၂၀၂၂ ခုနှစ် နှစ်အစတွင် မြန်မာနိုင်ငံကုန်ထုတ်လုပ်ရေးကဏ္ဍ၌ လုပ်ကိုင်မှုအခြေအနေများ ပိုမြန်ဆန်စွာဆုတ်ယုတ်လာပြီး ၁၇ လဆက်တိုက် ထုတ်လုပ်မှုကျဆင်းခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ

၂၀၂၂ ခုနှစ် နှစ်အစတွင် မြန်မာနိုင်ငံကုန်ထုတ်လုပ်ရေးကဏ္ဍ၌ လုပ်ကိုင်မှုအခြေအနေများ ပိုမြန်ဆန်စွာဆုတ်ယုတ်လာပြီး ၁၇ လဆက်တိုက် ထုတ်လုပ်မှုကျဆင်းခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြ
စက်ရုံလုပ်ငန်းများ လည်ပတ်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
စက်ရုံလုပ်ငန်းများ လည်ပတ်ရာ ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကိုတွေ့ရစဉ်
Published 3 February 2022

၂၀၂၂ ခုနှစ် နှစ်အစတွင် မြန်မာနိုင်ငံကုန်ထုတ်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်မှုအခြေအနေများ ပိုမြန်ဆန်စွာ ဆုတ်ယုတ်လာခဲ့ပြီး ၁၇ လ ဆက်တိုက်ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Managers Index) စစ်တမ်းတွင် ဖော်ပြထားသည်။

“၂၀၂၂ ခုနှစ်၏ အဖွင့်လက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍအတွင်းရှိ ရုန်းကန်ရမှုများနှင့် PMI မှာ ၁၇ လဆက်တိုက် ကျဆင်းမှုနယ်ပယ်ထဲတွင်ရှိနေခြင်းကို ဆက်ညွှန်ပြလိုက်တယ်။ နိုင်ငံရေးမတည်မှုက ထုတ်လုပ်မှုနှင့် ပြည်တွင်းဝယ်လိုအားကို ထပ်မံပြီးခြိမ်းခြောက်နေကာ လျှပ်စစ်မီးပြတ်တောက်မှုများနှင့် ကုန်ကြမ်းပစ္စည်းရှားပါးမှုများကြောင့် လက်ကျန်အလုပ်များ စံချိန်တင်စုစည်းလာစေခဲ့တယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် အဓိကအကျဆုံးကုန်ထုတ်လုပ်မှု PMIအညွှန်းကိန်းမှာ အမှတ် ၄၈ ဒသမ ၅ မှာ မှတ်တမ်းတင်ခဲ့ပြီး ပြီးခဲ့သည့်ဒီဇင်ဘာ၏ PMI အညွှန်းကိန်းမှာ ၄၉ ထက်မသိမသာ နိမ့်ကျသွားခဲ့ပြီး ၁၇ လ ဆက်တိုက်အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်မှာရှိနေသေးကြောင်း ဖော်ပြထားသည်။

ထို့အတူ မြန်မာကုန်စည်ထုတ်လုပ်သူတို့ရရှိခဲ့ကြသည့် အော်ဒါအသစ်များပါ ၁၇ လဆက်တိုက် ကျဆင်းလာခဲ့ပြီး သုံးလအတွင်း ကျဆင်းမှုနှုန်း အများဆုံးဖြစ်သည်။

“ကုမ္ပဏီများက ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် ထုတ်လုပ်ရေး အလားအလာကောင်းများကို ယူဆောင်လာမည်ဟု မျှော်လင့်လိုကြသော်လည်း လောလောဆယ်တွင် ငွေသားပြတ်တောက်မှုများ၊ ကုန်ကြမ်းမလုံလောက်မှုနှင့် နိုင်ငံရေးမတည်ငြိမ်မှုကနောက်ကို ပြန်ဆွဲနေလျက်ရှိနေပါတယ်” ဟု စီးပွားရေးပညာရှင် Shreeya Patel က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် နိုဝင်ဘာလထက် မြင့်တက်ခဲ့သော်လည်း အာရှနိုင်ငံများအနက် စီးပွားရေး အထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ကျန်ရစ်နေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အလုပ်ခန့်အပ်မှုပမာဏများ ပြီးခဲ့သည့်နိုဝင်ဘာတွင် တဖန်ကျလာခဲ့ပြန်ရာ နောက်ဆုံး ၂၂ လအတွင်း ၂၁လတွင် အလုပ်နေရာ ဖြတ်တောက်ခံခဲ့ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ထုတ်လုပ်ရေး တောင်းဆိုမှုများ နိမ့်ကျလာပြီး အလုပ်သမားများ ၎င်းတို့၏ နေရပ်များသို့ ပြန်သွားကြကြောင်း အစီရင်ခံမှုများရှိသော်လည်း ဖြေကြားသူအများစုက အလုပ်သမားများသည် လစာပိုကောင်းသည့် နေရာများကို ရှာဖွေရန် မိမိတို့ဆန္ဒအလျောက် အလုပ်မှထွက်နေကြခြင်းကို  ထောက်ပြခဲ့ကြသည်။

ကုမ္ပဏီများအနေဖြင့် အထူးသဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများရှိနေသောကြောင့် လက်ကျန်အလုပ်များ တဟုန်ထိုး မြင့်တက်လာခဲ့ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် အာရှတိုက်အတွင်း အပြင်းထန်ဆုံး ထိုးနှက်ခံခဲ့ရသည့် စီးပွားရေးများအနက်တစ်ခုအဖြစ် ကျန်ရှိနေသေးကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ထားသည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းများအရ သိရသည်။

Purchasing Managers Index (PMI) အညွှန်းအကိန်းများတွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှုကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

ယခုထုတ်ပြန်ထားသောစစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်းမူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

 

 

 

 

 

Most Read

Most Recent