ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဝယ်ယူမှုအားနည်းခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မပြီးပြတ်ဘဲ ကျန်ရှိနေသည့်အလုပ်များ စံချိန်တင်မြင့်တက်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ

ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဝယ်ယူမှုအားနည်းခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မပြီးပြတ်ဘဲ ကျန်ရှိနေသည့်အလုပ်များ စံချိန်တင်မြင့်တက်ခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်နေရာကိုတွေ့ရစဉ်
Published 1 March 2022

ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် ဝယ်ယူမှုအားနည်းခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် မပြီးပြတ်ဘဲ ကျန်ရှိနေခဲ့သည့်အလုပ်များ စစ်တမ်း၏ ခြောက်နှစ်တာသမိုင်း၌ စံချိန်တင်မြင့်တက်ခဲ့ကြောင်း မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Managers’ Index) စစ်တမ်းတွင် ဖော်ပြထားသည်။

ဝယ်ယူမှုအားနည်းမှုက လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ပေါင်းမိခြင်းကြောင့် မပြီးပြတ်ဘဲ ကျန်ရစ်ခဲ့သည့် အလုပ်များမှာစစ်တမ်း၏ ခြောက်နှစ်ကြာသမိုင်းတွင် အများဆုံးနှုန်းဖြင့် မြင့်တက်လာစေခဲ့သည်။ လက်ကျန်အလုပ်များ သမိုင်းဝင်စံချိန်တင်နှုန်းဖြင့် မြင့်တက်လာခဲ့သည်မှာ သုံးလဆက်တိုက်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းအမှတ် ၄၇ ဒသမ ၃ သာရှိခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလ၏ ၄၈ ဒသမ ၅ ထက်နိမ့်ကျခဲ့ခြင်းဖြစ်သည်။ ၁၈ လဆက်တိုက် အပြောင်းအလဲမရှိ PMI အညွှန်းကိန်းအမှတ် ၅၀ အောက်သို့ကျဆင်းခဲ့ခြင်းဖြစ်သည်။

“ဖေဖော်ဝါရီလ အချက်အလက်များက အကျဘက်တွင် ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံက ကုမ္ပဏီများအတွက် တွေ့မြင်နေကျ ကားချပ်ပုံကို ဖော်ပြနေတယ်။ ထုတ်လုပ်မှု၊ အော်ဒါအသစ်များနှင့် ဝယ်ယူရေးလုပ်ငန်းများ ပိုလျင်မြန်စွာ ကျဆင်းလာချိန်တွင် လက်ကျန်အလုပ်များမှာ စစ်တမ်းတွင် စံချိန်တင်အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့တယ်။  စီးပွားရေးလုပ်ငန်းများအပေါ်သို့ ဖိစီးနေကြတဲ့ အချက်များအဖြစ် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဓာတ်အားပြတ်တောက်မှုများ၊ ကူးစက်မြန်ကပ်ဘေးနှင့် ကုန်ကြမ်းများရှားပါးမှုကို ထပ်ပြီးအစီရင်ခံညွှန်ပြခဲ့ကြပြန်တယ်” ဟု IHS Maekit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

၂၀၂၂ ခုနှစ် နှစ်အစတွင် မြန်မာနိုင်ငံကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်မှုအခြေအနေများ ပိုမြန်ဆန်စွာ ဆုတ်ယုတ်လာခဲ့ပြီး ၁၇ လ ဆက်တိုက် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ထုတ်စစ်တမ်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအတွင်း မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှုသည် အာရှနိုင်ငံများအနက် စီးပွားရေးအထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ကျန်ရှိနေဆဲဖြစ်ခဲ့ကြောင်း ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် ထုတ်ပြန်ထားသည့် စစ်တမ်းများအရ သိရသည်။

ထို့အပြင် အဆိုပါကာလအတွင်း အလုပ်ခန့်အပ်မှုပမာဏများ တစ်ဖန်ပြန်လည်ကျဆင်းခဲ့ပြီး အလုပ်နေရာများ ဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထုတ်လုပ်ရေးတောင်းဆိုမှုများ နိမ့်ကျလာပြီး အလုပ်သမားများ ၎င်းတို့၏နေရပ်များသို့ ပြန်သွားကြကြောင်း အစီရင်ခံမှုများရှိသော်လည်း ဖြေကြားသူအများစုက အလုပ်သမားများသည် လစာပိုကောင်းသည့် နေရာများကို ရှာဖွေရန် မိမိတို့ဆန္ဒအလျောက် အလုပ်မှထွက်နေကြခြင်းကို  ထောက်ပြခဲ့ကြသည်။

ကုမ္ပဏီများအနေဖြင့် အထူးသဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများရှိနေသောကြောင့် လက်ကျန်အလုပ်များ တဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက် တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် IHS Maekit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။

Purchasing Manager’ Indes (PMI) အညွှန်းအကိန်းများတွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

 

 

 

Most Read

Most Recent