PTTEP က မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် M-9နှင့် M-3 တို့တွင် GSI Survey လုပ်ငန်းများ ဇန်နဝါရီ ၂၇ ရက်မှ မေ ၂၅ ရက်အထိ ဆောင်ရွက်မည်

PTTEP က မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် M-9နှင့် M-3 တို့တွင် GSI Survey လုပ်ငန်းများ ဇန်နဝါရီ ၂၇ ရက်မှ မေ ၂၅ ရက်အထိ ဆောင်ရွက်မည်
PTTEP သဘာဝဓာတ်ငွေ့စီမံကိန်း၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
PTTEP သဘာဝဓာတ်ငွေ့စီမံကိန်း၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
Published 20 January 2022

PTTEP က မြန်မာ့ကမ်းလွန်ရှိကမ်းလွန် လုပ်ကွက် M-9နှင့် M-3တို့တွင် Geophysical Site Investigation(GSI) Survey လုပ်ငန်းများကို  ဇန်နဝါရီ  ၂၇ ရက်မှ မေ ၂၅ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9နှင့် M-3 တို့တွင် Geophysical Site Investigation(GSI) Survey လုပ်ငန်းများအား Survey Vessel ‘MV.PTSC Researcher’ ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာတို့ကိုလည်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ကမ်းလွန်လုပ်ကွက် M-9နှင့် M3 တို့တွင် Geophysical Site Investigation(GSI) Survey လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အဆိုပါလုပ်ငန်းခွင်တည်နေရာများမှ လေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက်ထုတ်ပြန်ကြေညာထားသဖြင့် သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကမ်းလွန်လုပ်ကွက် M-9နှင့် M-3မှ ထွက်ရှိသောသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ကျိုက်လတ်ဒေသတွင် မဂ္ဂါဝပ် ၆၀၀  ဓာတ်အားပေးစက်ရုံစီမံကိန်းကို PTTEP က ဒေါ်လာ နှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၀ ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။

PTT ရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (PTTEP)သည် မြန်မာအစိုးရထံမှ စီမံကိန်းလုပ်ပိုင်ခွင့်ရရှိပြီးနောက် မြန်မာနိုင်ငံ၏ ပြည်တွင်းသဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းစီမံကိန်းလုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးအတွက် ပံ့ပိုးပေးရန်နှင့် ကုမ္ပဏီ၏ရည်မှန်းချက်အတိုင်း စီးပွားရေးလုပ်ငန်းအသစ်များ ရှာဖွေသွားရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်က အဆိုပါစီမံကိန်းအကောင်အထည်ဖော်ရန် Notice to Proceed ကို လက်မှတ်ခဲ့ကြသည်။

မုတ္တမပင်လယ်ကွေ့ရှိ မြန်မာ့ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ကွက်များဖြစ်သော M-3နှင့် ဇောတိက M-9 တို့မှထွက်ရှိသော ပြည်တွင်းသဘာဝဓာတ်ငွေ့တို့ကို အသုံးပြု၍ စီမံကိန်းအား ဆောင်ရွက်မည်ဖြစ်သဖြင့် ပြည်တွင်းသဘာဝဓာတ်ငွေ့အသုံးပြုမှု မြင့်မားလာစေပြီး နိုင်ငံတော်အတွက် စျေးနှုန်းသက်သာသည့် လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဟု သိရသည်။

PTTEP ၏ ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်းသည် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းစဉ်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းစဉ်အထိ ပါဝင်သော ပေါင်းစပ်စီမံကိန်းဖြစ်သည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာနှစ်ဘီလျံခန့်ရှိပြီး စီမံကိန်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့တွင် တည်ဆောက်မည့် မဂ္ဂါဝပ် ၆၀၀ ဓာတ်အားပေးစက်ရုံ၊ ကံပေါက်-ဒေါ်ငြိမ်း-ကျိုက်လတ်မြို့များသို့ ချိတ်ဆက်သွယ်တန်းမည့် ကမ်းလွန်နှင့်ကုန်းတွင်း ဓာတ်ငွေ့ပိုက်လိုင်းအသစ် (၃၈၀ ကီလိုမီတာခန့်)၊ ကျိုက်လတ်ဓာတ်အားပေးခွဲရုံမှ လှိုင်သာယာဓာတ်အားပေးခွဲရုံသို့ ချိတ်ဆက်မည့် Transmission Line များ ပါဝင်သည်။ PTTEP အနေဖြင့်လည်း ၂၀၂၂ ခုနှစ်တွင် အဆိုပါစီမံကိန်းအတွက် အပြီးသတ်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားသည်။

စီမံကိန်းမှထွက်ရှိလာမည့် ဓာတ်အားထုတ်လုပ်မှုပမာဏသည် လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်တပ်ဆင်အင်အားပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိမည်ဟု မျှော်မှန်းထားသည်။ အဆိုပါစီမံကိန်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများကို စီးပွားဖြစ်စတင်လည်ပတ်သည့်နေ့မှစ၍ နှစ် ၂၀ သက်တမ်းအပြင် ငါးနှစ်ထပ်မံသက်တမ်းတိုး၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းထံသို့ ရောင်းချသွားမည်ဖြစ်သည်။