကန်များလည်း ပါရှိကြရာ ပိုလန်နယ်စပ်သို့ ဖြတ်သန်းဝင်ရောက်ပြီးချိန်တွင် ပိုလန်အမျိုးသား ရေးဝါဒီများက သူတို့ကို အနှောင့်အယှက်ပေး ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

အာဖရိကန်သမဂ္ဂက နယ်စပ်ဖြတ်ကျော်ချိန်တွင် လူမျိုးရေးခွဲခြားခံခဲ့ရသော အာဖရိကန်များကို ကာကွယ်ရန် ကြိုးပမ်းအားထုတ်ခဲ့ပြီး နိုင်ငံတကာဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း ထောက်ပြခဲ့ကြသည်။ မတ်လ ၂ ရက်တွင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီ ထရိုကူလီဘာက နိုင်ငံမှ ထွက်ခွာသွားသော အာဖရိကန်များအနေနှင့် “တူညီသော အခွင့်အရေးရရှိရန် လိုအပ်နေကြောင်း” နှင့် “ယူက ရိန်းအစိုးရမှာ အဆိုပါပြဿနာဖြေရှင်းရေး အတွက် လက်လှမ်းမမီကြောင်း” ပြောကြားခဲ့ သည်။ မတ်လ ၃ ရက်နေ့၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ ဖုန်းပြောကြားရာတွင် သမ္မတက ရုရှားစစ်သားများကို “လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများမှ အိန္ဒိယနိုင်ငံသားများ လုံခြုံစိတ်ချစွာ ထွက်ခွာနိုင်ရေး သေချာစွာ ဆောင်ရွက်ရန်” ညွှန်ကြားထားကြောင်း ပြောဆိုခဲ့သည်။

အာဖရိကတိုက်မှ ဂါနာ၊ နိုင်ဂျီးရီးယား နှင့် ကင်ညာအစိုးရတို့က သူတို့နိုင်ငံသားများ ယူကရိန်းနယ်စပ်၌ ခွဲခြားနှိမ့်ချဆက်ဆံခြင်း ခံနေရကြောင်း သတင်းပေးခဲ့ကြသည်။ နိုင်ဂျီး ရီးယားသမ္မတ မူဟာမာဒူ ဘူဟာရီ က “ပဋိပက္ခ ဖြစ်ပွားနေသောအနေအထားမှ ထွက် ပြေးလာသူအားလုံးသည် ကုလသမဂ္ဂကွန်ဗင်းရှင်းအရ တန်းတူညီမျှ ကယ်ဆယ်ခံပိုင်ခွင့် ရှိကြပြီး သူတို့၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် သူတို့၏ အသားအရောင်ပေါ်မူတည်၍ ခွဲခြားဆက်ဆံခံရမှုမျိုး မရှိသင့်ပါ”ဟု ထုတ်ပြန်ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အထူးကိုယ်စားလှယ် အေယို့ဒ် အလာကီဂျာက “အနောက်နိုင်ငံများဟာ အာဖရိကတိုင်းပြည်တွေကို စစ်ပွဲဖြစ်နေချိန်မှာတောင် လေးစား သမှုမပြုနိုင်ဘဲ တစ်ညီတစ်ညွတ်တည်း မရပ်တည်နိုင်ကြဘူး။ ကပ်ရောဂါတုန်းကလည်း ပစ်ထားကြပြီး အခုလည်း စစ်ပွဲထဲမှာ ဖြစ်ချင်ရာဖြစ်လို့ သဘောထားနေကြတာလား” ဟု တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့သော ယူကရိန်းဒုက္ခသည်များ ယူကရိန်းဒုက္ခသည်များ၏ အရေအတွက်မှာ နာရီပိုင်းအလိုက် ပြောင်းလဲတိုးမြင့်လာသည့်အတွက် ခန့်မှန်းခြေစာရင်းသာ ရရှိနိုင်ပြီး ယခုဆောင်းပါး၌ ၂၀၂၂ ခု၊ မတ် ၁၅ ရက်ကို အခြေခံထားပါသည်။

ယူကရိန်းနိုင်ငံသားများသည် ဥရောပတိုက်အတွင်း အချို့နိုင်ငံများသို့ ပြည်ဝင်ခွင့် ဗီဇာမလိုဘဲ သွားရောက်နိုင်ပြီး ပိုမိုကြာမြင့်သောနေထိုင်ခွင့် ရက် ၉၀ အထိကို အထူးခွင့်ပြုချက် ယူရန်မလိုဘဲ ရရှိနိုင်သည်။ အဆိုပါ ဝင်ရောက်ခွင့်ရရှိပြီးဖြစ်သော မည်သည့် ဥရောပနိုင်ငံ၌မဆို နိုင်ငံရေးခိုလှုံခွင့်တောင်း ခံနိုင်သည်။ နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်ရေး၊ ဗီဇာမူဝါဒ စံသတ်မှတ်ရေး နှင့်သက်ဆိုင်သော လူဇင်ဘတ်နိုင်ငံ၊ ရှန်ဂန်သဘောတူညီချက် (Schengen arrangements) ၌ လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ ယူကရိန်းသည် အခြားအဖွဲ့ဝင် ဥရောပ နိုင်ငံ ၂၅ နိုင်ငံသို့ ကူးသန်းသွားလာခွင့်ရှိသည်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ ခန့်မှန်းချက်အရ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ယူကရိန်း ပြည်သူ ၇.၅ သန်းခန့်မှာ ပြည်တွင်းပြောင်းရွှေ့မှု ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၁၂ သန်းခန့်မှာ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြကြောင်း ထုတ်ပြန်ခဲ့သည်။ စစ်ပွဲကြောင့် နိုင်ငံစွန့်ခွာရသော အရေအတွက်မှာ လေးသန်းကျော်အထိ ရောက်ရှိမည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကခန့်မှန်းခဲ့သည်။