အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းဝေး ပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ခြောက်လသက်တမ်းတိုးမြှင့်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းဝေး ပြုလုပ်ခဲ့ပြီး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ခြောက်လသက်တမ်းတိုးမြှင့်
Published 31 January 2022

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းဝေး ပြုလုပ်ခဲ့ပြီး နိုင်ငံတဝှမ်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ခြောက်လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇန်နဝါရီ ၃၁ ရက်တွင် ကြေညာချက်အမှတ် ၁ / ၂၀၂၂ ဖြင့် ထုတ်ပြန်ကြေညာသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးအရ နိုင်ငံတစ်ဝှမ်းလုံးအရေးပေါ်အခြေအနေ ကြေညာပြီးနောက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နိုုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို အလေးထား ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ဖြစ်ပေါ်နေသည့် အခြေအနေများကို ခြုံငုံသုံးသပ်မှုများအရ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ၄င်းတို့ကိုအားပေးနေသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်ဆောင်ရွက်နေသည့် အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အချို့တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖျက်ဆီးမှုများ ရှိနေသကဲ့သို့ နိုင်ငံအတွင်း မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ခန့်ထားရန် အခြေအနေများကြောင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိနိုင်ရေးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပေဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၂၉ အရ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရေးတို့အတွက် ဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသဖြင့် နိုင်ငံတဝှမ်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ တင်ပြခဲ့ကြောင်း  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်သည်။

ယင်းကြောင့် အဆိုပါတင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ယာယီသမ္မတအပါအဝင် ပုဒ်မ ၄၅၂ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံတဝှမ်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား ခြောက်လသက်တမ်းတိုးမြှင့်ကြောင်းကို တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်၊ တပ်တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။