အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ ယနေ့ လာရောက်မည်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ ယနေ့ လာရောက်မည်
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံနိုင်ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား လက်ခံတွေ့ဆုံစဉ်
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်က ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်တွင် ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံနိုင်ခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား လက်ခံတွေ့ဆုံစဉ်
Published 6 January 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်သည်  မြန်မာနိုင်ငံသို့ ယနေ့  (ဇန်နဝါရီ ၇ ရက်)တွင် လာရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ၎င်း၏ခရီးစဉ်နှင့်သက်ဆိုင်သော အကြောင်းအရာအချို့ကို ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၆ ရက်တွင် ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ၎င်းအနေဖြင့် ကြိုတင်သတ်မှတ်ချက်များကို ချထားခြင်းမရှိဟု ဟွန်ဆန်က ပြောကြားခဲ့သည်။ သို့ရာတွင် ယခုခရီးစဉ်မှာ၂၀၂၁ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌  ရရှိခဲ့သော ဘုံသဘောတူညီချက်ငါးရပ်နှင့် အလှမ်းမဝေးဟု ဟွန်ဆန်က ပြောကြားသည်။

ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ထွက်ခွာလာမည်ဖြစ်ပြီး ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်း၌ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သော်လည်း မြန်မာအရေးဆွေးနွေးမှုရလဒ်များ အကျိုးဖြစ်ထွန်းမည်ဆိုပါက အပြန်ခရီး နောက်ကျနိုင်သည်ဟုဆိုသည်။

၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်သက်ဆိုင်သော အကျိုးရလဒ်ကို စောလျင်စွာ ကောက်ချက်ချခြင်းမပြုကြရန် ဝန်ကြီးချုပ် ဟွန်ဆန်က တောင်းဆိုခဲ့သည်။ ရလဒ်များသည် အကျိုးဖြစ်ထွန်းမည်ဆိုပါက ယင်းသည် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖြစ်ထွန်းစေနိုင်ပြီး မြန်မာပြည်သူများအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက်အထိ မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ပြည်တွင်းစစ်အဆင့်မရောက်အောင် အဖွဲ့အားလုံးကို အတိုက်အခိုက်များရပ်ရန် ဦးစွာတောင်းဆိုကြောင်း၊  ထိုသို့တောင်းဆိုရခြင်းမှာ လူ့အသွေးအသားများအတွက် ဖြစ်ကြောင်း၊ လူများမသေကျေစေရန်နှင့် ဒဏ်ရာများ မရစေရန်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က VOA သတင်းဌာန သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ထို့ပြင်  လူသားချင်းစာနာမူဆိုင်ရာအကူအညီများ မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ဖြစ်သော်လည်း မဖြန့်ဖြူးနိုင်သေးကြောင်း၊ ထို့ကြောင့်နေရာတိုင်းအတွက် ခွဲခြားကန့်သတ်ချက်မရှိဘဲ ဖြန့်ဖြူးပေးနိုင်ရန် လမ်းကြောင်းရှာရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်က VOA သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့အခြေအနေက သာမန်ရိုးရှင်းတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် ပုံမှန်ထက်ကျော်ပြီးလုပ်ဖို့တွေ လိုလာတဲ့ အနေအထားပါ”  ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း VOA သတင်းဌာန ကဖော်ပြသည်။

ထို့အတူ ယခုခရီးစဉ်မတိုင်မီ မြန်မာနိုင်ငံရှိ ကမ္ဘောဒီးယားသံရုံးအနီး ဗုံးကွဲခဲ့မှုနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟွန်ဆန်က “အခုအကြမ်းဖက်မူတွေက အစိုးရဖက်က တင်လာတာမဟုတ်တော့ဘူး။ ကျွန်တော်တို့သံရုံးနားတဝိုက် ဗုံးထောင်ခဲ့တဲ့ ဥပဒေမဲ့လက်နက်ကိုင်သမားတွေဆီကပါ လာနေပြီ။ သံရုံးမှာကို အရင်လာထောင်တဲ့ဗုံးတစ်လုံးကိုတော့ ကြိုသိပြီးရှင်းနိုင်ခဲ့တယ်။ ဒါပေမဲ့အနားက ဗုံးနှစ်လုံးကတော့ ပေါက်သွားခဲ့တယ်” ဟုVOA သတင်းဌာနအား ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့် အကြမ်းဖက်မှုအားလုံးကို မဖြစ်မနေရပ်တန့်ရမည်ဖြစ်ကြောင်း ဟွန်ဆန်က ပြောကြားသည်။ ဝန်ကြီးချုပ်ဟွန်ဆန်အနေဖြင့် မြန်မာခရီးစဉ်ကို ပယ်ဖျက်ရန် ဇန်နဝါရီ ၆ ရက်တွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုခဲ့သည်။

 “ကူညီချင်တယ်ဆိုရင် ဟွန်ဆန်အနေနဲ့ ဒီခရီးကို ပယ်ဖျက်သင့်ပါတယ်။ ဓာတ်ပုံအရိုက်ခံတဲ့ ကိစ္စဆိုတာထက် မြန်မာနိုင်ငံရဲ့ ဆိုးရွားလွန်းနေတဲ့ လူ့အခွင့်အရေးအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြတ်ပြတ်သားသားလုပ်ဆောင်ရာမှာ အာဆီယံကိုဦးဆောင်သင့်ပါတယ်” ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဘုံသဘောတူညီချက်များကို လိုက်နာရေးနှင့် တပ်မတော်က ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံစေရန်၊ လူ့အခွင့်အရေး ကာကွယ်မှုကို ထပ်မံလုပ်ဆောင်ရေးအတွက် အာဆီယံက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်စေရန် ယခုနှစ်တွင်အလှည့်ကျ အာဆီယံဥက္ကဋ္ဌတာဝန်ကို ရယူထားသော ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က တောင်းဆိုခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်ဟု သတင်းများထွက် ပေါ်နေသော်လည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက တွေ့ဆုံရန်မရှိဟု VOA သတင်းဌာနကို ဖြေကြားထားသည်။