မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံသည် OIC ၏ တာဝန်ပေးချက်အရ ကိုယ်စားတရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေ ပြောကြား

မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံသည် OIC ၏ တာဝန်ပေးချက်အရ ကိုယ်စားတရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေ ပြောကြား
Published 22 February 2022

မြန်မာနိုင်ငံကို ICJ ၌ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံသည် OIC ကိုယ်စား တရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း  မြန်မာနိုင်ငံကိုယ်စားပြုရှေ့နေ Dr.Christopher Staker က ပြောကြားကြောင်း ဖေဖော်ဝါ ရီ ၂၂ ရက်ညပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကတင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့်ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၂၁ ရက်က ပြုလုပ်ခဲ့သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများကလည်း တင်သွင်းချက်များ တင်သွင်းကြောင်း သိရသည်။

ထိုသို့ တင်သွင်းရာတွင် မြန်မာနိုင်ငံကိုယ်စားပြုနိုင်ငံတကာရှေ့နေဖြစ်သော Dr. Christopher Staker က ဂမ်ဘီယာနိုင်ငံသည် OIC ၏တာဝန်ပေးချက်အရ OIC ကိုယ်စားတရား စွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း၊ OIC သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့်မရှိသဖြင့် ကန့်ကွက်ကြောင်း လျှောက်လဲချက်ကိုလည်းကောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အာတီကယ် (၉) အရ တရားရုံးသို့ အမှုတင်သွင်းရန် အဖွဲ့ဝင်နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံးဝမရှိကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တရားရုံးသို့ တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး ရှေ့နေတစ်ဦးဖြစ်သူ Professor Stefan Talmon က ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံမဟုတ်၍ တရားစွဲခွင့် မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ်ထိခိုက်မှုမရှိပါက တရားစွဲခွင့် ပေးမထားကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တင်သွင်းခဲ့ကြောင်း သိရသည်။

အလားတူရှေ့နေတစ်ဦးဖြစ်သူ Professor Robert Kolb က မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ်၏ အာတီကယ် (၈) ကို ခြွင်းချက်ပြုလုပ်ထား၍ မည်သည့်စာချုပ်ဝင်နိုင်ငံကမဆို ကုလသမဂ္ဂ၏အဖွဲ့အစည်းများ (အပြည်ပြည်ဆိုင်ရာတရားရုံးအပါအဝင်) သို့ စာချုပ်ဝင်နိုင်ငံတစ်နိုင်ငံအား အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုကို လိုက်နာရန် မလိုကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တင်သွင်းခဲ့ကြောင်း သိရသည်။

ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်မည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲမှုများအပေါ် တန်ပြန်လျှောက်လဲမှုကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent