စိန်ရတုစစ်အေးကာလနှင့် ယူရမည့်သင်ခန်းစာများ

စိန်ရတုစစ်အေးကာလနှင့် ယူရမည့်သင်ခန်းစာများ
Published 15 March 2022
မိုးဧအောင်

လွန်ခဲ့သော ၇၅ နှစ် စစ်အေးကာလ၏အရုဏ်ဦး၌ အမေရိကန်နိုင်ငံခြားရေးမူဝါဒ တွေးခေါ်ရှင်များသည် ဆိုဗီယက်၏ကျယ်ပြန့်လာသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရန် တုံ့ပြန်တိုက်စစ်ဆင်ရေးအစုသုံးစုကို ခွဲခြားခဲ့သည်။

လက်ဝဲဘက်တွင် ၁၉၄၈ ခုနှစ် အမေရိကန်ပြည်ထောင်စုရွေးကောက်ပွဲဝင် Progressive Party ကိုယ်စားပြု ဟင်နရီဝေါလေ့စ်ကို ဦးဆောင်စေပြီး ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်စတာလင်၏ အနောက်ဘက်ဒေသ တရားဝင်လုံခြုံရေးအတွက် သောကပွားစေရန် တတ်နိုင်သမျှ ငြင်းခုံမှုများ စဉ်ဆက်မပြတ် လုပ်ဆောင်ရေးဖြစ်သည်။

လက်ယာဘက်တွင်မူ ဒဿနပညာရှင်နှင့် စကားပရိယာယ်ကျွမ်းကျင်သူ (၁၉၄၇ Struggle for the World စာအုပ်ရေးသားသူ) ဂျိမ်းစ်ဘန်ဟမ်အပါအဝင်အဖွဲ့က စတာလင်၏ ကမ္ဘာလုံးဆိုင်ရာ တော်လှန်ရေးတိမ်းညွတ်မှုသည် အကျိုးထက် အပြစ်များပြားသော တတိယကမ္ဘာစစ်ဆီ ဦးတည်သွားနိုင်ကြောင်း ကျိုးကြောင်းဖော်ပြလျက် ထိုလုပ်ရပ်ကို ရပ်တန့်ရန် အမိအရတိုက်တွန်းနေစေရေးဖြစ်သည်။

အလယ်ဗဟိုတည့်တည့်တွင်မူ အမေရိကန်သမ္မတ ထရူးမင်းအပါအဝင် နိုင်ငံပြုပုဂ္ဂိုလ်များပါဝင်သောအစုက ဆိုဗီယက်ယူနီယံကို အန္တရာယ်ရှိကာ ရန်ပြုနိုင်သော ပါ၀ါအဖြစ် ရှုမြင်ပြီး သူ၏ သြဇာလွှမ်းမိုးချဲ့ထွင်မှု မပြုနိုင်ရန် “ကန့်သတ်ဟန့်တားထိန်းချုပ်မှု” ပြုသွားရန် စီစဉ်ခဲ့ကြ၏။ အဆိုပါအတွေးအခေါ်မှာ အမေရိကန်သံတမန် ဂျော့ကီနန်၏ အကြံပေးချက်မှ မြစ်ဖျားခံခဲ့ပြီး စတာလင်အုပ်စိုးမှု ပျော့ပျောင်းလာချိန် သို့မဟုတ် နိဂုံးချုပ်ကွယ်ပျောက်သွားချိန်အထိ ထိုသို့ဝိုင်းပတ်ထိန်းချုပ်ရေးမူကို ကျင့်သုံးသွားရန်ဖြစ်သည်။

ယနေ့ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ယူကရိန်းအပေါ် ကျူးကျော်မှုနှင့် ထရူးမင်း တည်ထောင်ခဲ့သော နိုင်ငံတကာအစီအစဉ်ကို အဆုံးသတ်သို့ “အရောက်ပို့နေပုံ” များက စစ်အေးကာလအတွင်း ကျင့်သုံးခဲ့သော ဤတိမ်းညွတ်ချက်များထံ ပြန်သွားရန် လမ်းစဖော်လာသည်။ ဆောင်းပါးရှင် ပီတာဘိုင်နာ့ကတော့ အမေရိကန်ပြည်ထောင်စုအနေနှင့် လစ်ဘရယ်စံနှုန်းများကို “ဘုရားတစ်ဆူ ဂူတစ်လုံး” လို ကိုးကွယ်နေလင့်ကစား ပူတင်သည် သူ့အိမ်နီးချင်း ယူကရိန်းအပေါ် သူပိုင်ဆိုင်ရာ ဒိုမီနီယံတစ်ခုသဖွယ် အခိုင်အမာသဘောထားကာ ပြောဆိုလျက်ရှိကြောင်း ရေးသားထားသည်။ တစ်ဖက်တွင် ရုရှားက သူ့နယ်မြေဟုဆိုကာ ပြန်လည်ရရှိရန် အသည်းအသန်ကြိုးစားနေသော ယူကရိန်း၌ အမေရိကန်တပ်များချထားရန် နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ ကိုရီရှိတ်၏တိုက်တွန်းချက်ကို သမ္မတ ဂျိုးဘိုင်ဒင်မှာ စိတ်မပါလက်မပါသာ တုံ့ပြန်ခဲ့ပါသည်။

များစွာသော နည်းလမ်းများ၌ ထရူးမင်းနှင့် ဆင်တူပြီးသား ဘိုင်ဒင်အနေဖြင့်  ထရူးမင်း၏ စစ်အေးတိုက်ပွဲအခန်းကဏ္ဍကို ပြန်လည်ကောက်နုတ်ဖော်ဆောင်နေပုံရသည်။ သို့သော် လက်ရှိအကျပ်အတည်း၌ ထိန်းချုပ်ကန့်သတ်ရေးနည်းလမ်း တစ်စုံတစ်ရာရှိသည်ဆိုပါလျှင် ယင်းကား အဘယ်နည်းဆိုသည်မှာ ရှင်းလင်းပြတ်သားမှု မရှိပါ။

လက်ရှိပေါ်ပေါက်နေသော နေရာချထားမှုများနှင့် အမြစ်ဖြတ်ချေမှုန်းရန် အဆင်အကွက်များမှာ လွန်ခဲ့သော ဒုတိယကမ္ဘာစစ်ကာလဝန်းကျင် သွားလေသူတို့ လျှောက်ခဲ့သောလမ်းအတိုင်းဟု ဆိုရပေမည်။ အခြေခံအားဖြင့် ကမ္ဘာ့အမြင်ကို လက်မခံသော ပူတင်အတွက် အမေရိကန်ပြည်ထောင်စုအနေနှင့် အလျှော့ပေးနိုင်မည် မဟုတ်သကဲ့သို့ ပူတင့်ဘက်ကလည်း သူ၏နယ်စပ်နိုင်ငံကို အခြားသောအင်အားကြီးနိုင်ငံများကဲ့သို့ အချုပ်အခြာအာဏာအား စိတ်ကြိုက်သုံးစွဲခွင့်မပေးနိုင်ဘဲ အကန့်အသတ်နှင့် ထိန်းချုပ်လိုသည်။ ထို့ကြောင့် “စည်းမျဉ်းအခြေပြု ကမ္ဘာ့အစီအစဉ်” ဟူသည် အလင်္ကာမြောက်သော စကားတန်ဆာတစ်ခုသာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသည် ဗဟိုအမေရိကကို စောင့်ကြည့်နေသကဲ့သို့ ရုရှားကလည်း ဂျော်ဂျီယာနှင့် ယူကရိန်းအား စောင့်ကြည့်မည်ဆိုလျှင် ပူတင်၏တောင်းဆိုချက်အပေါ် လိုက်လျောလက်ခံရန်သာရှိပါသည်။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းတွင် တပ်ဖွဲ့အချို့ မြေစမ်းခရမ်းပျိုးသည့်အနေနှင့်ချထားကာ ပူတင်၏ ကျယ်ပြန့်လာမည့် “စစ်ဘောင်” ကို စိန်ခေါ်မည်ဆိုလျှင်လည်း အရှုံးကို ရင်မဆိုင်ရဲပါ။ အမေရိကန်ပြည်ထောင်စုအနေနှင့် ပူတင်၏ရိုးရှင်းသော သို့မဟုတ် နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသော ခံယူချက်ဖြစ်သည့် ရုရှားကို ဥရောပ၏ ခြံစည်းရိုးအပြင်ထုတ်ရန် အကြောင်းရှာနေခြင်းအား ပူတင် လက်မခံနိုင်သောအချက်ကို သံသယကင်းစွာ လက်ခံရပါမည်။

ထိုအချက်ကို သဘောပေါက်ပါက ပူတင်သည် ကိုယ်နိုင်၊ သူရှုံး ကစားဝံ့သော အန္တရာယ်ကြီးသူတစ်ယောက်ဖြစ်မှန်း အမေရိကန်တို့ လက်ခံရပါမည်။ အမှန်တကယ်တော့ ရုရှားကို သူ၏နေရာမှန် ပြန်ရောက်အောင်လုပ်ခြင်းသည် သူ့အနေနှင့် အမှားအယွင်းရှိခဲ့သည့်တိုင် ယုံကြည်ရာလမ်းကို ဖြောင့်ဖြောင့်လျှောက်ခြင်းဟု ပူတင် ယုံကြည်၏။ ပူတင်ကဲ့သို့ ဟန်မဆောင်၊ မလိမ်ညာသောသူအဖို့ အနောက်အုပ်စု၏ အခြိမ်းအခြောက်၊ အဟန့်အတားများသည် အလုပ်မဖြစ်ပါ။ အကယ်၍ ယူကရိန်းနယ်စပ်ကို ဖြတ်သန်းကာ တင့်ကားများပို့ရန် သူဆုံးဖြတ်ပြီဆိုလျှင် အချို့တပ်များကို မိခင်တပ်ရင်းသို့ ပြန်ပို့ကြောင်း သတင်းမျိုးဖြင့် အချက်ပြပါလိမ့်မည်။ ထိုသို့သောသတင်းပေါ်ထွက်လာပြီဆိုသည်နှင့် ရုရှားသည် ယူကရိန်း၏ အခြေခံအဆောက်အအုံများကို ဖျက်ဆီး၍ ဒွန်ဘတ်စ်တွင် စစ်ပွဲအသစ် ပြန်လည်စတင်ရန် အသင့်ရှိပြီဟု ကောက်ယူတတ်ဖို့ လိုပါသည်။

ယခုအခြေအနေကို စစ်အေးတိုက်ပွဲ နိဒါန်းပျိုးချိန်နှင့် တူညီနေကြောင်း အတင်းအကျပ် “ဆွဲစေ့” ပြနေခြင်းမဟုတ်ပါ။ ထိုအချိန်ကလည်း အနောက်အုပ်စု၏ သြဇာနယ်ပယ်အတွင်း၌ပင် အရေးနိမ့်ကျဆုံးမှုများ လက်ခံခဲ့ကြရသည်။ ထရူးမင်းသည် ၁၉၄၈ ခုတွင် ချက်ကိုစလိုဗက်ကီးယား၌ ဆိုဗီယက်တို့ အာဏာသိမ်းခြင်းကို လက်ခံခဲ့ရ၏။

ထို့နောက် သမ္မတ ဒွိုက်အိုက်ဆင်ဟောင်ဝါသည် ၁၉၅၆ ခုနှစ်၌ ဟန်ဂေရီအရေးကို ကြုံခဲ့ရ၏။ နှိုင်းယှဉ်ချက်အားဖြင့် ယူကရိန်းသည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်သော်ငြား ဤလွတ်လပ်ရေးကို ပူတင်က လက်မခံပါ။ စစ်အေးခေတ်အစ၌ သမ္မတ ထရူးမင်း၊ နိုင်ငံခြားရေးဝန်ကြီး အာချီဆန်နှင့် ဂျော့မာရှယ်တို့ ရုရှား၏ကျူးကျော်မှုကို လက်ခံခဲ့ရပုံအား ပြန်လည်မြင်ယောင်နိုင်ပါသည်။

ထိုသို့သော စစ်အေးခေတ်သင်ခန်းစာကို ပစ္စုပ္ပန်ကာလ၌ မည်သို့ အသုံးချမည်နည်း။

ပထမဆုံး ယူကရိန်းသည် ဂျော်ဂျီယာနှင့် ယခင်ဆိုဗီယက်ယူနီယံအတွင်းမှ တိုင်းပြည်အချို့ကဲ့သို့ပင် မိမိအချုပ်အခြာအာဏာကို ထိန်းသိမ်းရာ၌ အိမ်နီးချင်း အင်အားကြီးနိုင်ငံ၏ မူဝါဒကို မထိပါးခြင်း (Finlandize) လမ်းကြောင်းပေါ် တက်ရပါမည်။ ထိုကိစ္စအတွက် ပြင်သစ်သမ္မတ မက်ခရွန်က အကျိုးဆောင်နိုင်ဖွယ်ရှိသည်။ ထိုသို့မလိုက်နာလိုသော တိုင်းပြည်အတွက် ကြားနေရေးဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးနိုင်မှသာ အန္တရာယ်ပြုလိုသော ရန်သူအဖို့ ကိုင်ရတွယ်ရခက်သည့် အခြေအနေမျိုး ဖြစ်သွားမည်။ ဒေသတွင်းနိုင်ငံများစုပေါင်းကာ ထိုသို့သော ဘုံအဖြေကို ထုတ်နိုင်ခဲ့လျှင် “ဘက်မလိုက်” အခြေအနေတစ်ရပ် ဖြစ်ထွန်းပေါ်ပေါက်ကာ တိုင်းပြည်လုံခြုံရေးအတွက် စိတ်အေးသွားရပါလိမ့်မည်။ ယူကရိန်းအာဏာပိုင်တို့အနေနှင့် ဇာတ်ရည်လည်သည့်အခါ ဤအဖြေကို တွေ့နိုင်ကောင်းပါ၏။

ယူကရိန်းဘက်က ထိုသို့ဖြစ်ခဲ့လျှင် ပူတင့်ဘက်က ကျေနပ်မှုရှိ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါ။ အနောက်အုပ်စုသည် သူတောင်းဆိုထားသော ပြန်လည်ပြင်ဆင် အဆိုပြုချက်များကို ကောင်းကောင်းသဘော မပေါက်ပါ။ ၂၀၂၁ ခု၊ ဒီဇင်ဘာအတွင်း ရုရှား အဆိုပြုခဲ့သော တောင်းဆိုချက်များကို သံခင်းတမန်ခင်းအရ အလယ်အလတ်ကျကျ၊ အပေးအယူညှိနှိုင်းသွားရန် လိုအပ်သည်။ ဥပမာအားဖြင့် NATO သည် တာလတ်ပစ် ဒုံးကျည်များကို ဥရောပမှ ရုတ်သိမ်းသကဲ့သို့ ရုရှားကိုလည်း အလားတူဆောင်ရွက်စေခြင်းမျိုးဖြစ်သည်။ တစ်ဖန် အရှေ့ဥရောပမှ NATO တပ်ဖွဲ့အင်အားလျှော့ချခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းကို ပူတင်၏တပ်များ ခရိုင်းမီးယား၌ နေရာချထားမှုနှင့် အလဲအလှယ်လုပ်ခြင်းမျိုးဖြစ်သည်။ ယူကရိန်းကို NATO က အဖွဲ့ဝင်အဖြစ် လက်ခံခြင်းမပြုရန် ပူတင်၏တောင်းဆိုချက်ကို တရားဝင်မဟုတ်သော တုံ့ပြန်ချက်တစ်မျိုးမျိုးဖြင့် ဝင်ရောက်ခွင့်ပြုချိန် နှစ်ကာလအချို့ရွှေ့ဆိုင်းကာ နောက်ဆုတ်ပုံမျိုး စဉ်းစားနိုင်သည်။ ကျူးဘားဒုံးပျံအရေးအခင်း၌ အမေရိကန်တို့၏ဒုံးကျည်များ တူရကီမှ ဖယ်ရှားပေးမည်ဟူသော စာနှင့်ပေနှင့် မှတ်တမ်းမဝင်သော သဘောတူညီချက်က မိုးမီးလောင်မည့်အခြေအနေကို တစ်မဟုတ်ချင်း လျှော့ချနိုင်ခဲ့ပါသည်။

ယခုလည်း သက်ဆိုင်ရာအဖွဲ့များအနေနှင့် ထိုနည်းလမ်းကို အသုံးချကြည့်နိုင်သည်။ စစ်အေးခေတ်က အောင်မြင်သည့် သမ္မတများဖြစ်ကြသော အိုက်ဆင်ဟောင်ဝါနှင့် ရေဂင်တို့သည် တင်းကျပ်သော ဝေါဟာရစကားလုံးများကို အလျှော့အတင်းပြုနိုင်မည့်နည်းဗျူများဖြင့် တွဲဖက်အသုံးချသကဲ့သို့ ဘိုင်ဒင်အနေနှင့်လည်း ဤဖော်နည်းကားအတိုင်း သုံးစွဲနိုင်သည်။ ပူတင်သည် အမေရိကနှင့် တစ်စားပွဲတည်းထိုင်ကာ အပေးအယူလုပ်မည်လော၊ စားပွဲဝိုင်းကို ကျောခိုင်းမည်လော။ တစ်ဖန်ရုရှားနှင့် တရုတ်တို့သည် ဒီမိုကရေစီအပေါ် အပြစ်ဖို့ပုံ၊ ရောင်စုံတော်လှန်ရေးများကို မုန်းတီးပုံကို သူတို့ပူးတွဲထုတ်ပြန်ချက်မှတစ်ဆင့် အသိပေးထားပြီးဖြစ်သဖြင့် ဂျော်ဂျီယာနှင့် ယူကရိန်း၌ သူတို့အလိုကျ အစိုးရပေါ်ထွန်းလာသည်အထိ “တွန်း” သွားနိုင်ပါသည်။ ဤသို့သာ အမှန်ဖြစ်ခဲ့လျှင် အရှေ့နှင့် အနောက်ကြား ရင်ကြားစေ့ရေးမှာ ဝေးသထက်ဝေးဖို့သာ ရှိပါ၏။

ဘိုင်ဒင်အနေနှင့် လက်ခံနိုင်မည့်အခြေအနေများ၊ မျှော်လင့်ချက်များကို ဖြည့်စွမ်းနိုင်ရန် လက်တွေ့ကျသော စွန့်စားမှုအချို့ ပြုလုပ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် သူ၏ဥရောပမဟာမိတ်များမှာပေါ်ထွက်လာမည့် အကျိုးဆက်များစွာကို အမေရိကန်ကဲ့သို့ အဝေးကမဟုတ်ဘဲ ထိပ်တိုက်ရင်ဆိုင်ရမည့်သူများ ဖြစ်ပါသည်။ တစ်ဖန်ပူတင်အနေနှင့်လည်း မိမိ၏ခမ်နားကြီးကျယ်သော အိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ပေးဆပ်ရမည့်တန်ဖိုးအလွန်ကြီးမားကြောင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါသည်။ လစ်ဘရယ် အစီအစဉ်သည် “သုမနကျောမှာ ဒဏ်ရာရ” နေသည့်တိုင် အကာအကွယ်ပြုနိုင်စွမ်းတော့ ကျန်နေပါသေးသည်။

Most Read

Most Recent