KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို တာဝန်မှရပ်စဲပြီး ယာယီစစ်ဦးစီးချုပ်အဖြစ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောရှီးလေ့အား ခန့်အပ်

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို တာဝန်မှရပ်စဲပြီး ယာယီစစ်ဦးစီးချုပ်အဖြစ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောရှီးလေ့အား ခန့်အပ်
Published 19 January 2022

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNOD) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စော နယ်ဒါးမြကို တာဝန်မှ ရပ်စဲပြီး ယာယီစစ်ဦးစီးချုပ်အဖြစ် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောရှီးလေ့အား ခန့်အပ်ကြောင်း ကရင်အမျိုးသားအစည်အရုံး (KNU) ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်သည်။

ဝေါလေတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့်ပတ်သက်၍ အဓိကတာဝန်ရှိသူနှစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်စောနယ် ဒါးမြနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စောဘိုးဝါးကို တာဝန်မှ ယာယီရပ်ဆိုင်းထားရာမှ ဇန်နဝါရီ ၁၇ ရက်မှစ၍ တာဝန်မှ အပြီးရပ်ဆိုင်းလိုက်ကြောင်း KNU ကာကွယ်ရေးဌာန၏ ကရင်ဘာသာဖြင့် ကြေညာချက်တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဟုတ်မှန်ကြောင်းကို ပြည်တွင်းမီဒီယာအချို့အား ဖြေကြားထားသည်။

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြို့ ကနဲလေးကျေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်မှ အရပ်သား ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့ကြောင်း ၂၀၂၁ ခုနှစ် ဇွန် ၁၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

KNDO ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက  မေ ၃၁ ရက်မှ စတင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် အူးဟူချောင်းတံတားလုပ်ငန်းခွင်မှ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ခြောက်ဦးနှင့် ကလေး ၁၀ ဦး စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ဖမ်းဆီးထားသည့်အထဲမှ အမျိုးသမီးနှင့် ကလေးများအပါအဝင် ၂၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုးသား ၂၅ ဦးမှာသေဆုံးခဲ့ပြီး ယင်းရုပ်အလောင်းများကို တူးဖော်ရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) က စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်က ဗဟိုကော်မတီအစည်းအဝေးကျင်းပခဲ့ပြီး ဇူလိုင် ၈ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဗိုလ်စောဘာဝါးတို့ကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဆုံးဖြတ်ချက်အပေါ် လက်မခံနိုင်ကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ၂၀၂၁ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြသည် KNDO ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်သည့် KNU ဥက္ကဋ္ဌဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဒုတိယမြောက်သားလည်း ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent