NCA နှင့် အခြေခံဥပဒေအပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက ငြိမ်းချမ်းရေးအတွက် လက်ခံဆွေးနွေးမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား

NCA နှင့် အခြေခံဥပဒေအပေါ်တွင်အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက ငြိမ်းချမ်းရေးအတွက် လက်ခံဆွေးနွေးမည်ဟု နစက ဥက္ကဋ္ဌ ပြောကြား
Published 20 January 2022

NCA နှင့် အခြေခံဥပဒေအပေါ်တွင် အခြေခံ၍ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက ငြိမ်းချမ်းရေးအတွက် လက်ခံဆွေးနွေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုကိုအခြေခံ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံးနှင့်ပတ်သက်၍ ဖက်ဒရယ်နိုင်ငံကြီးများ၌ ဒီမိုကရေစီနှင့်ဖက်ဒရယ်တွင် တူညီသည့်အခွင့်အရေးကိုသာ ပေးထားကြောင်း၊ တိုင်းရင်းသားအားလုံးတူညီသည့် အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်တည်း ဦးစားပေး၍မရနိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်တွင် အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ထိခိုက်မှုမရှိပါက လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

NLD အစိုးရလက်ထက်တွင် အခြေခံဥပဒေတွင်ပါဝင်သည့် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန် မိမိထံသို့ မကြာခဏလာရောက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ၂၀၁၁-၂၀၁၅ ကာလတွင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၅-၂၀၂၀ ကာလတွင်လည်း ခေတ်ကာလနှင့်ကိုက်ညီအောင် ပြင်ဆင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၀ ပြည့်နှစ်ခန့်မှစတင်၍ အခြေတည်ခဲ့ခြင်းဖြစ်သဖြင့် လတ်တလောအခြေအနေနှင့် ကိုက်ညီမှုမရှိနိုင်သည်များရှိသဖြင့် ပြင်ဆင်ရန်ရှိသည်များကို နားလည်သဘောပေါက်ကြောင်း၊ သို့သော်တို့တာဝန်အရေးသုံးပါးကို ထိပါးစေမည့်အချက်များအား လုံးဝထိခိုက်၍မရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်  နောက်ပိုင်းမှ ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့အစည်းများရှိကြောင်း၊ မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ အမြဲမပြတ်ဆောင်ရွက်လျက်ရှိပြီး လက်မှတ်ရေးထိုးထားခြင်းမရှိသောအဖွဲ့များနှင့်လည်း အလွတ်သဘော ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အဆိုပါအဖွဲ့များထဲတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ထဲတွင်ပါဝင်သည့် KIAနှင့် KNPP အဖွဲ့တို့သည် CDM ပြုလုပ်ခဲ့သည့်အဖွဲ့များကို ထောက်ပံ့ပေးပြီး ဖောက်ခွဲဖျက်ဆီးရေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်း၊ ၎င်းတို့ကိုယ်တိုင် အကြမ်းဖက်လုပ်ရပ်များတွင်ပါဝင်၍ လမ်းကြောင်းများ၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းလုပ်ရပ်များတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဦးရွှေကြိမ်း၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

Most Read

Most Recent