မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ငါးလနီးပါးအတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှု ဒေါ်လာ ၁၈ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ နှစ်သန်းကျော်လျော့ကျ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ငါးလနီးပါးအတွင်း စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှု ဒေါ်လာ ၁၈ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ နှစ်သန်းကျော်လျော့ကျ
စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကို တွေ့ရစဉ်(ဓာတ်ပုံ-RSCCI)
စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးဆိပ်ကမ်းကို တွေ့ရစဉ်(ဓာတ်ပုံ-RSCCI)
Published 7 March 2022

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ငါးလနီးပါးအတွင်း စစ်တွေ၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုမှ ကုန်သွယ်မှုဒေါ်လာ ၁၈ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ နှစ်သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ငါးလနီးပါးအတွင်း စစ်တွေနယ်စပ်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉  ဒသမ ၃၀၉ သန်း၊ သွင်းကုန်ဒေါ်လာ ၀  ဒသမ ၀၂၈  သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၉ ဒသမ ၃၃၇ သန်းရရှိခဲ့သည်။ မောင်တောနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၆၁၃ သန်း၊ သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၅၂ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၈ ဒသမ ၆၆၅ သန်းရရှိခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်လည်ပတ်လျက်ရှိရာ သွင်းကုန်များ အလွန်နည်းပါးခဲ့ပြီး ပို့ကုန်အသာစီးရ တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။

မြန်မာဘက်မှပို့ကုန်များအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ မှ စတင်တင်ပို့ခဲ့ပြီး  ဒီဇင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှုစာရင်းများအရ စစ်တွေနှင့် မောင်တောစခန်းနှစ်ခုမှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းနှင့် သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်းကုန်သွယ်မှု ပြုလုပ်ခဲ့သည်။

တင်ပို့ကုန်များထဲတွင် ရေထွက်ကုန်တန်ဖိုးဒေါ်လာ ၅ ဒသမ ၀၀၁ သန်းတင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါး(ငါးမြစ်ချင်း) အများဆုံးတင်ပို့ခဲ့ပြီး ရခိုင်ဒေသထွက် ငါးမုတ်မဲ၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်နှင့် ငါးစုံက လေးခြောက်တို့ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှုပြန်လည်စတင်သည့် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၃ ရက်အထိ နှစ်ပတ်အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၆ သန်းရှိကာ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၅ သန်းကျော်ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရွှေမင်းဂံဆိပ်ကမ်းမှ နှစ်ပတ်အတွင်း ကုန်သွယ်မှုတန်ဖိုး ၁၃၅၆၇၆၁ ဒေါ်လာ (၁ ဒသမ ၃၆ သန်း)ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ၁၃၅၃၂၆၁ ဒေါ်လာ (၁ ဒသမ ၃၅ သန်းကျော်)နှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၃၅၀၀ ရှိခဲ့သည်။

တင်ပို့ကုန်ပစ္စည်းအများစုမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ချင်းစိမ်း၊ ဆီးယိုမျိုးစုံ၊ မန်ကျည်းသီး၊ မန်ကျည်းစေ့တို့ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်  စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာမှ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်သည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် သိရှိလိုသည့် သတင်းအချက်အလက်များကို အသင်းရုံးသို့  စုံစမ်းမေးမြန်းနိုင်ပြီး သတ်မှတ်ထားသည့် COVID-19 စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းစည်းကမ်းချက်များအနေဖြင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းထဲသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်မှ ကုန်ချပြီး ပြန်လည်ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ်ကမ်းချောင်းရှိ သတ်မှတ်ထားသောနေရာ (ရေလယ်)တွင် ကျောက်ချရပ်နားပြီး Quarantine ၁၀ ရက် ခံယူရမည်ဖြစ်ကြောင်း၊ ရေယာဉ်မထွက်ခွာမီနှင့် ရေယာဉ်ရောက်ရှိချိန်တွင် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပြီး ရေယာဉ်ဝင်/ထွက်မှုအတွက် ခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ သတ်မှတ်နေရာတွင် ကုန်တင်ချမှုမပြုလုပ်ခြင်းနှင့် စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းအတွက် ရေယာဉ်ပြေးဆွဲခွင့်နှင့် ကုမ္ပဏီ၏ကုန်သွယ်မှု ဆောင်ရွက်ခွင့်များကို ရုပ်သိမ်းအရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်၊ ကျောက်ဖြူစသော ရခိုင်ပြည်တွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ ကုန်တင်ဆောင်လာသောရေ ယာဉ်များသည် စစ်တွေရွှေမင်းဂံဆိပ်ကမ်း၌ OSS ကုန်ပစ္စည်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent