၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ  မြန်မာ့စီးပွားရေးသည် တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ

၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ  မြန်မာ့စီးပွားရေးသည် တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ
Published 26 January 2022

၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ တွက်ချက်ထားသည့်ဘဏ္ဍာနှစ်တွင် မြန်မာ့စီးပွားရေးသည် တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည် ဟု ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဍာနှစ်အတွင်း စီးပွားရေးနှုန်းသည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။ ဇန်နဝါရီ ၂၆ ရက်က ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ တွက်ချက်ထားသည့် ဘဏ္ဍာနှစ်တွင် စီးပွားရေးနှုန်းသည် တစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

အချို့သောကဏ္ဍများ၌ တည်ငြိမ်လာမည့် အရိပ်လက္ခဏာများ ပေါ်ပေါက်လာသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနိုင်ငံရေးအပြောင်းအလဲသာ မပေါ်ပေါက်ခဲ့လျှင်ရှိနေမည့် စီးပွားရေးပမာဏထက် ရာခိုင်နှုန်း ၃၉ ပိုမို သေးငယ်သွားနိုင်သည်ဟု ခန့်မှန်းထားချက်သည် အလွန်အမင်းအားနည်းနေသည့် စီးပွားရေးအခြေအနေအား ထင်ဟပ်လျက်ရှိသည်။

ကာလတိုခန့်မှန်းချက်မှာ ကမ္ဘာ့ကပ်ရောဂါအခြေအနေနှင့် ပဋိပက္ခ၏အကျိုးသက်ရောက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် တွေ့ကြုံနေရသည့် အခက်အခဲအနိမ့်အမြင့်အပေါ်တွင်သာမက လျှပ်စစ်မီး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယနည်းပညာအရ ချိတ်ဆက်နိုင်မှုအပါအဝင် အဓိကဝန်ဆောင်မှုများ နှောင့်နှေးပြတ်တောက်မှုတို့အပေါ် မူတည်လိမ့်မည်ဟုလည်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာအနေအထားမှာ ရှိနေပါတယ်။ ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်မှစိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းများအပေါ် နောက်ဆက်တွဲ  သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံနိုင်မှု နည်းပါးသေးတာနဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေရှိနေတာကြောင့် မြန်မာနိုင်ငံဟာ  ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ဒဏ်ကို ခံနိုင်ရည်အင်မတန်နည်းပါလိမ့်မယ်” ဟု  ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန်က ပြောကြားခဲ့သည်။

မကြာသေးခင်က စတင်တွေ့မြင်ရသည့် စီးပွားရေးတည်ငြိမ်လာမှု အရိပ်လက္ခဏာများအနက် ကူးသန်းသွားလာမှုသည် ၂၀၂၁ ခုနှစ် ဇူလိုင်လက ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု မတိုင်ခင်အခြေအနေထက် ရာခိုင်နှုန်း ၇၀ ခန့်ကျဆင်းသွားရာမှ  ၂၀၂၀ ပြည့်နှစ် အခြေပြအဆင့်သို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် လက်လီကုန်သွယ်မှု၊ အပန်းဖြေမှုနှင့် သယ်ယူပို့ဆောင်ရေးဝင်ငွေများသည် ကမ္ဘာ့ကပ်ရောဂါ မဖြစ်ပွားခင်အဆင့်အောက် ရာခိုင်နှုန်း  ၃၀ ခန့်ဆက်လက်နိမ့်ကျနေဆဲဖြစ်သည်။ လတ်တလောကူးသန်းသွားလာမှုဆိုင်ရာ တည်ငြိမ်လာမှုကြောင့် ဝန်ဆောင်မှုကဏ္ဍကို အထောက်အကူဖြစ်နိုင်ခြေရှိသော်လည်း စားသုံးသူဝယ်လိုအားကမူ ဝင်ငွေနှင့်အလုပ်အကိုင် ထိခိုက်ခဲ့မှုကြောင့် ဆက်လက်အားနည်းနေဆဲဖြစ်သည်။ ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ ထုတ်ကုန်နှင့် အလုပ်အကိုင်တို့မှာ တည်ငြိမ်နေဟန်ရှိပြီး ပြီးခဲ့သည့်လများ အတွင်း ပြည်ပပို့ကုန် မြင့်တက်လာခဲ့သည်။

“ညွှန်းကိန်းအများစုက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု သိသိသာသာကျဆင်းသွားပြီး  လျှပ်စစ်ကဏ္ဍအပါအဝင် ယခင်က ဖြစ်ထွန်းနိုင်ခြေရှိတဲ့ စီမံကိန်းများပင်လျှင် ဝယ်လိုအားလျော့ကျသွားတဲ့အတွက် ရပ်တည်ရန်  ခက်ခဲလာတာကို တွေ့ရပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံခြားငွေကြေးနဲ့တွက်ရင် တန်ဖိုးကျဆင်းသွားတဲ့အတွက် ပြည်ပက တင်သွင်းရတဲ့ကုန်ပစ္စည်း ကုန်ကျစရိတ် မြင့်တက်လာပါတယ်။ ဒါ့ပြင်လအတန်ကြာ ပညာသင်ကြားခွင့်ပြတ်တောက်သွားမှုနဲ့အတူ  အလုပ်လက်မဲ့နှုန်း လျင်မြန်စွာ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ်၊ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ် စွမ်းအားတွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းစီးပွားရေးပညာ ကင်မ်အဒ်ဝဒ်က ပြောကြားသည်။