၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်းကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက်  ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ သန်းကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက်  ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့
Published 26 January 2022

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ၄၄၉ သန်းကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၅ သန်းနီးပါးပိုမိုတင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ပြည်ပသို့ ရော်ဘာစိမ်းတင်ပို့မှုမှ ဒေါ်လာ ၄၄၉ ဒသမ  ၁၀၂ သန်းရရှိခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရော်ဘာစိမ်းတင်ပို့မှုမှဒေါ်လာ ၂၆၄ ဒသမ ၄၄၂ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာ စိမ်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၁၈၄ ဒသမ ၆၆၀ သန်းပိုမိုရရှိခဲ့သည်။

ရော်ဘာကို မြန်မာနိုင်ငံတောင်ပိုင်းဒေသများအနက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် ရော်ဘာအများဆုံးစိုက်ပျိုးသည့် ဒေသများဖြစ်သည်။ ကျန်တိုင်းဒေသကြီးများဖြစ်သည့် ရန်ကုန်တိုင်း၊ ပဲခူတိုင်း၊ တနင်္သာရီတိုင်းတို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင် ရော်ဘာတန်ချိန်စုစုပေါင်း နှစ်သိန်းဝန်းကျင်ထွက်ရှိပြီး ရာခိုင်နှုန်း ၉၀ ကျော်ကို ပြည်ပသို့တင်ပို့နေခြင်းဖြစ်သည်။ ကျန်ရှိသည့် ရှစ်ရာခိုင်နှုန်းခန့်ကိုသာ ပြည်တွင်း၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာကို တရုတ်ကို အဓိကတင်ပို့နေခြင်းဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ အန္ဒိယစသည့်နိုင်ငံများသို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်သွေးပိုမိုကောင်းမွန်ရန်အတွက် Supply Chain တစ်လျှောက် ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ့သဘာဝရော်ဘာထုတ်ကုန်များ အရည်အသွေး ပိုမိုကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ သတင်းအဖွဲ့များ၊ စိုက်ပျိုးသူတောင်သူများ၊ ကုန်သည်များ၊ စက်ပိုင်ရှင်များစသည်ဖြင့် Supply Chain တစ်လျှောက်ပါဝင်ပတ်သက်သူအားလုံး ကဏ္ဍအလိုက်ပူးပေါင်းအဖြေရှာပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၂၀၂၀-၂၀၂၅ မူဘောင်သည် မြန်မာနိုင်ငံ၏  မိုက်ခရို၊အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းနှင့်ကမ္ဘာ့စီးပွား ရေးစျေးကွက်တွင် လက်ရှိတင်ပို့ရောင်းချနေသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးမည်ဖြစ်ကြောင်း သိရသည်။