သံမဏိစက်ရုံ (မြင်းခြံ) ဆက်လက်တည်ဆောက်ခြင်းမပြုနိုင်ရန် ၂၀၁၇ ခုနှစ်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သည့်အတွက် နိုင်ငံ့ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

သံမဏိစက်ရုံ (မြင်းခြံ) ဆက်လက်တည်ဆောက်ခြင်းမပြုနိုင်ရန် ၂၀၁၇ ခုနှစ်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သည့်အတွက် နိုင်ငံ့ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 25 January 2022

သံမဏိစက်ရုံ(မြင်းခြံ) ဆက်လက်တည်ဆောက်ခြင်းမပြုနိုင်ရန် ၂၀၁၇ ခုနှစ်တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခဲ့သည့်အတွက် နိုင်ငံ့ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၂၄ ရက်က မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိမိတို့အနေဖြင့် ပြည်တွင်းတွင်အသုံးအများဆုံးဖြစ်သည့် Deformed (သံချောင်းလုံး)များကို အဓိကလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းသံမဏိ လိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေး စီမံကိန်းများအား သတ်မှတ်ချိန်အတွင်း ပြီးမြောက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေးသုံးစွဲမှုနှင့်ပတ်သက်၍လည်း စနစ်တကျဖြင့် စိစစ်သုံးစွဲရန်လိုကြောင်း၊ စက်ရုံများတွင် အသုံးပြုသည့် ပစ္စည်းများရာသီဥတုကြောင့် ပျက်စီးမှုမဖြစ်စေရေး စနစ်တကျဖြင့်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သံမဏိစက်ရုံ (မြင်းခြံ)အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၉ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ၉၅ ဒသမ ၀၂ ရာခိုင်နှုန်း ရောက်ရှိပြီးဖြစ်သော်လည်း ဆက်လက်တည်ဆောက်မှု မပြုလုပ်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ်၌ လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုကြောင့် မိမိတို့နိုင်ငံအတွက် ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း၊ ယနေ့ချေးငွေများအတွက် အရင်း၊ အတိုးပေးဆပ်နေရကြောင်း၊ ရောက်ရှိပြီးဖြစ်သည့် စက်ရုံပစ္စည်း၊ စက်ပစ္စည်းများမှာ ပြင်ပတွင် ထားသိုရသဖြင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့ရာ ဝန်ကြီးဌာနအနေဖြင့် အကောင်းဆုံးပြန်လည်ထိန်းသိမ်းသွားရန်နှင့် မူလလည်ပတ်ပြီး ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် သံမဏိစက်ရုံ အမှတ် (၁)အား အမြန်ပြန်လည်ပတ်နိုင်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် အရေးကြီး လိုအပ်ချက်ပင်ဖြစ်ကြောင်း၊ စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် အိမ်ဆောက်လုပ်ရေး သံမဏိပစ္စည်းများမှာ များစွာလိုအပ်သဖြင့် နိုင်ငံတော်အစိုးရအနေဖြင့်သာမဟုတ်ဘဲ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ဆောင်ရွက်လိုပါကလည်း စည်းကမ်းများနှင့်အညီခွင့်ပြု၍ ပြည်တွင်းသံမဏိထုတ်လုပ်မှုလုပ်ငန်းကို အားပေးမြှင့်တင်ပေးရန်လိုကြောင်း၊ မြင်းခြံသံမဏိစက်ရုံအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးနှင့် ကုန်ကြမ်း၊ ကုန်ချောများသယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးတို့ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် လိုအပ်သည့်ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိများထုတ်လုပ်နိုင်ရေးကြိုးပမ်း ဆောင်ရွက်နိုင်ပါက ပြည်ပမှတင်သွင်းမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဒေသစက်မှုလုပ်ငန်းများဖြစ်ထွန်းလာမည် ဖြစ်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်သံနှင့်သံမဏိပစ္စည်း ဒေါ်လာ ၉၉၅ သန်း ခန့်တင်သွင်းခဲ့ရသဖြင့် ပြည်တွင်းသံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းကို မြှင့်တင်၍ ပြည်ပမှတင်သွင်းမှုများကို လျှော့ချသွားရန်လိုကြောင်း ၎င်းက ဆိုသည်။

 

 

 

 

 

Most Read

Most Recent