လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များအား ရှင်းလင်းပြောကြား

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးက ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များအား ရှင်းလင်းပြောကြား
Published 10 February 2022

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၈ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များအား ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာပုံ၊ နိုင်ငံတော်တစ်ဝှမ်းအရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းနှင့်အတူ ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာသုံးရပ်ကို လွှဲပြောင်းပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများအား စိစစ်ခဲ့ရခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်ငါးရပ်ချမှတ်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအရေးပေါ် ကာလပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားရန်ကိစ္စ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဗဟိုမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်အထိ အုပ်ချုပ်မှုအဆင့်ဆင့်တွင် တိုင်းရင်းသားကိုယ်စားပြုသူများ၊ နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များနှင့် တပ်မတော်မှကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်ဘက်အုပ်ချုပ်ရေးမဟုတ်သည်ကို ထင်ရှားစေကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) တွင် ပြဋ္ဌာန်းထားသည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ပခရီးစဉ်များ သွားရောက်ခဲ့မှုနှင့် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ၏ တူညီဆန္ဒငါးချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်နေမှုများကို  ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာအစိုးရသည် ပြည်သူများ၏ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိဟူသောခံယူချက်ဖြင့် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံအပါအဝင် ချစ်ကြည်ရင်းနှီးသော နိုင်ငံများမှ ကိုဗစ်ကာကွယ်ဆေးများရရှိရေးဆောင်ရွက်နေမှုနှင့် ကိုဗစ်ကပ်ရောဂါကာလအတွင်း နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၉၇၀၀၀ ကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း တိုက်ခိုက်မှုများကြောင့် ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ ထိခိုက်သေဆုံးခဲ့ရမှု၊ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းနှင့် တံတားများ၊ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့မှု၊ ထိုသို့ကျူးလွန်သူများကို စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ လက်နက်ခဲယမ်းဖမ်းဆီးရရှိခဲ့မှုများနှင့် ယင်းလုပ်ရပ်များကို UNCTED၊ ACCT၊ ASEANAPOL နှင့် INTERPOL တို့က ရှုတ်ချရန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ၎င်းတို့၏ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ၎င်းက တိုက်တွန်းသည်။

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားလုပ်ငန်းစဉ်ဖြစ်သည့် နိုင်ငံတော်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ် တို့ကို ထိရောက်စွာ အသုံးချရေး၊ ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ကိုဗစ်ကပ်ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ် တိုက်ဖျက်သွားရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပါတီစုံဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်သွားရန်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့အပေါ်အခြေခံ၍ ရှိရင်းစွဲ ချစ်ကြည်ရင်း နှီးသောဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း၍ နှစ်ဘက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ 

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးမှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပေါ် စုံစမ်းစစ်ဆေးခဲ့ရမှုများမှ တွေ့ရှိခဲ့ရမှုများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ ကျင်းပမည့် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်ကလည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုကိစ္စရပ်များနှင့် အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အရင်းခံအကြောင်းရင်းများနှင့် အခြေအနေမှန်များကို ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်များကို ရယူခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်အောင်ဌေးမြင့်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုများ၊ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံ၏ အကြမ်းဖက်အဖွဲ့ သို့မဟုတ် အကြမ်းဖက်သမားတို့အား နိုင်ငံတစ်နိုင်ငံက လက်ခံခြင်း၊ ထောက်ပံ့ကူညီခြင်း စသည့်လုပ်ရပ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၁၇၆၊ ၂၃၆၈ နှင့် ၂၀၅၀ တို့အရ ပြစ်မှုမြောက်ကြောင်း ရှင်းလင်းပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က အိုမီခရွန်မျိုးကွဲအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအတွက် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံသစ်များနှင့် ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားသည်။

အဆိုပါရှင်းလင်းပြောကြားမှုအစီအစဉ်သို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ရှိ သံရုံးများ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။

Most Read

Most Recent